အသစ်များ > တရားမျှတမှုကိုရှာဖွေခြင်းသည် နိုင်ငံရေး

တရားမျှတမှုကိုရှာဖွေခြင်းသည် နိုင်ငံရေး

2022-09-07

နိုင်ငံရေးသည် မရှောင်လွှဲနိုင်သောယှဉ်ပြိုင်မှုလည်းမဟုတ်၊ မရှိမဖြစ်လိုအပ်သော ပူးပေါင်းဆောင်ရွက်ခြင်း လည်းမမည်၊ ထိုအစားနိုင်ငံရေးသည် ‘တရားသောလူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ခြင်း’ ဖြစ်သည် ဟူ၍အချို့ကခံယူထားကြသည်။ ဤသို့ဆိုလျှင် နိုင်ငံရေးဟူသည် လူသားတိုင်းအားထိုက်တန်သော ဂုဏ်အဆင့် အတန်းနှင့်အညီ ပြုမူဆက်ဆံရမည်ဟူသော ‘တရားမျှတမှု’ အမြင်နှင့်ဆက်စပ်နေသည်ဟု ဆိုရမည်။

ဤအမြင်ကိုအခြေခံကာ လူ့အသိုင်းအဝိုင်းအတွင်းရှိ လူသားများကို မျှမျှတတ၊တရားနည်းလမ်းကျစွာ ဆက်ဆံရန် သက်ဆိုင်ရာလူ့ဘောင်အဖွဲ့အစည်းများက စည်းမျဉ်းစည်းကမ်းများ ချမှတ်လာရသည်။ တရားမျှတမှု နှင့်နိုင်ငံရေး တို့ကြားဆက်နွှယ်နေသော အရေးအကြီးဆုံးကဏ္ဍတချို့ရှိပါသည်။ ၎င်းတို့မှာ -တားမြစ်ပိတ်ပင်ခြင်းနှင့် လူ့အသိုင်းအဝိုင်းကို နှောင့်ယှက်ထိပါးသူ၊ ဖျက်ဆီးသူတိုင်းကို အပြစ်ပေးအရေး ယူခြင်းကဏ္ဍ (စည်းမျဉ်းများနှင့် ဥပဒေများ) ဟူ၍ဖြစ်သည်။

တရားမျှတမှု’သည် ရှုပ်ထွေးပြီး အငြင်းပွားဖွယ်ရာသဘောတရားဖြစ်သည်။ တရားမျှတမှုနှင့် ပတ်သက်ပြီး သဘောထားအမြင် အမျိုးမျိုးရှိသည်။ ထိုသို့အမြင်ကွဲပြားခြင်းမှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးအဆင့်အတန်း၊ ကျား/မလိင်ကွဲပြားခြင်း၊ ပညာရေးတို့အပြင် အခြားသောအကြောင်း အချက်ပေါင်းများစွာနှင့်သက်ဆိုင်ပေသည်။ တရားမျှတမှုကို ဖော်ဆောင်ရာတွင် အလေးထားစဉ်းစားသင့် သည့် မေးခွန်းတချို့မှာ -

  • တရားမျှတမှု’ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လူသားတိုင်းအပေါ် တစ်ပြေးညီ တန်းတူဆက်ဆံခြင်းဟု ဖွင့်ဆိုရန် သင့်၊မသင့်။
  • မတရားသော လုပ်ရပ်များဖြင့် တရားသော အခြေအနေတစ်ရပ်ဆီသို့ ဦးတည်လုပ်ကိုင်သောအခါ ထိုမတရားသောလုပ်ရပ်မျိုးကို လက်ခံသင့်၊မသင့်။
  • အများကောင်းစားရေးအတွက် လူနည်းစုကို ထိခိုက်နစ်နာစေသောလုပ်ရပ်များကို ခွင့်ပြုရန်သင့်၊မသင့်။