အသစ်များ > Zoom နှင့် ၎င်းအားနိုင်ငံရေးနယ်ပယ်တွင်အသုံးချမှု

Zoom နှင့် ၎င်းအားနိုင်ငံရေးနယ်ပယ်တွင်အသုံးချမှု

2024-03-19

ဇူးမ် (Zoom)သည် ဝေးကွာသောအရပ်ဒေသများမှ အသုံးပြုသူများကို အသံနှင့် ဗွီဒီယိုများမှတဆင့် ဆက်သွယ်နိုင်သည့် ဗွီဒီယိုဆွေးနွေးပွဲများကျင်းပနိုင်သော ဆော့ဖ်ဝဲဖြစ်ပါသည်။ ဇူးမ်(Zoom)၏ ယေဘုယျ လက္ခဏာရပ်များထဲတွင် ဗွီဒီယိုဆွေးနွေးပွဲများကျင်းပခြင်း၊ အသံဖမ်းယူနိုင်ခြင်း၊ အချိန်ဇယားသတ်မှတ်ထားနိုင် ခြင်းနှင့် အလျှင်အမြန်အသံဖမ်းယူဖော်ထုတ်နိုင်ခြင်း (dynamic voice detection) စသော လက္ခဏာရပ်များ ပါဝင်ပါသည်။ ဇူးမ်(Zoom)သည် အသုံးပြုသူများကို ဝပ်ဘရောက်ဇာများ (web browsers)များ သို့မဟုတ် လက်ကိုင်ဖုန်းများတွင်သုံးစွဲနိုင်သော အပ်ပလီကေးရှင်းများ (mobile apps)မှတဆင့် အစည်းအဝေးများ တက်ရောက်စေနိုင်ရန် စီမံထားရှိပါသည်။ ထို့ကြောင်ပင် ဇူးမ်(Zoom)အား အမျိုးမျိုးသောပစ္စည်းများကို အသုံးပြု၍ ဝင်ရောက်သုံးစွဲနိုင်ပါသည်။  

ဇူးမ် (Zoom) နှင့် အခြားသောဗွီဒီယိုဆွေးနွေးပွဲများကျင်းပနိုင်သည့်စနစ်များသည် ကိုဗစ်-၁၉ကပ်ရောဂါ  ကြောင့် ကမ္ဘာပေါ်ရှိလူအများစုသည် အိမ်မှာနေ၍ အလုပ်လုပ်ကြရသည့်အချိန်အတွင်း အောင်မြင်မှုကြီးကြီး မားမား ရရှိခဲ့ကြသည်။ ၂၀၂၃ခုနှစ်တွင် ဇူးမ်(Zoom)ကို လုပ်ငန်းအရ ဝယ်ယူအသုံးပြုသူ (၄၇၀၀၀၀) အထိ ရှိခဲ့ပြီး၊ သန်းပေါင်းများစွာသည် အခမဲ့သုံးစွဲနေကြသည်။ နေ့စဉ် ဇူးမ်(Zoom)အသုံးပြုသူအရေအတွက်သည် သန်း (၃၀၀) အထိ ရှိလာပါသည်။

Zoom နှင့် နိုင်ငံရေး 

ဇူးမ် (Zoom) သည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန်နှံ့လာချိန်၌ ကမ္ဘာအနှံ့ နိုင်ငံရေးသမားများနှင့် မူဝါဒချမှတ်သူများအတွက် အရေးပါသောအသုံးချပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုများ၊ လူထုစည်းဝေးပွဲများနှင့် အစည်းအဝေးများသည် အွန်လိုင်းပေါ်သို့ ရွေ့လာခဲ့ကြပြီး၊ အဝေးတနေရာရှိ မဲဆန္ဒနယ် များ၊ အခြားသောဆွေးနွေးဖက်များနှင့် ထိတွေ့ဆက်ဆံမှုများကို အွန်လိုင်းမှတဆင့် ပြုလုပ်လာကြရသည်။ 

ဇူးမ်(Zoom) ကို သံတမန်ရေးဆွေးနွေးမှုများနှင့် ဒေသတွင်းထိပ်သီးအစည်းအ‌ဝေးများအတွက် အသုံးပြု ကြသလို၊ ယူကေနိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကဲ့သို့ နိုင်ငံများတွင် လွှတ်တော်အစည်းအဝေးများကျင်းပရာတွင်လည်း အသုံးပြုခဲ့ကြသည်။ ထို့ပြင် နိုင်ငံ‌ရေးသမားများသည် အွန်လိုင်းပေါ်တွင်ကျင်းပသော လူထုစည်းဝေးပွဲများနှင့် စည်းရုံးရေးပွဲများအတွက် ဇူးမ် (Zoom) ကို အသုံးပြုလာခဲ့ကြသည်။

