အသစ်များ > လစ်ဘရယ်ဝါဒ

လစ်ဘရယ်ဝါဒ

2022-08-29

လစ်ဘရယ်ဝါဒသည် နိုင်ငံသားတစ်ဦးစီ၏လွတ်လပ်ခွင့်ကို ၎င်းအယူဝါဒ၏အဓိကအရာအဖြစ် သတ်မှတ်ထား သည်။ နိုင်ငံရေးလူ့ဘောင်အသိုင်းအဝိုင်းတစ်ရပ်တွင် ပါဝင်ကြသူတိုင်းသည် နိုင်ငံရေး၊ စီးပွားရေးနှင့် ပုဂ္ဂလအ ခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို တတ်စွမ်းသမျှ ပိုင်ဆိုင်ထားသင့်ကြောင်း လစ်ဘရယ်ဝါဒီတို့က ယုံ ကြည်ကြသည်။ နိုင်ငံရေးနယ်ပယ်အတွင်း လစ်ဘရယ်အတွေးအမြင်များ စိုးမိုးလာသည်မှာ နှစ်၃၀၀ကျော်ရှိပြီ ဖြစ်သော်လည်း ရှင်းလင်းသောအယူဝါဒတစ်ရပ်အဖြစ် ပေါ်ပေါက်လာသည်မှာ ၁၇ ရာစုအကုန်တွင်ဖြစ်သည်။ သက်ဦးဆံပိုင်အုပ်စိုးသူများ၏လက်အောက်မှ နိုင်ငံသားများလွတ်လပ်သင့်သည်ဟူသော လစ်ဘရယ်အတွေး အမြင်များသည် အမေရိကန်နှင့်ပြင်သစ်တော်လှန်ရေးခေါင်းဆောင်များအပေါ် အဓိကလွှမ်းမိုးခဲ့သည်။

အစိုးရနှင့် ၎င်း၏လုပ်ငန်းတာဝန်များကို ကန့်သတ်ချက်ဖြင့်ထားရှိသင့်သည်ဟု လစ်ဘရယ်ဝါဒီများက ယုံ ကြည်သည်။ အစိုးရ၏စွက်ဖက်မှုမရှိဘဲ တစ်သီးပုဂ္ဂလလူသားတိုင်း လူမှုရေးနှင့် စီးပွားရေးနယ်ပယ်တွင် လွတ် လပ်စွာ ပြုမူဆောင်ရွက်ခွင့်ရှိသင့်သည်ဟုလည်း ၎င်းတို့ကယုံကြည်သည်။ အစိုးရ၏အခြေခံအခန်းကဏ္ဍသည် ပြည်သူနှင့် စီးပွားရေးလုပ်ငန်းတိုင်း ကိုယ်တိုင်ကိုယ်ကျ တိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးအတွက် ဖြစ်ရမည်ဟု လစ်ဘရယ်ဝါဒီများက ရှုမြင်သည်။

