အသစ်များ > တင်းမာမှုတွေ မြင့်တက်လာတဲ့အခါ တင်းမာမှုရေချိန်ကို နိုင်ငံရေးအရ ဘယ်လိုလျှော့ချမလဲ
When Tensions Rise: How to De-escalate Politically
2026-01-06
တင်းမာမှုတွေ မြင့်တက်လာတဲ့အခါ တင်းမာမှုရေချိန်ကို နိုင်ငံရေးအရ ဘယ်လိုလျှော့ချမလဲ။
ပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ တင်းမာမှုရေချိန်တွေလည်း လိုက်ပါမြင့်တက်လာပြီး ပဋိပက္ခက ‘ပါဝင်တဲ့အစုအဖွဲ့အ ရေအတွက်၊ အသုံးပြုတဲ့ နည်းဗျူဟာတွေနဲ့ နည်းလမ်းတွေ၊ တောင်းဆိုမှုတွေရဲ့ သဘောသဘာဝ၊ ဦးတည်ရွေးချယ် ထားတဲ့ ပစ်မှတ်တွေ၊ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေဒေသအတွင်း နယ်မြေတိုးချဲ့မှုနဲ့ ပဋိပက္ခကာလ သက်တမ်း ရှည်ကြာမှု’ဆိုတဲ့ မျက်နှာစာ ခုနှစ်ခုအပေါ်မူတည်ပြီးတော့ ပိုမို ပြင်းထန်လာနိုင်ပါတယ်။[1] ပဋိပက္ခပိုမိုပြင်းထန်လာစေတဲ့ အ ကြောင်းရင်းကို သိမြင် နားလည်တာက သက်ဆိုင်ရာ ရေခံမြေခံ အခြေအနေကို ကွက်ကွက်ကွင်းကွင်း နားလည်သဘော ပေါက်စေပြီး အသင့်လျော်ဆုံးပုံစံနဲ့ တုန့်ပြန် ဖြေရှင်းနိုင်စေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်အောင် ခေါင်းဆောင်တွေကို အထောက်အကူ ပြုပေးပါလိမ့်မယ်။ ဒီမျက်နှာစာခုနှစ်ခုကို ခြေရာကောက်ပြီးတော့ ပါဝင်နေတဲ့ အစုအဖွဲ့အရေ အတွက်ကို လျှော့ချလိုက်တာ သို့မဟုတ် အသုံးပြုတဲ့ နည်းဗျူဟာတွေနဲ့ နည်းလမ်းစတာတွေရဲ့ ပြင်းထန်မှု အတိမ်အနက်ကို လျှော့ချလိုက်ခြင်းအားဖြင့် နိုင်ငံရေးအရ ပဋိပက္ခရေချိန်ကို လျော့ပါး သက်သာ သွားစေနိုင်ပါတယ်။
ပဋိပက္ခရေချိန် မြှင့်တင်တာနဲ့ လျှော့ချရတဲ့ လုပ်ငန်းစဉ်တွေကို တရားသေ သတ်မှတ်ထားလို့ မရပါဘူး။ မကြာခဏဆိုသလို ပဋိပက္ခဖြစ်တဲ့ ကာလအပိုင်းအခြား တစ်ခုပြီးသွားရင် ငြိမ်းချမ်းရေးက အလိုအလျောက် ထွက်ပေါ်လာလိမ့်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပဋိပက္ခကို အစဉ်အတိုင်း ဖြစ်ပွားနေတဲ့ လုပ်ငန်းစဉ်တွေလို မှတ်ယူတတ်ကြပါတယ်။[2] လက်တွေ့မြေပြင်မှာ ပဋိပက္ခဆိုတာ အစဉ်အတိုင်းသွားနေတာမဟုတ်ဘဲ ရှုပ်ထွေးပွေလီပြီး အတော်လည်း ကမောက်ကမ နိုင်ပါတယ်။ အ ပေါ်မှာ ဖော်ပြထားတဲ့ မျက်နှာစာခုနှစ်ခုက ပဋိပက္ခရေချိန်မြှင့်တင်တာနဲ့ လျှော့ချတဲ့ လုပ်ငန်းစဉ်တွေကို နားလည်သပေါက်လာအောင် အထောက်အကူပြုနိုင်တယ်ဆိုပေမယ့် ခေါင်းဆောင်တွေအနေနဲ့ သက်ဆိုင်ရာ ရေခံမြေခံ အခြေအနေတွေရဲ့ ရှုပ်ထွေးမှုအတိမ်အနက်ကို ထည့်သွင်းစဉ်းစားပြီးတော့ ပဋိပက္ခရေချိန် လျှော့ချမယ့် မဟာဗျူဟာတွေကို အလိုက်သင့် ကိုက်ညှိ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပဋိပက္ခက ပထဝီနယ်မြေဒေသတစ်ခုမှာ သို့မဟုတ် ပါဝင်တဲ့ ဇာတ်ကောင်အရေအတွက် တိုးပွားလာတဲ့အတွက် ပိုမို ပြင်းထန်လာတာဆိုရင် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးက ပဋိပက္ခရေချိန်ကို လျှော့ချပေးနိုင်တဲ့ မဟာဗျူဟာကောင်းတစ်ခု ဖြစ်လာ နိုင်ပါတယ်။
အပစ်အခတ် ရပ်စဲရေးက အမျှော်အမြင်ကြီးတဲ့ မဟာဗျူဟာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေနိုင်တယ်ဆိုပေမယ့် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးကြောင့် ပဋိပက္ခပိုမို ကျယ်ပြန့် ပြင်းထန်သွားတာမျိုးလည်း ဖြစ်လာနိုင်တဲ့အတွက် ရှုထောင့် ပေါင်းစုံကို ဂရုတစိုက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
