နိုင်ငံရေးအရ ငြိမ်းချမ်းရေးဆိုတာဘာလဲ။
နိုင်ငံရေးအရ ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေမရှိတဲ့အပြင် လူမှုရေးတရားမျှတမှုကိုပါ ဆောင်ကျဉ်းပေးခြင်းဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေမရှိတော့တာကို အင်္ဂါမစုံသေးတဲ့ ငြိမ်းချမ်းရေးလို့ နားလည်သဘောပေါက်ကြပြီး အင်္ဂါရပ်အပြည့်အစုံပါတဲ့ ငြိမ်းချမ်းရေးဆိုတာက လူ့အဖွဲ့အစည်းထဲက တစ်ဦးချင်းစီတိုင်းအတွက် တန်းတူညီမျှမှုနဲ့ လူ မှုရေးတရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့အခါမှ ရရှိလာခြင်းဖြစ်ပါတယ်။[1] အင်္ဂါရပ်ပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို ဖော်ညွှန်းနေတဲ့ အခြားလက္ခဏာရပ်တွေထဲမှာ လူမှုသဟဇာတရှိခြင်း၊ ဟန်ချက်ညီခြင်းနဲ့ အေးချမ်းငြိမ်သက်ခြင်းတွေ ပါဝင်နေကြပါတယ်။ အမြင့်ဆုံး အန္တိမရည်မှန်းချက်ပန်းတိုင်က အဓွန့်ရှည်တည်တံ့ပြီး ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဖြစ်ပါတယ်။ အင်္ဂါမစုံသေးတဲ့ ငြိမ်းချမ်းရေးကနေ အင်္ဂါရပ်ပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို ထပ်ပိုးတည်ဆောက်ယူတာက အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးလမ်းကြောင်းဆီကို ဦးတည်တဲ့ နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

လူတစ်ဦးချင်းစီအလိုက် ငြိမ်းချမ်းရေးအပေါ် အနက်ဖွင့်ဆိုမှုပုံစံချင်း မတူညီကြတဲ့အတွက် နိုင်ငံရေးမှာ ငြိမ်းချမ်းရေးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ သိမ်မွေ့ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံရေးသမားတိုင်းမှာ ငြိမ်းချမ်းရေးကို မတူညီတဲ့ပုံစံနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ကိုယ်ပိုင်အမြင်တွေ အသီးသီးရှိနေကြပါတယ်။ အပေါ်က အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ လူတိုင်းလူထုဝန်ဆောင်မှုတွေနဲ့ အရင်းအမြစ်တွေကို တန်းတူလက်လှမ်းမီ အကျိုးခံစားခွင့်ရရှိစေမယ့် အင်္ဂါပြည့်စုံတဲ့ ငြိမ်းချမ်းရေးနဲ့ လူမှုရေးတရားမျှတမှုဆီကို ဦးတည်လျှောက်လှမ်းနေတဲ့ လှုပ်ရှားမှုတွေကို ထိန်းကျောင်း လမ်းညွှန်ပေးပြီး ငြိမ်းချမ်းရေးဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာအောင် အထောက်အကူပြုနေ ပါတယ်။
လူတိုင်းအတွက် ငြိမ်းချမ်းရေးအဓိပ္ပာယ်ချင်း ကွဲပြားနေကြသလိုပဲ လူမှုရေးတရားမျှတမှုရဲ့ အဓိပ္ပာယ်နဲ့ ချဉ်းကပ်မှုပုံစံ တွေအပေါ် နားလည်လက်ခံထားတဲ့ အမြင်တွေလည်းမတူညီကြပါဘူး။ ဥပမာအားဖြင့် အရင်းရှင်စနစ်ဟာ စီးပွားရေး လွတ်လပ်မှုနဲ့ တစ်ဦးချင်းလွတ်လပ်ပိုင်ခွင့်ကို တန်ဖိုးထားတယ်ဆိုပေမယ့် နောက်ဆက်တွဲအနေနဲ့ အကြီးအကျယ်ဆင်း ရဲမွဲတေမှုနဲ့ အိမ်ခြေယာမဲ့ဖြစ်ခြင်းတွေ အမြဲတမ်းလိုလိုဒွန်တွဲပါ လာတတ်ပါတယ်။ ဆိုရှယ်လစ်တွေကျတော့ အများပြည်သူ စီးပွားရေးဖူလုံရေးနဲ့ လူမှုဖူလုံရေးအတွက် တစ်ဦးချင်းလွတ်လပ်ပိုင်ခွင့်ကို စတေးပစ်ဖို့လည်း ဝန်မလေးကြပါဘူး။[2] ဒီလိုချဉ်းကပ်မှုတွေမှာ အားနည်းချက်တွေနဲ့ အားသာချက်တွေ ကိုယ်စီအသီးသီးရှိကြတာမို့ လူမှုရေးတရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ တစ်ခုတည်းသောအဖြေမှန်ဆိုတာမျိုးမရှိပေမယ့် အဓွန့်ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် လူမှုရေးတရားမျှတမှုရှိအောင် ကြိုးပမ်းအားထုတ်သွားကြဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။