  • မိမိသဘောထားအမြင်ကို လူတိုင်း ဖော်ပြနိုင်ပြီး အကောင်းဆုံးအတွေးအမြင်များသာ ဆွေးနွေးမှု တိုင်း၌ အနိုင်ရနေမည်ဖြစ်၍ ခိုင်မာအားကောင်းသော ဒီမိုကရေစီစနစ်ကို ဖန်တီးပေးနိုင်ရေးသည် နိုင်ငံရေးလွတ်လပ်ခွင့်ပင်ဖြစ်သည်ဟု လစ်ဘရယ်ဝါဒီများက လက်ခံယုံကြည်သည်။
  • ပုဂ္ဂလိကလွတ်လပ်ခွင့်ကြောင့် အစိုးရ၏လုပ်ငန်းတာဝန်များနှင့် ဘဏ္ဍာရေးသုံးစွဲမှုကို ကန့်သတ်နိုင် မည်ဖြစ်ရာ အစိုးရတစ်ရပ် အဆမတန် တန်ခိုးထွားလာမည်ကို ဟန့်တားနိုင်ပြီး နိုင်လိုမင်းထက်မပြု လာအောင်တားဆီးနိုင်သည်ဟု လစ်ဘရယ်ဝါဒီများက လက်ခံယုံကြည်သည်။
  • အစိုးရတစ်ရပ်သည် မည်သည့်ကိစ္စတိုင်းကိုမဆို လုပ်သည်ဖြစ်စေ(သို့ လုပ်ခွင့်ရှိသည်ဖြစ်စေ) ပြည်သူ လူထု၏သဘောတူညီမှုအပေါ် အခြေခံရမည်ဟု လစ်ဘရယ်ဝါဒီများက လက်ခံယုံကြည်သည်။
  • အကျိုးပျက်စေတတ်သောလူအများဖြင့်အုပ်ချုပ်ခြင်း (ဉာဏ်အမြော်အမြင်ရှိရှိ၊ တာဝန်ယူမှုရှိရှိဆုံး ဖြတ်ချက်များကို ချမှတ်နိုင်စွမ်းမရှိသော လူများစုတစ်ရပ်က ချမှတ်သောဆုံးဖြတ်ချက်များ)၊ လူအ များပျော်ရွှင်ကောင်းစားရေးဝါဒ1 (လူအများ၏အကျိုးစီးပွားကို မြှင့်တင်ပေးရန် လူအနည်းစု၏အခွင့် အရေးများကိုချိုးဖောက်ခြင်း) နှင့် လူများစု၏လမ်းညွှန်ပြဋ္ဌာန်းချက်များ(လူနည်းစုဝင်ဖြစ်စေ၊ တစ် သီးပုဂ္ဂလအခွင့်အရေးများကိုဖြစ်စေ ချိုးဖောက်နေသောဆုံးဖြတ်ချက်များ)တို့ကိုလည်း လစ်ဘရယ်ဝါ ဒီများက ဆန့်ကျင်ကြသည်။

လစ်ဘရယ်ဝါဒသည် အရင်းရှင်စနစ်နှင့်လည်း ဆက်စပ်နေတတ်သည်။ အရင်းရှင်စနစ်ဆိုသည်မှာ အရင်းအ မြစ်များနှင့် အခွင့်အလမ်းများကို (အစိုးရကမဟုတ်ဘဲ) ပုဂ္ဂလိကပိုင်လုပ်ငန်းများက ခွဲဝေချမှတ်ပေးထား သော စီးပွားရေးစနစ်ကို ဆိုလိုသည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုသည် အရင်းရှင်စနစ်၏အရေးကြီးသည့်အစိတ်အပိုင်း ဖြစ်၍ လစ်ဘရယ်ဝါဒီများသည် ပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးများအပေါ် တန်ဖိုးထားကြသည်။ ထို့ကြောင့်အ ခြေခံအားဖြင့်ဆိုရပါက ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျ ဖွံ့ဖြိုးစည်ပင်လာနိုင်စေ ရန် ပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေးများကို အမာခံကာကွယ်ပေးရေးသည် အစိုးရ၏အခန်းကဏ္ဍတစ်ရပ် ဖြစ်နေ တော့သည်။

လစ်ဘရယ်ဝါဒီတို့သည် စီးပွားရေးတန်းတူညီမျှရေးပန်းတိုင်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်းမပြု သောအခွန်မူဝါဒများကို အားပေးတတ်ကြသည်။ လူတိုင်း မည်မျှချမ်းသာသူဖြစ်စေ တန်းတူအခွန်ပေးဆောင် သင့်သည်ဟု ၎င်းတို့က ဆိုကြသည်။ ချမ်းသာသူဖြစ်၍ အခွန်တိုးမြှင့်ပေးဆောင်ရမည်ဟုဆိုခြင်းသည် စီးပွား ရေးတိုးတက်အောင်မြင်နေ၍ အပြစ်ပေးခြင်းနှင့်တူနေသည်ဟု လစ်ဘရယ်ဝါဒီတို့က ပြောတတ်ကြသည်။