အရင်ကလည်း အောင်အောင်မြင်မြင် စေ့စပ်ညှိနှိုင်းခဲ့ဖူးပြီး အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု တည်ဆောက်ထားပြီးသား အစုအဖွဲ့တွေအကြား စေ့စပ်ညှိနှိုင်းရတဲ့ ဒေသတွင်း အပစ်အခတ် ရပ်စဲရေးတွေကတော့ အောင်မြင်နိုင်ခြေ ပိုပြီး မြင့်မား နေတတ်ပါတယ်။ အရင်က စေ့စပ် ညှိနှိုင်းခဲ့ဖူးခြင်းမရှိတဲ့ အစုအဖွဲ့တွေကြားမှာ ယုံကြည်မှုနဲ့ အပြန်အလှန် စိတ်ချမှုရှိလာအောင် တည်ဆောက်ယူဖို့ အပစ်အခတ် ရပ်စဲရေးကို လှေကားထစ် တစ်ခုလိုလည်း အသုံးချနိုင်ပါတယ်။ အချိန်တစ်ခုအတွင်း တဖြည်းဖြည်းချင်း အကောင်အထည်ဖော်ဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းတွေဟာ အောင်မြင်နိုင်ခြေပိုများသလို အပြန်အလှန် ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှုကိုလည်း မြင့်မား တိုးတက် လာစေပါတယ်။ အပြန်အလှန် ပြောဆို ဆွေးနွေးမှုနဲ့ သဘောတူညီချက် ရေးဆွဲ ပြင်ဆင်မှုတွေကို စတင်ပြီး သတ်မှတ်နယ်မြေတွေမှာ ပစ်ခတ် တိုက်ခိုက်မှုတွေကို ယာယီ ရပ်နားထားတဲ့အချိန် အရပ်သားတွေကို ကာကွယ် စောင့်ရှောက်မှုပေးပြီး လက်နက်ကြီး အမျိုးအစား တစ်ချို့ကို ပိတ်ပင်တားမြစ်တဲ့ သို့မဟုတ် ဒေသတစ်ခုလုံးကို အကျိုးရှိစေမယ့် အခြား သဘောတူညီချက်တွေ ပါဝင်နေပြီး ဒီထက် ပိုကျယ်ပြန့်ပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရလာအောင် တဖြည်းဖြည်းချင်း တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ အပစ်အခတ်ရပ်စဲရေး အောင်မြင်မှုရှိလာရင် ပစ်ခတ်တိုက်ခိုက်တာတွေကို ယာယီရပ်နားထားတာက ပတ်ဝန်းကျင်နယ်မြေတွေမှာ အပြုသဘောဆောင်တဲ့ အမူအကျင့်တွေ ထွန်းကားလာအောင် တိုက်တွန်း အားပေးနိုင်တဲ့အတွက် ပတ်ဝန်းကျင် နယ်မြေတွေမှာလည်း တိုက်ပွဲတွေ တဖြည်းဖြည်း လျော့ကျလာနိုင်ပါ တယ်။[3]

ဝိရောဓိအနေနဲ့ ပဋိပက္ခဇာတ်ကောင်တွေက ပရိယာယ်များတဲ့ အကြံအစည်အမျိုးမျိုးနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ရွေးချယ် လာနိုင်ပါတယ်။ ဥပမာအားဖြင့် တစ်နေရာမှာ ယာယီအပစ်ရပ်ပြပြီး အဲဒီနယ်မြေက တပ်ရင်းတပ်ဖွဲ့တွေကို နောက်တစ်နေရာကို ပြန်သွားတိုက်ဖို့ ဆွဲထုတ်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ အလားတူပဲ အနာဂတ်မှာ ပြန်တိုက်ဖို့ လူသူလက်နက် စုဆောင်းနိုင်အောင် အပစ်အခတ်ရပ်စဲရေးကို အသုံးချသွားတာမျိုးလည်း ရှိလာနိုင်ပါတယ်။ ထိန်းချုပ်နယ်မြေတွေကို ပေါင်းစည်းဖို့နဲ့ ပဋိပက္ခမျဉ်းတွေ တန့်ရပ်နေစေဖို့ အပစ်အခတ် ရပ်စဲရေးကို အသုံးချနိုင်ခြင်းက အစိုးရ အုပ်ချုပ်ရေး ယန္တရားတွေ အားကောင်းလာအောင် တည်ဆောက်ဖို့နဲ့ နယ်ခံ လူထုလူတန်းစားတွေရဲ့ တရားဝင်လက်ခံ အသိအမှတ်ပြုမှု မြင့်တက်လာအောင် အလေးပေး အာရုံစိုက်လာနိုင်စေပါတယ်။ အနာဂတ် ငြိမ်းချမ်းရေးထက်စာရင် ထိန်း ချုပ်နယ်မြေတွေကို ပြန်လည်ပေါင်းစည်းရေးက အပစ်အခတ်ရပ်စဲရေး စေ့စပ် ညှိနှိုင်းဖို့တွန်းအားပေးတဲ့ အကြောင်းရင်းဖြစ်နေခဲ့မယ်ဆိုရင် ဒါက အပစ်အခတ်ရပ်စဲရေးရဲ့ အောင်မြင်မှုကို ချိနှဲ့အားနည်းသွားစေနိုင်ပါတယ်။[4]
နိုင်ငံရေးဇာတ်ခုံပေါ်မှာ မဟာဗျူဟာကျကျ နားထောင်ခြင်း
မဟာဗျူဟာကျကျ နားထောင်တယ်ဆိုတာက ဘယ်သူတွေရဲ့အသံထက် ဘယ်သူ့အသံက ပိုကျယ်နေသလဲ၊ ဘယ်အသံတွေကတော့ လုံးဝ တိတ်ဆိတ်နေသလဲဆိုတာကို အလေးပေး အာရုံစိုက်ခြင်း ဖြစ်ပါတယ်။ နားထောင်တယ်ဆိုတာ ကြားရရုံသက်သက် မဟုတ်ဘဲ တစ်ဖက်သား ပြောနေတဲ့ ဆိုလိုရင်းကို နားလည်အောင် ကိုယ့်ရဲ့ အဂတိအစွဲတွေကို ခွာချထားပြီး တိုးတက်ပွင့်လင်းတဲ့ စိတ်အခံနဲ့ အမှန်တကယ် နားထောင်တတ်လာအောင် များများ လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာကျကျ နားထောင်တယ်ဆိုတာ ကိုယ်ကြားလိုက်ရတဲ့ အသံ အမျိုးမျိုးကြားမှာ အာဏာချိန် ခွင်လျှာ မညီနေတာကို အသိအမှတ်ပြုပြီး တိတ်ဆိတ်နေတဲ့ အသံတွေကို ကြားလာရအောင် အားထပ်ထည့်ပြီး အလေးပေးအာရုံစိုက်ဖို့နဲ့ အဲဒီအသံတွေ ကျယ်လောင်လာအောင် ကြိုးပမ်းအားထုတ်တာကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ နားထောင်တဲ့အခါ ထည့်သွင်း စဉ်းစားဖို့လိုအပ်တဲ့ မျက်နှာစာတွေ အများကြီး ရှိနေပါတယ်။ ‘နိုင်ငံရေး သမားတွေနဲ့ လူထုတွေ အမှန်တကယ် နားထောင်ဖို့ ကြိုးစားတဲ့အခါ အသံတွေကို အတည်ပြုရာရောက်ပြီး လွှမ်းခြုံပါ ဝင်မှု အားကောင်းလာစေသလို ဆုံးဖြတ်ချက် ချမှတ်မှုအပေါ် အများတရားဝင် လက်ခံအသိအမှတ်ပြုမှုကိုလည်း မြင့်မား တိုးတက် လာစေပါတယ်။’[5] အခြားတစ်ဖက်မှာ နားထောင်ဖို့ ပျက်ကွက်ခြင်းတွေက အစွန်းနှစ်ဖက်ကွဲတာ၊သတင်း အချက်အလက် မှားယွင်းတာတွေအပြင် လူထုနဲ့အချိတ်အဆက် ပြတ်တောက်တာတွေကို ပိုမိုဆိုးရွား လာစေပါတယ်။’[6]