နိုင်ငံရေးမှာ ငြိမ်းချမ်းရေးဟာ လူ့အဖွဲ့အစည်းအတွင်းက လူတွေရဲ့ နေ့စဉ်ရှင်သန်မှုဘဝမှာ ငြိမ်းချမ်းမှုကိုခံစားရစေတဲ့ နေ့တဓူဝငြိမ်းချမ်းရေးနဲ့ အပြန်အလှန် ဆက်နွယ်ပတ်သက်နေပါတယ်။ ရပ်ရွာကိုယ်၌ကိုက ငြိမ်းချမ်းနေမှသာ ရပ်ထဲရွာထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းထဲက လူတိုင်း နေ့စဉ်ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ရေးအတွက် လူမှုရေးသဟဇာတရှိဖို့ မဖြစ်မနေလိုအပ်တာကြောင့် နိုင်ငံရေးကဏ္ဍ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာ ပါဝင်နေတဲ့အတိုင်း လူမှုရေးသဟဇာတရှိဖို့ အင်မတန်အရေးကြီးပါတယ်။ လူထု လူတန်းစား အလွှာပေါင်းစုံကြားထဲထိ အသက်ဝင်နေမှသာ ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေနဲ့ လူထုလူတန်းစားတွေအကြား ပေါင်းစည်းဆောင်ရွက်မှုက အဓွန့်ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်တဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ထိန်း ချုပ်ခြင်းအားဖြင့် နိုင်ငံရေးအဖွဲ့အစည်းတွေဟာ အင်္ဂါမစုံသေးသည့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းနိုင်တဲ့ အဓိက အခန်းကဏ္ဍမှာ ရှိနေကြပါတယ်။ အင်္ဂါစုံတဲ့ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ လူ့အဖွဲ့အစည်းထဲမှာရှိ နေသူတိုင်းကို တန်းတူအခွင့်အရေးပေးမယ့် အဖွဲ့အစည်းတွေနဲ့ ဝန်ဆောင်မှုတွေ ဖွဲ့စည်းပေးအပ်သွားဖို့လိုသလို အ ကြမ်းမဖက်တဲ့နည်းနဲ့ ပဋိပက္ခကို ဖြေရှင်းသွားကြဖို့ အားပေးတိုက်တွန်းတဲ့ လူမှုအဝန်းအဝိုင်းမျိုးဖြစ်လာအောင် ပျိုး ထောင်သွားရမှာဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးတည်ငြိမ်မှုကသာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် ပုံဖော် ထုဆစ်ရာမှာ ပြန်ပြီးအထောက်အကူဖြစ်စေမယ့် အပြန်အလှန်လက်ခံမှုနဲ့ လေးစားအသိအမှတ်ပြုမှုဆိုတဲ့ စံတန်ဖိုးတွေ နဲ့အညီ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတူယှဉ်သန်နေထိုင်နိုင်စေမယ့် ပတ်ဝန်းကျင်မျိုးပေးအပ်နိုင်ပါလိမ့်မယ်။ “တစ်ပါး သူတွေ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုရှိရှိနဲ့ အေးချမ်းသာယာစွာ နေထိုင်နိုင်မှသာလျှင် ကိုယ်တိုင်လည်း ဘေး အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုရှိရှိနဲ့ အေးချမ်းသာယာစွာ နေထိုင်သွားနိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။”[3]
ငြိမ်းချမ်းရေးဆိုတာ ကိုယ်ကအစပြုရတာဖြစ်ပါတယ် - အင်အားရှိဖို့လိုပါတယ်
ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အင်အားရှိဖို့လိုပြီး စဥ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကသာလျှင် ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်းနိုင်စေမှာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်စဲလိုက်တာက ငြိမ်းချမ်းရေးဆီကိုသွားမယ့် ပထမဦးဆုံးသော ခြေလှမ်းဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ ပဋိပက္ခရေချိန်လျှော့ချပြီး အကြမ်းဖက်မှုကို အ ဆုံးသတ်ဖို့ အသုံးချနိုင်တဲ့ နည်းပရိယာယ်တွေ အများအပြားရှိနေပါတယ်။ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖွဲ့ဖျက်သိမ်း ရေးနဲ့ လူမှုဘဝပြန်လည်ပေါင်းစည်းရေး(DDR)နဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်း(SSR)တွေဟာ စစ်ပွဲနဲ့ အ ကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်စေမယ့် အကောင်းဆုံးမဟာဗျူဟာတွေဖြစ်ကြပါတယ်။[4]