လစ်ဘရယ်ဝါဒ၏အရေးပါသောစံနှုန်းများ

လွတ်လပ်မှု

ပုဂ္ဂလိကလွတ်လပ်မှုသည် လစ်ဘရယ်အတွေးအခေါ်တွင် အဓိကအကျဆုံးအစိတ်အပိုင်းဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် ပုဂ္ဂလိကဆိုင်ရာအခွင့်အရေးများသည် အကောင်းမွန်ဆုံးသောလူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့ ဦး တည်မိစေသည်ဟု လစ်ဘရယ်ဝါဒီများက ယုံကြည်သည်။ ထို့ကြောင့် အစိုးရအာဏာကို အကန့်အသတ်ဖြင့် ထားရှိသင့်ပြီး မတူညီသောအစုအဖွဲ့ဌာနအသီးသီးကြား(စစ်တပ်၊ တရားရုံး၊ သမ္မတအစရှိသဖြင့်) အာဏာကို ခွဲဝေသတ်မှတ်ပေးထားသင့်ကြောင်း လစ်ဘရယ်ဝါဒီများက တင်ပြကြသည်။ ဤသို့အာဏာကို ခွဲဝေသတ် မှတ်ထားပါက ခေါင်း​ဆောင်များ အဆမတန် တန်ခိုးဩဇာကြီးမားလာခြင်းနှင့် ပြည်သူ့အခွင့်အရေးများကို အ လွဲသုံးစားလုပ်ကြခြင်းတို့မှ တားဆီးပေးနိုင်သည်ဟု လစ်ဘရယ်ဝါဒီများက ဆိုသည်။ အခြားသောအတွေးအ ခေါ်များတွင်လည်း အထက်ပါအမြင်ကို တွေ့နိုင်သေး၏။

ခွင့်တူညီမျှမှု

လစ်ဘရယ်ဝါဒီများသည် ပုဂ္ဂလိကအခွင့်အရေးများအပေါ် အခိုင်အမာယုံကြည်ကြ၍ ခွင့်တူညီမျှမှုသည် အ လွန်အရေးပါသည်ဟု မြင်သည်။ လူတိုင်း၏နိုင်ငံရေး၊ စီးပွားရေးနှင့် ပုဂ္ဂလိကဆိုင်ရာအခွင့်အရေးများကို တန် ဖိုးထားလေးစားသောလူ့အဖွဲ့အစည်းတစ်ရပ်သည် လူတိုင်း ကြီးပွားတိုးတက်အောင် တန်းတူစွမ်းဆောင်နိုင် သော အခွင့်အရေးရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်မျိုးဖြစ်မည်ဟု လစ်ဘရယ်ဝါဒီများက ယူဆသည်။

သဘောထားကြီးသည်းခံမှု

မိမိကိုယ်ပိုင်နှင့်မတူကွဲပြားခြားနားသော စံနှုန်းများ၊ ယုံကြည်ချက်များနှင့် ဘ၀နေထိုင်မှုပုံစံများကို လက်ခံ ပေးခြင်းသည် သဘောထားကြီးသည်းခံခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ လူတိုင်းလူတိုင်းတွင် နိုင်ငံရေးနှင့် ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှု ရှိနိုင်သမျှအတိုင်းအဆများများ ရှိသင့်သည်ဟု လစ်ဘရယ်ဝါဒီများက ယုံကြည် ထားသည်။ သို့သော် မတူကွဲပြားသောအမြင်များနှင့် စံနှုန်းများကို လွတ်လပ်စွာထုတ်ဖော်နိုင်ခြင်းသည် ပဋိ ပက္ခကို ဖြစ်စေနိုင်သည်။ တစ်နည်းအားဖြင့် ကျန်းမာသန်စွမ်းသောလူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးနိုင်ရန် လူတိုင်းသည် မတူကွဲပြားသောယုံကြည်ချက်များအပေါ် လေးစားပေးရန်နှင့် နားထောင်ပေးတတ်ရန်လိုသည် ဟုဆိုလိုပါသည်။

စီးပွားရေးလွတ်လပ်ခွင့်ရှိမှု

အစိုးရမှကြားဝင်စွက်ဖက်ခြင်းမရှိဘဲ နိုင်ငံသားများသည် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားပြီး စီးပွားရေး လုပ်ပိုင်ခွင့်များရှိသင့်သည်ဟု လစ်ဘရယ်ဝါဒီများက ယုံကြည်သည်။ လူတိုင်းသည် အစိုးရ၏စွက်ဖက်မှုမရှိဘဲ မိမိတို့ကိုယ်ကျိုးစီးပွားကို လွတ်လပ်စွာ ရှာဖွေအားထုတ်ကြမည်ဆိုပါက လူ့အဖွဲ့အစည်းတစ်ရပ်လုံးသည် ပို၍ ချမ်းသာကြွယ်၀ပြီး ပို၍လွလ်လပ်လာလိမ့်မည်ဟု လစ်ဘရယ်ဝါဒီတို့က ဆိုကြသည်။ (McLauglin 2013: 38- 41)