မဟာဗျူဟာကျကျ နားထောင်တဲ့အထဲမှာ ပြောနေတဲ့အသံတွေကို အလေးပေး အာရုံစိုက်တာအပြင် ကိုယ်နှုတ် အမူအရာနဲ့ အပြုအမူတွေကလည်း ကျယ်လောင်တဲ့ အသံတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ဘော့စ္စဝါးနားမှာရှိတဲ့ အင်ချိုအခွေးလူနည်းစုမျိုးနွယ်စုဟာ တစ်ခြား မျိုးနွယ်စုတစ်ခု ဝင်ရောက်လာပြီးနောက်ပိုင်း အခြေချနေရာ သို့မဟုတ် ကျေးရွာကနေထွက်ခွာပြီးတော့ သူတို့ကို ဘယ်သူမှ ပြဿနာမရှာတဲ့ နယ်မြေတွေဆီကို ရွှေ့ပြောင်း အခြေချဖို့ ရွေးချယ် ခဲ့ကြတယ်။ ဒီလိုရွှေ့ပြောင်းထွက်ခွာရတာက သူတို့ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ စိတ်ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောပြနေပါတယ်။[7]
နိုင်ငံရေးသမားတွေက သူတို့ပြောတာကို နားထောင်ပေးတယ်လို့ လူထုတွေ ခံစားရတဲ့အခါ ယုံကြည်မှု ပိုရှိလာစေတဲ့အတွက် နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် အများလက်ခံ အသိအမှတ်ပြုမှု ရှိလာစေပါတယ်။ အမှန်တကယ် နားထောင်တတ်ဖို့အတွက် ပြောဆိုနေတဲ့သူအပေါ် စာနာစိတ်အပြည့်နဲ့ မေတ္တာပြတတ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မဟာဗျူဟာကျကျ နားထောင်တဲ့နေရာမှာ လူနည်းစုတွေရဲ့ အသံတွေကို အခြားသူတွေ ဘယ်လို အနက်ဖွင့် တတ်ကြသလဲဆိုတာကို နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အဂတိအစွဲတွေကို ခွာချထားပြီး နားထောင်တတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကမ္ဘာ့လူသားချင်း စာနာထောက်ထားရေး ညီလာခံ(WHS)မှာ လက်တွေ့ဖြစ်ပျက်သွားခဲ့တဲ့ သာဓကတစ်ခု ရှိပါတယ်။ ညီလာခံမှာ ကမ္ဘာ့တောင်ပိုင်းဒေသက လူတွေကိုပါ တက်ရောက် စကားပြောဖို့ ဖိတ်ကြားထားပေမယ့် ဆုံးဖြတ်ချက်ချမှတ်သူတွေ မဖြစ်မနေ နားထောင်ပေးရမယ့် တာဝန်ဝတ္တရား ရှိတယ်ဆိုတဲ့ သဘောမျိုး မသတ်မှတ်ထားပါဘူး။ ရလဒ်အနေနဲ့ အလှူရှင်တွေနဲ့ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းကြီးတွေအကြားမှာ ဒေသမှု ပြုဖို့ လိုအပ်တယ်ဆိုတဲ့ တောင်းဆိုချက်ကို လက်သင့်ခံတဲ့ ပြုပြင်ပြောင်းလဲရေး သဘောတူညီချက်တစ်ခု ထွက်ပေါ်လာခဲ့ ပေမယ့် ဒီထဲမှာ ဒေသမှုပြုရေးကို စည်းရုံးအရေးဆိုခဲ့ကြတဲ့ ကမ္ဘာ့တောင်ပိုင်းက တက်ရောက် စကားပြောခဲ့သူတွေ ပါဝင်မှုမရှိခဲ့ပါဘူး။[8] နားထောင်ဖို့ ပျက်ကွက်တာက ရေးဆွဲပြင်ဆင်ချိန်မှာ ဒေသမှုပြုရေး အခြေခံမူတွေကို ကျင့်သုံးခြင်းမရှိဘဲ ကိုယ်တိုင်ချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်ကို ဝိရောဓိဖြစ်စေတဲ့ ပြုပြင် ပြောင်းလဲရေး သဘောတူညီချက်ဆီကို ဦးတည် သွားစေခဲ့တယ်။
ပြည်တွင်းနဲ့ ဒေသတွင်း နိုင်ငံရေး အခင်းအကျင်းမှာလည်း အလားတူ အရွေ့မျိုးတွေ ဖြစ်ပွားလာနိုင်ပါတယ်။ သူတို့ရဲ့အ သံတွေကို အခြား နိုင်ငံရေးသမားတွေ သို့မဟုတ် လူထုလူတန်းစားတွေ ကြားသိမှုရှိအောင် တန်းတူလုပ်ပိုင်ခွင့် မရှိခဲ့ဘဲ လွှတ်တော်ထဲကို လူနည်းစုအသံ အနည်းအကျဉ်းရောက်လာရုံနဲ့ စစ်မှန်တဲ့ နိုင်ငံရေး တန်းတူညီမျှမှု ရရှိလာနိုင်မှာမဟုတ်ပါဘူး။ မဟာဗျူဟာမြောက် နားထောင်မှု စွမ်းရည်ကို လွှတ်တော်ထဲမှာရော အောက်ခြေ မြေပြင်က လူထုလူတန်းစားတွေ ပြောဆိုနေကြတဲ့အချိန်မှာပါ အသုံးချဖို့ အရေးကြီးပါတယ်။
လူတွေထက် အကြောင်းအရာတွေကို ပြန်ပြောင်းဘောင်သွင်းပုံဖော်ခြင်း