တခါတရံတွင် မျက်နှာချင်းဆိုင်ဆွေးနွေးငြင်းခုံခြင်းများထက် ဇူးမ်(Zoom)ပေါ်တွင် ဆွေးနွေးငြင်းခုံကြ ခြင်းက ပို၍လွယ်ကူအဆင်ပြေပါသည်။ အမေရိကန်တွင် ပြုလုပ်သော သုတေသနပြုချက်တစ်ခုအရ ဇူးမ် (Zoom) ပေါ်တွင် ကျင်းပသော နိုင်ငံရေးဆွေးနွေးပွဲများက ရှေးရိုးစွဲဝါဒီများနှင့် လစ်ဘရယ် (liberals) များအကြား မျက်နှာချင်းဆိုင်ဆွေးနွေးပွဲများထက် အပြန်အလှန်ပိုမိုနားလည်မှုရရှိကြသည်ဟု တွေ့ရှိရပါသည်။ ဆွေးနွေးပွဲ ပါဝင်သူများအတွက် အတွေ့အကြုံသည် မျှော်လင့်သည်ထက် ပိုမိုအပြုသဘောဆောင်ပါသည်။ ထိုကဲ့သို့ နွေးဖလှယ်ခြင်းများက နိုင်ငံရေးအစွန်းရောက်မှုကို လျော့ကျကောင်း လျော့ကျစေနိုင်ပါသည်။ ထိုသို့လျော့ကျမှု သည် အထူးသဖြင့် သီးသန့်ဆွေးနွေးခြင်းများအတွက် အမှန်ပင်ဖြစ်ပါသည်။ အကယ်၍ ဆွေးနွေးမှုများတွင် ပရိတ်သတ်များရှိခဲ့လျှင် ဆွေးနွေးဖလှယ်မှုများသည် ပို၍အစွန်းရောက်ပြီး၊ ပို၍ပြင်းထန်းကြပါသည်။[1]

မြန်မာနိုင်ငံတွင် Zoom အသုံးပြုခြင်း

ဇူးမ်(Zoom) သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော ဗွီဒီယိုဆွေးနွေးပွဲကျင်းပရေးစနစ်တစ်ခု ဖြစ်ပါသည်။[2] မြန်မာနိုင်ငံတွင် လူ(၁၀)ဦးလျှင် တစ်ဦးထက်ပို၍ ဇူးမ်(Zoom)ကို လစဉ်အသုံးပြုကြသည်။ ၂၀၂၁ခုနှစ် စစ်တပ်အာဏာမသိမ်းမီက မြန်မာနိုင်ငံရှိ လူများသည် ကျန်ကမ္ဘာ့နိုင်ငံများရှိလူများကဲ့သို့ပင် ကျောင်းပညာရေးနှင့် အလုပ်ကိစ္စအတွက်သာ ဇူးမ်(Zoom)ကို အသုံးပြုခဲ့ကြပါသည်။ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ဇူးမ်(Zoom) အား နိုင်ငံရေးဆိုင်ရာအစည်းအဝေးများအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့ကြသည်။ အာဏာသိမ်းပြီးနောက်တွင် နိုင်ငံရေးအစုအဖွဲ့များအားလုံးက နိုင်ငံရေးဆိုင်ရာနှင့် သီးသန့်အစည်းအဝေးများ အတွက် ဇူးမ်(Zoom)ကို စတင်အသုံးပြုခဲ့ကြသည်။

Zoomအသုံးပြုခြင်း၏ အန္တရာယ်များ

နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို မျှဝေခြင်းအတွက် ဇူးမ်(Zoom)ကို အသုံးပြုခြင်းကြောင့် များစွာသောအန္တရာယ်များ ဖြစ်နိုင်ပါသည်။ အဆိုပါအန္တရာယ်များထဲတွင် အခြားသောလူမှုမီဒီယာများပေါ်တွင် ဖြစ်လေ့ရှိသကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာများနှင့် လုံခြုံမှုချိုးဖောက်ခံရခြင်းများဖြစ်လာနိုင်ခြင်းနှင့် သတင်းမှားများ နှင့် ဝါဒဖြန့်ချိခြင်းများ ပြန့်နှံ့လားနိုင်ခြင်းကဲ့သို့သော များစွာသောအန္တရာယ်များ ပါဝင်ပါသည်။ ဇူးမ်(Zoom) နှင့် အခြားသောဗွီဒီယိုအသုံးပြုစနစ်များသည် နိုင်ငံရေးသမားများ သို့မဟုတ် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ ပုံရိပ်စစ်နှင့်သဏ္ဍာန်တူသည့် ဉာဏ်ရည်တုအသုံးပြုဖန်တီးထားသော ပုံရိပ်တုဗွီဒီယိုများကို တိုက်ဖျက်ရာတွင် အားနည်းနေကြဆဲဖြစ်ပါသည်။