လစ်ဘရယ်ဝါဒ အဓိပ္ပာယ်ဝေဝါးသောအသုံးအနှုန်းတစ်ရပ်

လစ်ဘရယ်ဝါဒအတွေးအခေါ်နှင့် နိုင်ငံရေး-စီးပွားရေးစနစ်တွင် တန်းတူညီမျှမရှိခြင်းကို မြင်၍သည်းခံပေး သည့်တိုင် အကြီးမားဆုံးဖွံ့ဖြိုးကြွယ်၀မှု ဖြစ်ထွန်းစေရန် တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်နှင့် နိုင်ငံငယ်လေးတစ် နိုင်ငံအပေါ်ကိုပင် အထူးအရေးပေးထားသည်။ သို့သော် အမေရိကနှင့် ကနေဒါနိုင်ငံတို့တွင် အသုံးပြုသောလစ် ဘရယ် အသုံးအနှုန်းဖြင့်ကြည့်ပါက အထက်ပါဖွင့်ဆိုချက်မှာ ကဏ္ဍကောစဖြစ်နေသည်။ အကြောင်းမူအမေရိ ကနှင့် ကနေဒါတို့တွင် လစ်ဘရယ်ဟုဆိုပါက အများအားဖြင့် ပိုမိုအားကောင်းသောနိုင်ငံတော်နှင့် စီးပွားရေး ရာကိစ္စရပ်များတွင် နိုင်ငံတော်မှ ပိုမိုပါဝင်ပတ်သက်ခြင်းဟု အဓိပ္ပာယ်ရနေသည်။ လစ်ဘရယ်အသုံးအနှုန်းနှင့် ပတ်သက်၍ ယခုလို အဓိပ္ပာယ်ဝေဝါးရခြင်းသည် ယင်းဝေါဟာရ၏သမိုင်းတစ်လျှောက် တိုးတက်ကျယ်ပြန့် လာပုံများနှင့် ဆက်စပ်သည်။ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို ချဲ့ထွင်ရန် တစ်ချိန်က စျေးကွက်အပေါ် ယုံ ကြည်မှုပုံအပ်ခဲ့ကြသော လစ်ဘရယ်ဟုဆိုသူများသည် အချိန်ကြာလာသည်နှင့် နိုင်ငံတော်၏ကြားဝင်စွက် ဖက်မှုက လိုအပ်သည်ဟု တိုး၍တိုး၍ယုံကြည်လာကြ၏။ ထို့နောက် အခြားနိုင်ငံများက ‘ဆိုရှယ်ဒီမိုကရက် များ’ဟု ရည်ညွှန်းဖော်ပြမည့်သူများမှာ အခြေခံအားဖြင့် မြောက်အမေရိကရှိ လစ်ဘရယ်များ ဖြစ်လာကြပြန် သည်။