နိုင်ငံရေးကိစ္စတွေကို အမြဲတမ်းလိုလို သတ်မှတ် မူဘောင်တွေ အောက်ကနေ တင်ပြလေ့ရှိပါတယ်။ ဥပမာအားဖြင့် စစ်ဘောင်ချဲ့တာကို သက်ဆိုင်ရာ ဒေသနေလူထုတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အကာအကွယ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု သို့မဟုတ် အသက် ကယ်တာထက် အကြမ်းဖက်မှုနဲ့ အသက် သေကျေပျက်စီးမှုတွေကိုသာ တိုးပွားလာစေတဲ့ မတန်တ ဆကုန်ကျမှု အဖြစ် ဘောင်သွင်း ပုံဖော်နိုင်ပါတယ်။ နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်လာတဲ့အခါတိုင်း နိုင်ငံရေးသမားတွေဆီမှာ ဒီအရေးအရာကို ဘယ်လို ဘောင်သွင်းပုံဖော်ရမလဲဆိုတဲ့ ရွေးချယ်စရာ အမြဲ ရှိနေတတ်ပါတယ်။ နိုင်ငံရေးသမား တွေရဲ့ အရေးအရာတွေကို ဘောင်သွင်းပုံဖော်တဲ့ပုံစံက လူထုရဲ့ အမြင်သဘောထားအပေါ် အများကြီးသက်ရောက် လွှမ်းမိုးမှု ရှိနေတတ်ပါတယ်။[9] လူတွေကို ဘောင်သွားသွင်းတာက အကြမ်းဖက်မှုဆီကိုပဲ ဦးတည်သွားစေမှာဖြစ်သလို တကယ့် ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်စေမယ့် ဖြေရှင်းချက်တွေဆီကနေလည်း အာရုံ လွဲသွားစေပါလိမ့်မယ်။ အကြောင်းအရာတွေကို ဘောင်သွင်းပုံဖော်ခြင်းက ကိုယ့်ရဲ့ စံတန်ဖိုးတွေနဲ့ ရေရှည် ရည်မှန်းချက်တွေကို ထင်ဟပ်မီးမောင်း ထိုးပြတဲ့ နည်းလမ်းမျိုးနဲ့ ကိုယ့်ရဲ့မူဝါဒတွေနဲ့ အစီအမံတွေကို မဟာဗျူဟာကျကျ ချပြလာနိုင်အောင် နိုင်ငံရေးသမားတွေကို အထောက်အကူ ပေးပါတယ်။
ဘောင်သွင်း ပုံဖော်တဲ့နေရာမှာ သူများကို တရားခံရှာတာနဲ့ တစ်ခြားအစုအဖွဲ့တစ်ခုကို ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တယ်ဆိုပြီး ခေါင်းပုံချတာတွေက လူတွေကို ဘောင်သွင်းတာဖြစ်တဲ့အတွက် အရမ်း အန္တရာယ်များတဲ့ ချဉ်းကပ်မှု ပုံစံဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီအစိုးရက ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသူတွေနဲ့ စီးပွားရေး ပြဿနာတွေအားလုံးရဲ့ မူလဇစ်မြစ်က ဂျူးတွေဖြစ်တယ်ဆိုပြီး ဘောင်သွင်း ပုံဖျက်ခဲ့ပါတယ်။[10] ဒီလိုဘောင်သွင်းပုံဖျက်မှုတွေက နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း မရှိတာတွေက ရွှေ့ပြောင်း အခြေချသူတွေကြောင့် ဖြစ်တယ်ဆိုပြီး လက် ယာယိမ်း နိုင်ငံရေးသမားတွေ ပုံဖော်လေ့ရှိတဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံအချို့မှာလည်း ရှိနေကြပါတယ်။ နိုင်ငံရေးသမားတွေက ရွှေ့ပြောင်း အလုပ်သမားတွေက “ဌာနေ တိုင်းရင်းသားတွေရဲ့ အလုပ်တွေကို လုယူနေကြတယ်” သို့မဟုတ် ရွှေ့ပြောင်း အလုပ်သမားတွေက “အခွန်ငွေတွေအပေါ် မှီခိုရှင်သန်နေကြတဲ့ လူပျင်းတွေ”ဆိုပြီး ပြောဆို ပုံဖျက် နေကြပါတယ်။ လူတွေကို ဒီလိုပြောဆိုပုံဖျက်တာက အခြားတစ်ဖက်က အစုအဖွဲ့တွေကို အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေ သာ ပိုများလာစေပြီး အလုပ်အကိုင် မလုံလောက်တာ သို့မဟုတ် လူမှုဖူလုံရေး စနစ်မှာ ချွတ်ယွင်းချက် ရှိနေတာတွေလို တကယ့်လက်ထဲက ပြဿနာတွေကို အာရုံစိုက် ဖြေရှင်းဖို့ အာရုံထွေပြား သွားစေပါတယ်။
နိုင်ငံရေးသမားတွေက လူတွေကို ဘောင်သွင်းပုံဖျက်ပြီး တရားခံ ရှာနေမယ်ဆိုရင် ဒါကသူတို့လက်ထဲမှာ ရှိနေတဲ့ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ အလေးပေး အာရုံစိုက်ခြင်း မရှိဘူးဆိုတာကို ညွှန်ပြနေတာ ဖြစ်ပြီး လူထု အကျိုးစီးပွားကို အကောင်းဆုံး အလုပ်အကျွေးပြုနေတာ မဟုတ်တော့ပါဘူး။ အဲဒီအစား နိုင်ငံရေးသမားတွေအနေနဲ့ ကိုယ့်အတွက် အရေးပါတဲ့ စံတန်ဖိုးတွေနဲ့အညီ အကြောင်းအရာတွေကို ဘောင်သွင်း ပုံဖော်နိုင်အောင် အလေးပေးကြိုးစားသင့်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းအရာတွေကို ဘောင်သွင်း ပုံဖော်တဲ့ပုံစံက ဘယ်နိုင်ငံရေး အကြောင်းအရာကို အဓိကတည်ပြီး စကားပြောမလဲဆိုတာကို ရွေးချယ် ဆုံးဖြတ်တဲ့နေရာမှာ အများကြီး လွှမ်းမိုးမှုရှိစေပါတယ်။[11] နိုင်ငံရေး ပါတီအတွက် ကျန်းမာရေးနဲ့ ပညာရေးက အရေးကြီးတဲ့ ရည်မှန်းချက် ဖြစ်နေမယ်ဆိုရင် ပိုကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ပညာရေးဖြစ်လာအောင် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ အခွန်ဘဏ္ဍာ တိုးမြှင့်ရရှိလာအောင် မဟာဗျူဟာကျကျ ပြန်ပြောင်းပုံဖော်နိုင်ပါတယ်။