လက်နက်ဖြုတ်သိမ်းရေး
လက်နက်ဖြုတ်သိမ်းရေးဆိုတာ လက်နက်တွေကို စနစ်တကျပြန်လည်သိမ်းဆည်းပြီးတော့ ဖျက်ဆီးလိုက်တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေအားလုံး အသီးသီးလက်နက်စွန့်ကြဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဒီလုပ် ငန်းစဉ်ကို အစပြုဖို့နဲ့ စီမံခန့်ခွဲသွားဖို့ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုနိုင်ပါတယ်။
တပ်ဖွဲ့ဖျက်သိမ်းရေး
တပ်ဖွဲ့ဖျက်သိမ်းရေးဆိုတာက လက်နက်ကိုင်အဖွဲ့တွေကို ရုပ်သိမ်းလိုက်ပြီး နှစ်ဖက်ရန်လိုတိုက်ခိုက်တာတွေ ဆက်မ လုပ်ဖြစ်အောင် တားဆီးကာကွယ်ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေကို ရုပ်သိမ်းတာနဲ့ စစ်ဆင်ရေး ပယ်ဖျက်တာတွေကို လုပ်ဆောင်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာရှိကြတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို နိုင်ငံရေးခေါင်းဆောင်တွေ ကနေ အစပြုရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ လက်နက်ကိုင်တွေကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိ ပြီး တပ်ဖွဲ့ဖျက်သိမ်းလိုက်ဖို့ လက်ခံသဘောတူရပါမယ်။ ဒါ့အပြင် လက်နက်ဖြုတ်သိမ်းပြီး တပ်ဖွဲ့ဖျက်သိမ်းတဲ့ လုပ်ငန်း စဉ်တွေ အဆင်ချောမွေ့အောင် အများပြည်သူရဲ့ အားပေးထောက်ခံမှုကလည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။
လူမှုဘဝပြန်လည်ပေါင်းစည်းရေး
လူမှုဘဝပြန်လည်ပေါင်းစည်းရေးဆိုတာ စစ်သားတွေ စစ်ပွဲကနေပြန်လာကြတဲ့အချိန်မှာ သူတို့ကို လူ့အဖွဲ့အစည်းနဲ့ ပြန် လည်ပေါင်းစည်းပေးဖို့ လုပ်ဆောင်ရတဲ့အလုပ်ဖြစ်ပါတယ်။ စစ်သားဘဝကနေ အရပ်သားဘဝကို ကူးပြောင်းရတဲ့အခါ မှာ အခက်အခဲရှိလာနိုင်ပါတယ်။ ဒါ့အပြင် သတ်မှတ်ကာလတစ်ခုအထိ အပြန်အလှန်ပစ်ခတ်နေကြတဲ့ တိုက်ပွဲကြားထဲ နေခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ စိတ်နေစိတ်ထားတွေကြောင့် စိတ်ဒဏ်ရာတွေရလာနိုင်တဲ့အတွက် နောက်ပိုင်း အခြေအ နေတွေကို ပိုရှုပ်ထွေးသွားစေနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း တစ်ချို့ရပ်ရွာအသိုင်းအဝိုင်းတွေမှာ ကိုယ့်ရပ်သူရွာ သားအချင်းချင်း ထိခိုက်အောင်လုပ်တတ်တဲ့ နေရပ်ပြန်စစ်သားတွေကို တွေ့ကြုံလာရနိုင်ပါတယ်။ ဒီနေရာမှာ အသွင်ကူး ပြောင်းရေးကာလ တရားမျှတရေးရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါလာပါတယ်။
လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး
DDR လုပ်ငန်းစဉ်တွေက အရမ်းအကဲဆတ်တဲ့အတွက် ပြည်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအတွက် စီမံကိုင်တွယ် ရတာ အခက်အခဲရှိလာနိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့အောင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးက ပံ့ပိုးကူညီပေးနိုင်ပါတယ်။ SSR ဆိုတာ လုံခြုံရေးအဖွဲ့အစည်းတွေကို လူ့အခွင့်အရေးစံချိန်စံနှုန်းတွေနဲ့အညီ တာဝန်ယူမှု တာဝန်ခံမှု မြင့်မားတိုးတက်လာအောင် ပြောင်းလဲပုံဖော်ပေးခြင်းဖြစ်ပါတယ်။ SSRက သာဓကအနေနဲ့ ပြစ်ဒဏ်မခံရဘဲ လွတ်ငြိမ်းချမ်းသာခွင့်ရနေတာကို အဆုံးသတ်ပြီးတော့ ကျူးလွန်သူတွေကို သူတို့ရဲ့ဘေးအန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ် တွေအတွက် နောက်ဆက်တွဲပြစ်ဒဏ်ခံရမယ်ဆိုတာကို သိရှိလာစေတဲ့ တရားရေးစနစ်မျိုးကို ထူထောင်ပေးနိုင်ပါတယ်။ SSR ရဲ့ ရည်မှန်းချက်ပန်းတိုင်က အများပြည်သူကို အလုပ်အကျွေးပြုပြီး တန်းတူညီမျှရေးနဲ့ တရားမျှတရေးစံတန်ဖိုး တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် အစိုးရယန္တရားတွေကို ဖွဲ့စည်းထူထောင်ဖို့ဖြစ်ပါတယ်။
SSR နဲ့ DDR ဟာ စစ်ပွဲကနေ ငြိမ်းချမ်းရေးဆီကို အသွင်ကူးပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်စေတဲ့ လုပ်ငန်းစဉ် တွေဖြစ်ကြပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့လူထုတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေဆဲဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး ဆက်ရှိနေမယ်ဆိုရင် လက်နက်ကိုင်အင်အားစုတွေက သူ့တို့ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို စွန့် လွှတ်ကြမှာမဟုတ်တဲ့အတွက် DDR ကို ဖော်ဆောင်တဲ့နေရာမှာ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အများ ကြီးလုပ်ကြရတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ တပ်ဖွဲ့ဖျက်သိမ်းလိုက်တာက ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုနဲ့ တွေ့ဆုံ ဆွေးမှုကို စိတ်ရင်းစေတနာအမှန်နဲ့ ပြုလုပ်ခြင်းဖြစ်တယ်ဆိုတာကို ပြသရာရောက်စေပါတယ်။ DDR နဲ့ SSR ဖော် ဆောင်ဖို့ အင်အားရှိဖို့လိုတာက ငြိမ်းချမ်းရေးအတွက် ဘယ်လိုအင်အားတွေ လိုအပ်သလဲဆိုတာကို ထင်ဟပ်ပြသပေး နေပါတယ်။ ဩဇာလွှမ်းမိုးနိုင်တဲ့ အင်အားကလည်း နောက်ထပ်ငြိမ်းချမ်းရေးအတွက် အင်အားလိုအပ်တဲ့ လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ ဒါတွေက ငြိမ်းချမ်းရေး၊ လူထု၊ နိုင်ငံရေးသမား သို့မဟုတ် နှစ်ခုစလုံးကို ဘယ်သူတွေမောင်း နှင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်သွားစေပါလိမ့်မယ်။
နိုင်ငံရေးခေါင်းဆောင်များ သိထားသင့်သည့် ငြိမ်းချမ်းရေးအမျိုးအစားများ
နိုင်ငံရေးခေါင်းဆောင်တွေ သိထားသင့်တဲ့ ငြိမ်းချမ်းရေးပုံစံအမျိုးမျိုးမှာ အင်္ဂါမစုံသေးတဲ့ငြိမ်းချမ်းရေးနဲ့ အင်္ဂါစုံငြိမ်း ချမ်းရေး၊ နှစ်မျိုးစပ်ငြိမ်းချမ်းရေးအုပ်ချုပ်စီမံမှုပုံစံအမျိုးမျိုး၊ လူလူချင်း ငြိမ်းငြိမ်းချမ်းချမ်းပေါင်းသင်းဆက်ဆံ ရေးနဲ့ အတွင်းစိတ်ငြိမ်းချမ်းရေးတို့ ပါဝင်နေကြပါတယ်။ နားလည်သဘောပေါက်ထားဖို့ အရေးကြီးတဲ့ နှစ်မျိုးစပ်ငြိမ်း ချမ်းရေး အုပ်ချုပ်စီမံမှုပုံစံသုံးမျိုးရှိပါတယ်။[5]
|
နှစ်မျိုးစပ်ငြိမ်းချမ်းရေး |
||
|
ဒီမိုကရေစီအစုအဖွဲ့တွေထဲက ဒီမိုက ရေစီမဆန်တဲ့ စံတန်ဖိုးများ - မိသားစုအချိတ်အဆက်များ၊ ဆွေ မျိုးကောင်းစားရေးဝါဒ - ပွင့်လင်းမြင်သာမှုနဲ့ မျှမျှတတရှိမှု အားနည်းမှုများ - အတော်အသင့် အရဲစွန့်ရမှု အန္တရာယ်ရှိ |
သမားရိုးကျ အစိုးရပြင်ပ လူမှုဘဝ ပြန်လည်ပေါင်းစည်းရေး - လွှတ်တော်ထဲက ရွာသူကြီးများ၊ ရိုးရာခေါင်းဆောင်များ - အများတရားဝင်လက်ခံအသိအ မှတ်ပြုမှုနှင့် ယုံကြည်စိတ်ချရမှု မြင့် မားတိုးတက်လာစေခြင်း - အရဲစွန့်ရမှုအန္တရာယ်နည်းပါး |