ထို့ပြင် ဇူးမ်(Zoom) ကုမ္ပဏီ၏ တရုတ်နိုင်ငံနှင့်ဆက်နွှယ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ တရုတ် အစိုးရ၏ စောင့်ကြည်မှုအလားအလာနှင့်ပတ်သက်၍လည်းကောင်း စိုးရိမ်မှုများရှိကြပါသည်။ တရုတ်နိုင်ငံရှိ ဇူးမ်(Zoom)၏ အချက်အလက်ထိန်းသိမ်းရေးဌာနများနှင့် ဝန်ထမ်းများသည် အချက်အလက်များအား တရုတ်အစိုးရအာဏာပိုင်များထံ လွှဲပေးနေသည်ဆိုသော သံသယများလည်း ရှိနေပါသည်။ တရုတ်အာဏာရ ပါတီက လက်မခံနိုင်သောအကြောင်းအရာများကို ဆွေးနွေးသည့်အခါများတွင် ဗွီဒီယိုခေါ်ဆိုမှုများကို ကြားဖြတ်ဖမ်းယူနေသည်ဟု တရုတ်နိုင်ငံအား အမေရိကန် FBI အဖွဲ့က စွပ်စွဲထားပါသည်။[3]

နိုင်ငံများစွာတွင် ဇူးမ်(Zoom)အစည်းအဝေးများသည်လည်း ဖောက်ထွင်းဝင်ရောက်ခြင်းခံကြရပြီး၊ ဇူးမ်(Zoom) အစည်းအဝေးများတွင် မလိုလားအပ်သော၊ အနှောက်အယှက်ပေးသောအကြောင်းအရာများကို ထုတ်လွှင့်နေသည်ဆိုသော အသုံးပြုသူများ၏ အစီရင်ခံတင်ပြချက်များလည်း ရှိနေပါသည်။ ၂၀၂၂ခုနှစ်နှောင်း ပိုင်းတွင် တက်ကြွလှုပ်ရှားသူများသည် စစ်အစိုးရစီစဉ်သော ဇူးမ်(Zoom)အစည်းအဝေးတခုကို ဖောက်ထွင်း ဝင်ရောက်နိုင်ခဲ့ကြပြီး၊ ကြွေးကြော်သံအများအပြားဖြင့် ဆန္ဒပြခဲ့ကြပါသည်။[4]  

Zoom ၏ မူဝါဒများ

ဇူးမ်(Zoom) သည် ၎င်း၏စနစ်ပေါ်ရှိ အကြောင်းအရာများနှင့် ပုဂ္ဂလိကလုံခြုံမှုကို ကြီးကြပ်နိုင်ရန် မူဝါဒများ ချမှတ်ထားပါသည်။ နိုင်ငံရေးအကြောင်းအရာများကို ခွင့်ပြုထားသော်လည်း အနှောက်အယှက်ပေး ခြင်း၊ အမုန်းစကားပြောဆိုခြင်း၊ အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်မှုနှင့် အရွယ်ရောက်သူများသာကြည့်မြင်သင့် သော အကြောင်းအရာများအားလုံးကို ကန့်သတ်ပိတ်ပင်ထားပါသည်။

မြန်မာနိုင်ငံတွင် စည်းဝေးပွဲဗွီဒီယိုများသည် အမြဲလိုလို အမုန်းစကားမပါရှိကြသော်လည်း ဒီမိုကရေစီ ရေးဖော်ထုတ်တင်ပြသောဗွီဒီယိုများနှင့်ပတ်သက်သည့်မှတ်ချက်ပေးမှုများတွင်မူ ဖေ့ဘွတ်(Facebook)နှင့် တစ်တော့ (TikTok)တို့တွင် တွေ့ရသကဲ့သို့ပင် အမုန်းပွားစေသောမှတ်ချက်များ အများအပြား ပါရှိနေတတ် ပါသည်။ 

ပုဂ္ဂိုလ်ရေးလုံခြုံမှုဘက်မှကြည့်လျှင် ဇူးမ်(Zoom) သည် ဗွီဒီယိုနှင့် အသံများအတွက်  အချက်အလက် လုံခြုံမှုအသေားပေးသောလုပ်ငန်းစဉ် (end-to-end encryption)နှင့် အသုံးပြုသူ၏သတင်းအချက်အလက်များ လုံခြုံမှုရှိစေမည့် အကာအကွယ်ပေး‌ရေးအစီအစဉ်များအပါအဝင် အသုံးပြုသူ၏ပုဂ္ဂလိကလုံခြုံမှုကို အကာ အကွယ်ပြုသော အစီအစဉ်များ များစွာဖော်ထုတ်အသုံးပြုထားပါသည်။

 

[1] Binnquist AL, Dolbier SY, Dieffenbach MC, Lieberman MD (2022) The Zoom solution: Promoting effective cross-ideological communication online. PLoS ONE 17(7): e0270355. https://doi.org/10.1371/journal.pone.0270355

[2] Standard Insights: The Most Popular Social Media Platforms in Myanmar, https://standard-insights.com/blog/the-most-popular-social-media-platforms-in-myanmar/

[3] Washington Post: Federal prosecutors accuse Zoom executive of working with Chinese government to surveil users and suppress video calls, https://www.washingtonpost.com/technology/2020/12/18/zoom-helped-china-surveillance/

[4] RFA: Minister of the Military Council, Daw Thant Khaing, was protested, https://www.rfa.org/burmese/news/sac-minister-protest-11252022105758.html