ဘောင်သွင်း ပုံဖော်မှုတိုင်းကို လူတွေက အမြဲတမ်းလိုလိုတော့ လက်ခံ သဘောတူကြမှာ မဟုတ်ပါဘူး။ ဘောင်သွင်းပုံဖော်မှုကို လက်သင့် ခံနိုင်ခြေ ရှိမရှိဆိုတာကို သိရှိနိုင်စေတဲ့ ညွှန်းကိန်းအနေနဲ့ သူတို့အမြင်နဲ့ ဘယ်လောက် အံဝင်ခွင်ကျ ရှိပြီး ထပ်တူ ညီနေသလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။[12] အံဝင်ခွင်ကျရှိပြီး ထပ်တူကျမှု ရှိရမယ်ဆိုတာက သူတို့ရဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေနဲ့ ထပ်တူကျ ထင်ဟပ်နေပြီး လူ့အဖွဲ့အစည်းအတွင်း လက်သင့်ခံထားပြီးသား ယုံကြည်မှုတွေ သဘောတရားတွေနဲ့ အံဝင်ခွင်ကျရှိဖို့ လိုအပ်တယ်ဆိုတာကို ရည်ညွှန်း ပြောဆိုနေခြင်း ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ကျန်းမာရေး/ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အခွန်ဘဏ္ဍာ တိုးမြှင့် ချထားပေးဖို့ အောင်အောင်မြင်မြင် ပြန်ပြောင်း ပုံဖော်နိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ပညာရေးက အရေးကြီးတယ်ဆိုတဲ့ ရှိရင်းစွဲ လက်ခံယုံကြည်မှု ကြိုရှိနေဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးသမားရဲ့ ရည်မှန်းချက်နဲ့ လူထုရဲ့ ရှိရင်းစွဲလက်ခံ ယုံကြည်မှုအကြား အရမ်းကွာဟနေခဲ့မယ်ဆိုရင် ဘောင်သွင်း ပုံဖော်ရာမှာ လူထုက အရေးကြီးတယ်လို့ လက်ခံ ယုံကြည်ထားတဲ့ အကြောင်းအရာတွေ ကဏ္ဍတွေနဲ့ပတ်သက်တဲ့ မျက်နှာစာတွေကို တိုးချဲ့ ပေါင်းစပ်ဖို့ လိုအပ်လာနိုင်ပါတယ်။
ဒီမိုကရေစီ ထိရှကွဲကြေလွယ်တဲ့ အခြေအနေတစ်ခုမှာ စေ့စပ်ညှိနှိုင်းခြင်း
ဒီမိုကရေစီ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ အခြေအနေမျိုးမှာ စေ့စပ် ညှိနှိုင်းတဲ့အခါ စေ့စပ်ညှိနှိုင်းမှုကြောင့် ပေါ်ပေါက်လာနိုင်တဲ့ အရဲစွန့်ရမှု အန္တရာယ်တွေ၊ စေ့စပ်ညှိနှိုင်းရတဲ့ တစ်ဖက်ပါတီရဲ့ စေ့ဆော်မှု အကြောင်းရင်းတွေနဲ့ ဘေးကင်းလုံခြုံ ရေးတွေကို အလေးအနက်ထားပြီး ထပ်လောင်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
အောက်က အချက်တွေနဲ့ စဉ်းစားစရာတွေက စေ့စပ် ညှိနှိုင်းမှု အောင်မြင်စေမယ့် အလားအလာကောင်းတွေ မြင့်တက်လာအောင် အထောက်အကူ ပြုနိုင်ပါတယ်။[13]
- ပါဝင်နေတဲ့ အစုအဖွဲ့တွေနဲ့ ဖြစ်နိုင်ခြေ အလားအလာတွေကို ဆွေးနွေး ဖော်ထုတ်ဖို့ အလွတ်သဘော စေ့စပ်ညှိနှိုင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပြု လုပ်တာက တရားဝင်စေ့စပ်ညှိနှိုင်းမှုအတွက် အခြေခံ အုတ်မြစ်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
- စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နေကြတဲ့ အဓိကအင်အားစုတွေအကြား အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ရပ်နားထားတာ သို့မဟုတ် တရားဝင် အပစ်အခတ်ရပ်စဲရေးအားဖြင့် အကြမ်းဖက်မှုတွေကို လျှော့ချ နိုင်စေပါတယ်။
- စားပွဲမှာ ထိုင်နေကြတဲ့ အဓိက ဇာတ်ကောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေမယ်ဆိုရင် အားလုံးလွှမ်းခြုံပါဝင်တဲ့ စေ့စပ် ညှိနှိုင်းရေး လုပ်ငန်းစဉ် တစ်ခုဖြစ်ဖို့ လူတိုင်း ဆွေးနွေးပွဲမှာ ဝင်ထိုင်နေစရာ မလိုပါဘူး။ ဥပမာအားဖြင့် အရပ်ဖက် လူ့အဖွဲ့အစည်းတွေအနေနဲ့ စားပွဲပေါ်က နိုင်ငံရေး ပါတီတစ်ခုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ကောင်းကောင်း ထူထောင် ထားနိုင်မယ်ဆိုရင် တရားဝင် စေ့စပ် ညှိနှိုင်းတဲ့လုပ်ငန်းစဉ်မှာ ဝင်ဆွေးနွေးလို့ မရပေမယ့် သူတို့ရဲ့ အကျိုးစီးပွားတွေ ကိုယ်စားပြုမှု ရှိနေမှာပါ။