သို့သော် ယခုလို လစ်ဘရယ်နှင့်စပ်လျဉ်း၍ အတွေးအခေါ်ပိုင်းပြောင်းလဲနေမှုသည် အခြားနိုင်ငံအများအပြား တွင်မပေါ်ပေါက်ခဲ့ပါ။ မြောက်အမေရိကအပြင်ဘက်ရောက်မှ လစ်ဘရယ်ဝါဒသည်၎င်း၏မူလဘူတအဓိပ္ပာယ် မျိုးကို ပြန်ရတော့သည်။ ထို့ကြောင့် အချို့သောနိုင်ငံရေးသိပ္ပံပညာရှင်များက လစ်ဘရယ်အတွေးအခေါ် ၏ မူလအခြေခံဆိုလိုချက်များကို ရည်ညွှန်းဖော်ပြချင်သည့်အခါ ခေတ်ဟောင်းလစ်ဘရယ်ဝါဒ(သို့မဟုတ်)ဂန္တဝင် လစ်ဘရယ်ဝါဒ(classical liberalism) ဟူသော အသုံးအနှုန်းကို အသုံးပြုကြသည်။ အချို့သည် အထူးသဖြင့် အတွေးအခေါ်ဝေဖန်ရေးပညာရှင်များကမူ ခေတ်ဟောင်းလစ်ဘရယ်ဟူသောစကားရပ်အစား လစ်ဘရယ် လက်သစ်ဝါဒ(သို့မဟုတ်) နီယိုလစ်ဘရယ်ဝါဒ(neoliberalism) ဟူသောအသုံးအနှုန်းကို အသုံးပြုကြကာ ကမ္ဘာတစ်ဝန်းတွင် လစ်ဘရယ်ဝါဒ၏ မူလဘူတအမြင်များ(လွတ်လပ်သောစျေးကွက်များနှင့် တန်းတူညီမျှမရှိ ခြင်းကို သည်းခံစိတ်ထားသောတစ်သီးပုဂ္ဂလဝါဒ) ပြန်လည်ရှင်သန်လာပြီဖြစ်ကြောင်း ညွှန်ပြကြသည်။

ထို့ကြောင့် လစ်ဘရယ်ဟူသောစကားရပ်တွင် အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်သည်။

၁။ နိုင်ငံရေးသဘောထားတစ်ရပ်အဖြစ်ဆိုပါက တစ်ရွေ့ရွေ့နှင့် အဆင့်ဆင့်ပြောင်းလဲရေးကို အထူးဦးစား ပေးခြင်းကို ဆိုလိုသည်။

၂။ မြောက်အမေရိကတွင် ခံယူသောနိုင်ငံရေးအတွေးအခေါ်တစ်ရပ်အဖြစ်ဆိုပါက တန်းတူညီမျှမရှိခြင်းကို ကန့်သတ်ရာတွင် နိုင်ငံတော်၏အခန်းကဏ္ဍက ပိုမိုပါဝင်လာရေးကို အထူးဦးစားပေးခြင်း (သို့မဟုတ်) ထိုဒေ သ၏အပြင်ဘက်ရှိနိုင်ငံအများအပြားက ‘ဆိုရှယ်ဒီမိုကရက်များ’ရည်ညွှန်းသုံးနှုန်းမည့်အရာကို ဆိုလိုသည်။

၃။ မြောက်အမေရိကအပြင်ဘက်တွင်ခံယူသော နိုင်ငံရေးအတွေးအခေါ်တစ်ရပ်အဖြစ်ဆိုပါက အတိုင်းအဆပို ကြီးမားသောတန်းတူညီမျှကင်းမဲ့မှုကို လက်ခံနားလည်ပေးရင်း လွတ်လပ်သောစျေးကွက်များနှင့် တစ်သီးပုဂ္ဂ လဝါဒတို့ကို အထူးဦးစားပေးခြင်းကို ဆိုလိုသည်။

၄။ နိုင်ငံရေးဘောဂဗေဒတစ်ရပ်အဖြစ်ဆိုပါက စီးပွားရေးတွင် နိုင်ငံတော်ပါဝင်သည့်အခန်းကဏ္ဍ ကန့်သတ် ထားရေးအပေါ် အထူးဦးစားပေးခြင်းကို ဆိုလိုသည်။

ကိုးကား ။ ။ နှိုင်းယှဉ်လေ့လာနိုင်ငံရေးဆိုင်ရာအခြေခံအချက်များ

Source: Essentials of Comparative Politics

1 နိုင်ငံရေးတွေးခေါ်ပညာရှင်ဂျရမီးဘင်သမ်နှင့် ဂျိမ်းစ် မီးလ်တို့၏ ကိုယ်ကျင့်တရား၊လူမှုရေးနှင့် နိုင်ငံရေးသဘောတရားအမြင်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ‘လူအများ စုကြီး၏အကြီးမားဆုံးပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသော လုပ်ဆောင်ချက်ဟူသမျှတိုင်းသည် ကောင်းသည်’ဟူသောအမြင်ကို ရည်ညွှန်းသည်။ လက်တွေ့အသုံးကျမှုအဓိက ဝါဒဟုပင်တချို့ကသုံးတတ်ကြသည်။