အကြမ်းဖက်တတ်သူများပါဝင်တဲ့ လူမှုဘဝပြန်လည်ပေါင်းစည်းရေး - အစိုးရ/လွှတ်တော်ထဲမှာ စစ်နယ် ရှင်တွေပါဝင်နေခြင်း - မဟာဗျူဟာအရ တည်ငြိမ်အေး ချမ်းရေးကို ရွေးချယ်ရပေမယ့် မ တည်ငြိမ်မှုနဲ့ အကျင့်ပျက်ခြစားနိုင် တဲ့ အရဲစွန့်ရမှုအန္တရာယ်များ ဆက်ရှိ နေခြင်း - အရဲစွန့်ရမှုအန္တရာယ်မြင့်မား |
ပထမပုံစံက ဒီမိုကရေစီအစုအဖွဲ့တွေအတွင်းမှာ ရွေးချယ်မှုတွေကို ဒီမိုကရေစီအခြေခံမူတွေပေါ်မှာထက် မိသားစုအ ချိတ်အဆက်လို စံတန်ဖိုးတွေအပေါ် အခြေခံပြီးဆုံးဖြတ်တဲ့အခါမျိုးမှာ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ် လာခဲ့ရင် အစိုးရအဖွဲ့အစည်းရဲ့ ပွင့်လင်းမြင်သာမှုနဲ့ မျှမျှတတရှိမှုတွေ လုံးပါးပါးပြီးလှိုက်စားသွားနိုင်ပါတယ်။
နှစ်မျိုးစပ်ငြိမ်းချမ်းရေးအုပ်ချုပ်စီမံမှုရဲ့ ဒုတိယပုံစံက အစိုးရမဟုတ်တဲ့ သမားရိုးကျအရပ်ဖက်အဆောက်အအုံတွေကို တရားဝင်အစိုးရဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပေါင်းစပ်လိုက်တဲ့အတွက် ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် လွှတ်တော်ထဲမှာ ရွာသူကြီးတွေကို ပါဝင်ဆောင်ရွက်စေတာမျိုးဖြစ်ပါတယ်။ ဒီလိုနှစ်မျိုးစပ်ပုံစံက အစိုးရအဖွဲ့အစည်း အပေါ် အများပြည်သူယုံကြည်စိတ်ချမှုနဲ့ တရားဝင်လက်ခံအသိအမှတ်ပြုမှု မြင့်မားတိုးတက်လာအောင် အကျိုးဆောင် ပေးနိုင်ပါတယ်။
နှစ်မျိုးစပ်ငြိမ်းချမ်းရေး အုပ်ချုပ်စီမံမှုရဲ့ နောက်ဆုံးပုံစံက လွှတ်တော်ထဲကို အကြမ်းဖက်တတ်တဲ့ အစိုးရမဟုတ်တဲ့ ဇာတ်ကောင်တွေကို ထည့်သွင်းပေါင်းစည်းလိုက်တဲ့အတွက် ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဒီပုံစံထဲမှာ မတည်ငြိမ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ဆက်လက်ဖြစ်ပွားစေတဲ့ အရဲစွန့်ရမှုအန္တရာယ်တွေ တွဲပါလာ တတ်တဲ့အတွက် ရွေးချယ်ချင်စရာအကောင်းဆုံး အုပ်ချုပ်ရေးပုံစံတစ်ခုတော့ မဟုတ်နေပါဘူး။ ဒါပေမယ့် အချို့သော အခြေအနေတွေမှာ စစ်နယ်ရှင်တွေကို အစိုးရအတွင်း ထည့်သွင်းဖွဲ့စည်းလိုက်တာက မဟာဗျူဟာအရ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နေနိုင်ပါတယ်။ အကယ်၍ ဒေသတစ်ခုမှာ စစ်နယ်ရှင်တွေ သို့မဟုတ် အခြားအကြမ်းဖက်တတ်တဲ့ ဇာတ်ကောင်တွေက သိသိသာသာအင်အားကြီးနေသော်ငြားလည်း နိုင်ငံရေးစနစ်သစ်ပြောင်းတဲ့နေရာမှာ သူတို့ရဲ့ကိုယ် စားပြုမှု ကင်းမဲ့နေခဲ့မယ်ဆိုရင် ဒါက သူတို့အတွက် အစိုးရသစ်ကို ပြန်တိုက်ပြီး ဖြုတ်ချပစ်လိုက်ဖို့ တွန်းအားပေးတဲ့ မက်လုံးမျိုးဖြစ်သွားနိုင်ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ နားလည်သဘောပေါက်ဖို့ အရေးကြီးတဲ့ အခြားငြိမ်းချမ်းရေးပုံစံတွေထဲမှာ နိုင်ငံရေးအနက် ဖွင့်ဆိုချက်တွေထက် ပိုပြီးကျယ်ပြန်တဲ့ ငြိမ်းချမ်းရေးအရွေ့တွေလည်း ပါဝင်နေကြပါတယ်။ သာဓကအားဖြင့် လူလူချင်း ငြိမ်းငြိမ်းချမ်းချမ်း ပေါင်းသင်းဆက်ဆံနိုင်ရပါမယ်။[6] ဒီငြိမ်းချမ်းရေးက လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့ နေ ရာမှာ ချောမွေ့သဟဇာတရှိပြီး အပြန်အလှန်လေးစားမှုရှိတာမျိုးကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ အင်္ဂါစုံငြိမ်းချမ်းရေးရှိလာအောင် လူလူချင်း ငြိမ်းငြိမ်းချမ်းချမ်း ပေါင်းသင်းဆက်ဆံကြဖို့ အရမ်းအရေးကြီးပါတယ်။