စေ့စပ် ညှိနှိုင်းမှုတွေဆိုတာ စစ်ပွဲရဲ့ ကုန်ကျစရိတ်တွေက စေ့စပ် ညှိနှိုင်းရတဲ့ ကုန်ကျစရိတ်တွေထက် ကြီးမြင့်နေတဲ့အခါ သို့မဟုတ် စစ်ဖြစ်နေကြတဲ့ အင်အားစုနှစ်ခုက နှစ်ဖက်စလုံးကို အထိနာစေတဲ့ စစ်ရေးအရ တစ်ဆို့မှု အခြေအနေမျိုး ကြုံတွေ့ လာရတဲ့အခါမျိုးမှာ ပေါ်ပေါက်လာ တတ်ပါတယ်။[14] နှစ်ဖက်စလုံးကို အထိနာစေတဲ့ စစ်ရေး တစ်ဆို့မှုတွေက “လက်သင့်ခံနိုင်တဲ့ ကုန်ကျစရိတ်အတွင်း ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင် ပြည့်မှီလာစေဖို့ လက်တွေ့ကျကျ သို့မဟုတ် အောင်အောင်မြင်မြင် ပဋိပက္ခ အရှိန်တင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လက်ခံ ယုံကြည်လာတဲ့အခါမျိုးမှာ” ဖြစ်ပွား လာတတ်ပါတယ်။[15] ဆက်တိုက်နေတာက ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာစေပြီး အကျိုးအမြတ် ဖြစ်ထွန်းနိုင်တဲ့ အလားအလာမျိုး ကင်းမဲ့နေတဲ့ တစ်ဆို့မှုတွေကို ကြုံတွေ့လာရတဲ့အခါမှာ စစ်ဖြစ်နေတဲ့ အင်အားစုတွေက စေ့စပ်ညှိနှိုင်းဖို့ ရွေးချယ် နိုင်ခြေ ပိုများလာပါတယ်။ ပါဝင်နေတဲ့ အင်အားစုတွေက စေ့စပ်ညှိနှိုင်းရတဲ့ ကုန်ကျစရိတ်တွေက စစ်စရိတ်ထက် အများကြီး ပိုနည်းနေတဲ့အခါမှာ စေ့စပ် ညှိနှိုင်းဖို့ လိုလိုလားလား လက်ခံလာတတ်ပါတယ်။
စေ့စပ်ညှိနှိုင်းတဲ့ လုပ်ငန်းစဉ်ထဲ ပါဝင်လိုက်ခြင်းအားဖြင့် ကိုယ်ဖက်က ရင်းလိုက်ရမယ့် အရာတွေလို့ထင်တဲ့ သာဓကတွေထဲမှာ အတွင်း သို့မဟုတ် အပြင် ထောက်ခံမှု ဆုံးရှုံးသွားမှာ စိုးရိမ်ပူပန်မှု၊ တစ်ဖက် အင်အားစုကို အများလက်ခံ အသိအမှတ်ပြုမှု ပေးလိုက်ရနိုင်တဲ့ အရဲစွန့်ရမှု အန္တရာယ်နဲ့ တစ်ဖက်အဖွဲ့က ယုံကြည် စိတ်ချရပါ့မလားဆိုတဲ့ ကိစ္စရပ်တွေလည်း ပါဝင်နေပါတယ်။[16] ပဋိပက္ခ အလှည့်အပြောင်းတွေရှိနေပြီး ဒီမိုကရေစီ ကျိုးကြေလွယ်တဲ့ အခြေအနေတစ်ခုမှာ စေ့စပ် ညှိနှိုင်းရတဲ့အခါ နောက်ထပ် အရဲစွန့်ရမှု အန္တရာယ်တွေနဲ့အတူ ဒွန်တွဲ လိုက်ပါလာမယ့် ရှုပ်ထွေးမှုတွေလည်း ရှိနေတတ်ပါတယ်။ စေ့စပ်ညှိနှိုင်းဖို့ စတင်လိုက်တာ သို့မဟုတ် သတင်းထွက်သွားတာနဲ့တင် ပါဝင်နေကြတဲ့ အင်အားစု တွေကို ပစ်မှတ် ဖြစ်သွားစေနိုင်ပြီး လုံခြုံရေးဆိုင်ရာ အရဲစွန့်ရမှုအန္တရာယ်တွေကို မြင့်တက် သွားစေနိုင်ပါတယ်။
တစ်ချိန်ထဲမှာ ပဋိပက္ခ ဇာတ်ကောင်တွေအနေနဲ့ တစ်ဖက် အတိုက်အခံ အင်အားစုက သူတို့တောင်းဆိုလိုက်တဲ့ အပစ်အခတ် ရပ်စဲရေးအပေါ် အလေးအနက် ထားပါ့မလား သို့တည်းမဟုတ် သူတို့ရဲ့ ရည်ရွယ်ချက်က သံသယ ရှိစရာကောင်းနေသလား ဆိုတာတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။ ရိုးသားမှု မရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ စေ့စပ်ညှိနှိုင်းတာက တစ်ဖက် အင်အားစုဆီက သတင်းထောက်လှမ်းဖို့၊ အချိန်ဆွဲဖို့ သို့မဟုတ် စေ့စပ် ညှိနှိုင်းမှုတွေမှာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကိုယ့်ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ အများလက်ခံ အသိအမှတ်ပြုမှု မြင့်မားတ တိုးတက်လာစေမယ့် ကိုယ်ကျိုးစီးပွား ရရှိချင်လို့ ဖြစ်ပါတယ်။ ခြေခြေမြစ်မြစ်ရှိတဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာဆိုရင် နှစ်ဖက်အင်အားစုက မူဝါဒရေးရာနယ်ပယ် အများအပြားအပေါ် အနှစ်သာရ ပြည့်ဝစွာ အပြန်အလှန် ဆွေးနွေးကြဖို့ စိတ်ရင်းဆန္ဒရှိကြောင်းပြသပြီး သဘောတူညီ ချက်တွေ ချက်ခြင်း မရလာရင်တောင်မှ ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ သူတို့ဖက်က အလေးအနက်ထားပြီး ကြိုးပမ်း ဆောင်ရွက် နေပါတယ်ဆိုတာကို သက်သေ ပြတတ်ကြပါတယ်။ ခြေခြေမြစ်မြစ်ရှိတဲ့ စေ့စပ်ညှိနှိုင်းမှုကို စိတ်ရင်းစေတနာမှန်တဲ့ လုပ်ရပ်တွေနဲ့ သက်သေ ပြရတာဖြစ်ပါတယ်။[17]
ပဋိပက္ခဖြစ်နေတဲ့ စစ်စခန်းတွေကနေ မဟာမိတ်တည်ဆောက်ခြင်း
ပြည်တွင်းစစ်မှာ မဟာမိတ်တွေက အင်အားကြီးတဲ့ တပ်ပေါင်းစုတွေ ဖြစ်ကြပါတယ်။ ပဋိပက္ခ ဇာတ်ကောင်တွေဟာ သူတို့ရဲ့ အာဏာ ချိန်ခွင်လျှာ ညီတဲ့အခါနဲ့ သူတို့ရဲ့မဟာမိတ် တပ်ပေါင်းစုတွေ စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ရလဒ်ကောင်းတွေရှိလာတဲ့အခါ သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ညှိနှိုင်းပြီး မဟာမိတ် ဖွဲ့တတ်ကြပါတယ်။[18] ပဋိပက္ခ ဇာတ်ကောင်တွေအကြား အနာဂတ်အတွက် တူညီတဲ့ နိုင်ငံရေး ယုံကြည်ချက်တွေ ရှိလာတဲ့အခါ အချို့ နယ်ပယ်တွေမှာ အတိုက်အခံ ဖြစ်နေကြရင်တောင်မှ မဟာမိတ် ထူထောင်နိုင်တဲ့ အခွင့်အလမ်းတွေ မြင့်တက်လာပါတယ်။
အောင်မြင်တဲ့ မဟာမိတ်စုဖွဲ့မှုတွေဖြစ်ဖို့ အကြောင်းတရား အများအပြား ပြည့်စုံနေဖို့ လိုအပ်ပြီး ပဋိပက္ခ ဇာတ်ကောင်တိုင်း တစ်ယောက်နဲ့တစ်ယောက် မဟာမိတ်အဖြစ် စုဖွဲ့ကြဖို့ ဆန္ဒရှိကြတာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်အတွင်းမှာ မဟာမိတ်စုဖွဲ့မှုတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေက ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက် လာနိုင်ပါတယ်။ ပဋိပက္ခ ဇာတ်ကောင်တွေ အနေနဲ့ နယ်ပယ် ကဏ္ဍတစ်ခုထဲမှာပဲ ပူးပေါင်း ဆောင်ရွက်ကြဖို့ ရွေးချယ်နိုင်သလို တရားဝင် မဟာမိတ်တွေအဖြစ် စုဖွဲ့ကြ ဖို့လည်း ရွေးချယ် လာနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုပြီးများပြား လာစေပါတယ်။
အင်အားစုတွေအကြား အာဏာချိန်ခွင်လျှာ အတိမ်အနက်ချင်း ကွာခြားမှု နည်းလာတဲ့အခါ မဟာမိတ်စုဖွဲ့လိုက်ရင် ပိုအင်အားကြီးတဲ့ဖက်က ကြီးစိုး လွှမ်းမိုးသွားမလားဆိုတာကို သိပ်ပြီး စိုးရိမ်စရာ မလိုတော့တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိဖို့ ပိုပြီး လွယ်ကူလာစေပါတယ်။ စစ်ရေးအရ စုပေါင်း ညှိနှိုင်းဆောင်ရွက်မှုတွေက မဟာမိတ်စုဖွဲ့မှုထဲ ပါဝင်နေကြသူတွေရဲ့ စုပေါင်း စစ်ရေးအင်အားက စစ်ရေး စံတန်ဖိုးအသစ်တွေကို ဖန်တီးပေးတဲ့ပုံစံနဲ့ ဥပမာအားဖြင့် တစ်ဖွဲ့ဆီမှာ အဆင့်မြင့် နည်းပညာတွေရှိနေပြီး တစ်ခြားအဖွဲ့ဆီမှာ ပျောက်ကြား နည်းဗျူဟာတွေ အားကောင်းနေပြီး အပြန်အလှန် ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်လာတဲ့အခါ အားကောင်း လာတတ်ပါတယ်။ အလားတူပဲ အရင်းအမြစ်တွေ ပိုပြီး လက်လှမ်း မီနိုင်သလို မတူကွဲပြားတဲ့ နယ်မြေ ဒေသတွေကို ထိန်းချုပ်ထားကြတဲ့အတွက် မဟာမိတ်စုဖွဲ့မှုထဲ မတူ ကွဲပြားတဲ့ တိုင်းရင်းသားအင်အားစုတွေ ပါဝင်လာတဲ့အခါမျိုးမှာလည်း စုပေါင်း ညှိနှိုင်းဆောင်ရွက်မှု ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်ခြေ မြင့်မားလေ့ရှိပါတယ်။[19] မတူကွဲပြားတဲ့ အင်အားစုတွေအကြား စုပေါင်း ညှိနှိုင်းတတ်တဲ့ ပေါင်းစည်းဆောင်ရွက်မှုတွေ အားကောင်းလာလေလေ မဟာမိတ်အဖြစ် စုဖွဲ့ဆောင်ရွက်လာနိုင်ခြေ မြင့်မားလေလေဖြစ်ပါ တယ်။
တူညီတဲ့ နိုင်ငံရေး ယုံကြည်ချက်မျိုးရှိတာက ရေရှည် အောင်မြင်တဲ့ မဟာမိတ်စုဖွဲ့မှု ဖြစ်လာမယ့် အလားအလာတွေကို မြင့်တက် လာစေပါတယ်။[20] ယုတ္တိကျကျပြောရမယ်ဆိုရင်လည်း အနာဂတ်အတွက် ဆင်ဆင်တူတဲ့ အမြင်တွေနဲ့ နိုင်ငံရေး ခံယူချက်တွေရှိတာက အနာဂတ်တစ်ခုထဲဆီကို အတူတကွ ဆက်လက် လှော်ခတ်သွားနိုင်စေတဲ့အတွက် သူတို့ရဲ့ မဟာမိတ်စုဖွဲ့မှုကို ပိုပြီး အောင်မြင် လာစေပါလိမ့်မယ်။ သို့သော်လည်း ဒါက အနာဂတ်ကို ရှုမြင်ပုံချင်း မတူညီကြတဲ့ အတိုက်အခံ အင်အားစုတွေအကြား ယာယီ ရေတိုမဟာမိတ်စုဖွဲ့မှုတွေ အလုပ်မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ နှစ်ဖက် အင်အားစုတွေဆီမှာ တူညီတဲ့ ရေတိုရည်မှန်းချက်တစ်ခုရှိရင် သို့မဟုတ် ကိုယ်စီ ရည်မှန်းချက်ပန်းတိုင်တွေကို မဟာမိတ်စုဖွဲ့မှုကနေ ရရှိနိုင်တယ်ဆိုရင် ဒါကအောင်မြင်တဲ့ မဟာမိတ်စုဖွဲ့မှု ပြုလုပ်ဖို့ လုံလောက်နေပါပြီ။ အတိုက်အခံ အင်အားစုတွေအကြား မဟာမိတ်စုဖွဲ့မှု ပြုလုပ်ပြီးမှ တစ်ဦးချင်း သို့မဟုတ် နှစ်ဖက်လက်ခံထားတဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုတာနဲ့ အသီးသီးရဲ့ ရည်မှန်းချက်တွေ ပြည့်မှီလာအောင် အချင်းအချင်း အပြန်အလှန် ဘယ်လိုကူညီကြ မလဲဆိုတာကို အဖြေရှာရမှာ ဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့ မဟာမိတ်စုဖွဲ့မှုတွေက စစ်ပွဲရဲ့ရလဒ်တွေကို ပြောင်းလဲသွားစေနိုင်သလို ပါဝင်တဲ့ အင်အားးစုတွေကို ကောင်းကောင်းအကျိုးပြုပါလိမ့်မယ်။[21]
[1] Díaz Pabón, F. A., & Duyvesteyn, I. (2023). Civil wars: Escalation and de-escalation. Civil Wars, 25(2–3), 229–248.