နောက်ထပ် အကျိုးသက်ရောက်မှုကြီးမားတဲ့ ငြိမ်းချမ်းရေးပုံစံကတော့ စိတ်ငြိမ်းချမ်းရေးဆိုတဲ့ အတွင်းအဇ္ဈတ္တငြိမ်း ချမ်းရေးဖြစ်ပါတယ်။ အင်္ဂါစုံငြိမ်းချမ်းရေးရရှိဖို့နဲ့ အဓွန့်ရှည်တည်တံ့မှုရှိလာစေဖို့ ခေါင်းဆောင်တွေအနေနဲ့ တည်ငြိမ်ပြီး ရှင်းလင်းကြည်လင်နေတဲ့ခေါင်းနဲ့ ဆုံးဖြတ်ပြီး လုပ်ကိုင်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အတွင်းစိတ်ကိုက ငြိမ်းချမ်းနေပါမှ ခေါင်းဆောင်တွေအနေနဲ့ ထိထိရောက်ရောက် ဦးစီးခေါင်းဆောင်ပြီး အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နိုင်ကြမှာပါ။ ဒါကြောင့် ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံရေးသမားတွေအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းသိမြင်နေဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်ရဲ့အုပ်ချုပ်ခံ လူထုလူတန်းစားတွေကို အကောင်းဆုံး အလုပ်အကျွေးပြုမယ့် ဆုံးဖြတ်ချက်တွေက ဘာတွေဖြစ်မလဲဆိုတာကို သဲသဲကွဲကွဲ သိမြင်လာနိုင်မှာဖြစ်ပါတယ်။ အတွင်းစိတ်ငြိမ်းချမ်းအောင်် ဘယ်လိုထားရမလဲဆိုတာကို ကောင်းကောင်းသိခြင်းအားဖြင့် ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ ရွေးချယ်မှုတွေ အံဝင်ခွင်ကျရှိအောင်ပြုလုပ်ရတာ ပိုပြီးလွယ်ကူအဆင်ပြေလာမှာ ဖြစ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးရေခံမြေခံ - မဖြစ်မနေ သိမြင်နားလည်ထားရမည့်အရာများ
မြန်မာ့ငြိမ်းချမ်းရေးရေခံမြေခံနဲ့ပတ်သက်ပြီး မဖြစ်မနေနားလည်သိရှိထားရမယ့် အရေးအကြီးဆုံးအရာတစ်ခုကတော့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေက နိုင်ငံရေးအဆင့်မှာရော အောက်ခြေမြေပြင်မှာပါ တစ်ပြိုင်ထဲဖြစ်ပျက်နေခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အကဲဆတ်တဲ့ အကြောင်းအရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ပါဝင်ဆောင်ရွက်နေကြသူ တစ်ယောက်ချင်းစီရဲ့ ဘေးကင်းလုံခြုံမှုအတွက် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုတွေဟာ သိုသိုသိပ်သိပ်နဲ့ အလွတ်သ ဘောပုံစံမျိုး ရှိနေတတ်ကြပါတယ်။ နိုင်ငံထဲကပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် စိတ်သဘောထားပုံစံတွေ အမျိုးမျိုး ကွဲနေကြသလို ပဋိပက္ခဇာတ်ကောင်အလိုက် သူတို့ကိုစေ့ဆော်ပေးနေတဲ့ အကြောင်းတရားတွေကလည်း အမျိုးမျိုးဖြစ် နေတာက အတော်လည်းစိန်ခေါ်မှုကြီးမားလာစေပါတယ်။ မတူညီကြတဲ့ ပဋိပက္ခဇာတ်ကောင်အသီးသီးကို စေ့ဆော်ပေးနေတဲ့ အကြောင်းတရားအမျိုးမျိုးကို နားလည်သဘောပေါက်ပါမှ ရှုပ်ထွေးလွန်းတဲ့ မြန်မာ့ငြိမ်းချမ်းရေးရေခံမြေခံကို ခြေရာခံပုံဖော်နိုင်မှာဖြစ်ပါတယ်။
ပဋိပက္ခဇာတ်ကောင်တွေကို အများအားဖြင့် လောဘ သို့မဟုတ် နာကျည်းနစ်နာချက်တွေက စေ့ဆော်ပေးနေလေ့ရှိပါတယ်။[7] နှစ်ရှည်လများဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေက လောဘကိုအခြေခံပြီး အာဏာနဲ့ နယ် မြေထိန်းချုပ်စိုးမိုးမှု ပိုပြီးကျယ်ပြန့်လာအောင် တိုးချဲ့လို့ရစေမယ့် အခြေအနေတွေကို ဖန်တီးပေးနေပါတယ်။ တစ်ချိန်ထဲ လိုလိုမှာ မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့စစ်ပွဲကြီးက အကျင့်ပျက်ခြစားမှု