[2] Díaz Pabón, F. A., & Duyvesteyn, I. (2023). Civil wars: Escalation and de-escalation. Civil Wars, 25(2–3), 229–248.
[3] Lundgren, M., Svensson, I., & Karakus, D. C. (2023). Local ceasefires and de-escalation: Evidence from the Syrian civil war. Journal of Conflict Resolution, 67(7–8), 1350–1375.
[4] Lundgren, M., Svensson, I., & Karakus, D. C. (2023). Local ceasefires and de-escalation: Evidence from the Syrian civil war. Journal of Conflict Resolution, 67(7–8), 1350–1375.
[5] Scudder, M. F., & Neblo, M. A. (2025). Listening as power in political communication. Political Communication, 42(4), 549–555.
[6] Scudder, M. F., & Neblo, M. A. (2025). Listening as power in political communication. Political Communication, 42(4), 549–555.
[7] Lawy, J. R. (2017). Theorizing voice: Performativity, politics and listening. Anthropological Theory, 17(2), 192–215.
[8] Pardy, M., Kelly, M., & McGlasson, M. A. (2025). The politics of listening at the World Humanitarian Summit – localisation as resistance. Contemporary Politics.
[9] Lefevere, J., Sevenans, J., Walgrave, S., & Lesschaeve, C. (2019). Issue reframing by parties: The effect of issue salience and ownership. Party Politics, 25(4), 507–519.
[10] Bartov, O. (1998). Defining enemies, making victims: Germans, Jews, and the Holocaust. The American Historical Review, 103(3), 771–816.
[11] Slothuus, R., & de Vreese, C. H. (2010). Political parties, motivated reasoning, and issue framing effects. The Journal of Politics, 72(3), 630–645.
[12] Desrosiers, M.-E. (2012). Reframing frame analysis: Key contributions to conflict studies. Ethnopolitics, 11(1), 1–23.
[13] Bell, A., & Aslam, W. (2025). Threads of peace: Leadership and conflict resolution in nested negotiation networks. Negotiation Journal, 41(2), 128–167.
[14] Cao, R. (2024). Personalism and negotiation during civil conflicts. Journal of Global Security Studies, 9(3)
[15] Kalin, I., & Abduljaber, M. (2020). The determinants of negotiation commencement in civil conflicts. Journal of Conflict Transformation and Security, 8(1), 86–112.
[16] Kalin, I., & Abduljaber, M. (2020). The determinants of negotiation commencement in civil conflicts. Journal of Conflict Transformation and Security, 8(1), 86–112.
[17] Cao, R. (2024). Personalism and negotiation during civil conflicts. Journal of Global Security Studies, 9(3)
[18] Steinwand, M. C., & Metternich, N. W. (2022). Who joins and who fights? Explaining tacit coalition behavior among civil war actors. International Studies Quarterly, 66(4).
19] Steinwand, M. C., & Metternich, N. W. (2022). Who joins and who fights? Explaining tacit coalition behavior among civil war actors. International Studies Quarterly, 66(4).
[20] Gade, E. K., Gabbay, M., Hafez, M. M., & Kelly, Z. (2019). Networks of cooperation: Rebel alliances in fragmented civil wars. Journal of Conflict Resolution, 63(9), 2071–2097.
[21] Gade, E. K., Gabbay, M., Hafez, M. M., & Kelly, Z. (2019). Networks of cooperation: Rebel alliances in fragmented civil wars. Journal of Conflict Resolution, 63(9), 2071–2097.