သို့မဟုတ် ခြိမ်းခြောက်ငွေညှစ်မှုလို တရားမဝင် နည်းလမ်းတွေနဲ့ ငွေရှာလို့ရစေမယ့် အခွင့်အလမ်းတွေကိုပါ ဆောင်ကျဉ်းလာပါတယ်။ သမိုင်းကြောင်းအရ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို မသိကျိုးကျွန်ပြုငြင်းပယ်မှုက မျက်မှောက်ခေတ်ပဋိပက္ခအ ပေါ် ယနေ့အချိန်ထိ လွှမ်းမိုးထားဆဲဖြစ်တဲ့ နာကျည်းနစ်နာချက်တွေကို ဆက်ပြီးသက်ဆိုးရှည်စေခဲ့ပါတယ်။[8] ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို မဖြစ်မနေဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါ့အပြင် သူတို့ရဲ့နာကျည်းနစ်နာချက်တွေကို အသိအမှတ်ပြုပြီး အဓွန့်ရှည်တည်တံ့မှုရှိစေမယ့် အဖြေတွေကို ကြိုးစားရှာဖွေနေပါတယ်ဆိုတာကို ပြဆိုတဲ့အနေနဲ့ မတူကွဲပြားတဲ့ လူထုလူတန်းစားအစုအဖွဲ့တွေကို အခြေခံရပိုင်ခွင့် အခွင့်အရေးတွေ တန်းတူပေးအပ်ခြင်းအားဖြင့် ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်နိုင်စေပါလိမ့်မယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ မတူကွဲပြားတဲ့အဆင့်တွေနဲ့ မဟာဗျူဟာတွေ ပါဝင်နေကြတဲ့အတွက် သက်ဆိုင်ရာ ပဋိပက္ခရေခံမြေခံအပေါ်လိုက်ပြီး အလိုက်သင့်ပြင်ဆင်ယူသင့်ပါတယ်။ နယ်မြေတစ်ခုမှာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့တာက အရေးအကြီးဆုံး ဖြစ်နေတယ်ဆိုပေမယ့် အခြားနယ်မြေတစ်ခုမှာကျတော့ အပြန်အလှန် တွေ့ဆုံဆွေးနွေးတာက အကျိုးအရှိဆုံးအရွေ့တစ်ခု ဖြစ်နေပါလိမ့်မယ်။ မြန်မာ့ငြိမ်းချမ်းရေးရေခံမြေခံနဲ့ ပတ်သက်ပြီး မဖြစ်မနေနားလည်ထားဖို့လိုတာက ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာ အရွယ်အစားမျိုးစုံ ပုံစံမျိုးစုံနဲ့ရှိနေကြပြီး ဒီမတူကွဲ ပြားတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတိုင်းက ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပေါင်းစည်းဆောင်ရွက်နေကြတယ်ဆိုတဲ့ အချက် ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေထဲမှာ ဝန်ဆောင်မှုလုပ်ငန်းတွေကို တစ်ပြေးညီပေးအပ်ထောက်ပံ့ပေးတာ၊ လက်နက်ဖြုတ်သိမ်းတာ၊ တွေ့ဆုံဆွေးနွေးတာနဲ့ စေ့စပ်ညှိနှိုင်းတာတွေ ပါဝင်နေကြပါတယ်။ အပြန်အလှန်လက်ခံအသိ အမှတ်ပြုမှုနဲ့ အကြမ်းမဖက်တဲ့ ဖြေရှင်းရေးလမ်းကြောင်းတွေကို ရွေးချယ်ဖော်ထုတ်သွားမယ့် နိုင်ငံရေးဆိုင်ရာဆုံး ဖြတ်ချက်တွေချမှတ်တာနဲ့ စိတ်နေစိတ်ထားအပြောင်းအလဲပြုလုပ်တာတွေကလည်း ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေက အမြဲတမ်းတော့ ထင်သာမြင်သာမရှိတတ်ပေမယ့် အမြဲတမ်းလိုလို ထိ ရောက်အကျိုးရှိစေပါတယ်။
သေးငယ်တဲ့ ကြိုးပမ်းမှုလေးတွေက ငြိမ်းချမ်းရေးကို ဘယ်လိုအထောက်အကူဖြစ်စေသလဲဆိုတာကို ပြသနေတဲ့အကောင်းဆုံးသာဓကတစ်ခုကတော့ တစ်ခြားဘယ်သူ့ဆီကမှ အကူအညီရလာနိုင်ခြေမရှိကြတဲ့ တစ်သီးပုဂ္ဂလတွေနဲ့ အစုအဖွဲ့တွေကို ထောက်ပံ့ကူညီပေးနေကြတဲ့ ရပ်ရွာအခြေပြုလူသားချင်းစာနာထောက်ထားရေး ကွန်ရက်တွေဖြစ်ကြ ပါတယ်။
စိတ်နေသဘောထား ပြောင်းလဲလိုက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ရှင်းလင်းမြင်သာစေတဲ့ နောက်ထပ်သာဓကတစ်ခုကတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးအပေါ် နားလည်လက်ခံမှု ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးကို မကြာခဏဆိုသလို လက်စားချေရမယ့် လိုအပ်ချက်တစ်ခုအဖြစ် အ မှတ်မှားတတ်ကြပါတယ်။ အကြမ်းဖက်ခံရပြီး ထိခိုက်နစ်နာခဲ့ရတဲ့အတွက် အလားတူအကြမ်းဖက်မှုမျိုးနဲ့ ပြန်ပြီးဒဏ် ခတ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတာကို စာနာနားလည်ပေမယ့် ဒါကမပြီးဆုံးနိုင်တဲ့ အကြမ်းဖက်မှုသံသရာဆီကိုပဲ ဦးတည် သွားစေပါလိမ့်မယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးအလှည့်အပြောင်းဖြစ်ဖို့ဆိုရင် လက်စားချေဖို့ဆိုတာ ထက် ကုစားဖို့လိုအပ်တဲ့အရာလို့ နားလည်သဘောပေါက်ရပါမယ်။ ဒီလိုကုစားခြင်းအားဖြင့်သာလျှင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ ရှေ့ခရီးကို အတူဆက်လျှောက်နိုင်ကြမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို ဘယ်သူမောင်းနှင်သလဲ - နိုင်ငံရေးသမားတွေလား လူထုလား သို့မဟုတ် အတူတကွ လား။
ငြိမ်းချမ်းရေးကို လူထုနဲ့ နိုင်ငံရေးသမားတွေ အတူလက်တွဲပြီး မောင်းနှင်ကြရမှာဖြစ်ပါတယ်။ လူတိုင်းမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တိုင်းက ငြိမ်းချမ်းရေးကိုရှေးရှုဖြစ်လာအောင် စွမ်းဆောင်နိုင်တဲ့ အင်အားတွေရှိကြပါတယ်။ နိုင်ငံရေးသမား တွေနဲ့ ရပ်ရွာခေါင်းဆောင်တွေဟာ လက်စားချေဖို့ကို ရွေးချယ်မလား သို့တည်းမဟုတ် အကြမ်းမဖက်တဲ့ ဖြေရှင်းရေး လမ်းကြောင်းကို ရွေးချယ်မလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် သူတို့ရဲ့ ရွေးချယ်မှုတွေနဲ့အတူ ရှေ့ဆောင်လမ်းပြ ကြရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုအောက်မှာ စစ်သွေးစစ်မာန်တွေကို ခွာချလိုက်ပြီး အဓွန့်ရှည်တည်တံ့ခိုင် မြဲတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးမယ့် မဟာဗျူဟာတွေကို ရွေးချယ်ဆုံးဖြတ်ဖို့ တွန်းအားပေးနိုင်တဲ့ အင်အားရှိ ကြပါတယ်။ ဒီလိုစဉ်းစားရွေးချယ်မှုတွေကို အောက်ခြေမြေပြင်ကလူတွေလည်း လိုက်လုပ်နိုင်ပါတယ်။ ကိုယ်နဲ့မတူတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံကြတဲ့အခါ အမုန်းတွေနဲ့ အာဃာတတွေကိုဘေးချထားပြီး အပြန်အလှန်လက်ခံအသိအမှတ် ပြုမှုနဲ့ မေတ္တာတရားကို အစားထိုးနေရာပေးဖို့ ရွေးချယ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးကို မောင်းနှင်တဲ့နေရာမှာ နိုင်ငံရေး သမားတွေနဲ့ လူထုအကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နှစ်ဖက်လက်ခံထားတဲ့ စံတန်ဖိုးတွေ သဟဇာတရှိ သွားတဲ့အခါ ငြိမ်းချမ်းရေးကို အတူတကွမောင်းနှင်နိုင်ပါလိမ့်မယ်။
နိုင်ငံရေးသမားတွေက လူထုရဲအမြင်သဘောထားတွေကို လွှမ်းမိုးနိုင်ကြပါတယ်။[9] ဒါကိုသိမြင်နားလည်ခြင်းက လူ ထုရဲ့ အမြင်သဘောထားအပေါ် သက်ရောက်မှုရှိတဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေရဲ့ ဩဇာလွှမ်းမိုး မှုကနေတစ်ဆင့် ငြိမ်းချမ်းရေးကို မောင်းနှင်နိုင်တဲ့ အခွင့်အရေးတစ်ခု ရလာစေပါလိမ့်မယ်။ ခေါင်းဆောင်တွေကိုယ် တိုင် ကိုယ်နဲ့အမြင်သဘောထား ကွဲလွဲနေကြတဲ့သူတွေအပေါ် လက်ခံအသိအမှတ်ပြုတဲ့ စိတ်သဘောထားပြသပြီး အ ကြမ်းမဖက်တဲ့ ပဋိပက္ခဖျန်ဖြေရေးနည်းလမ်းတွေကို ကျင့်သုံးလာတဲ့အခါ လူထုကလည်း သူတို့ခြေရာနင်းလာမှာဖြစ်တဲ့ အတွက် ဒီစံတန်ဖိုးတွေက ပိုပြီးသဟဇာတရှိ ပေါင်းစည်းညီညွတ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အသက်ဝင်လာတာကို တွေ့မြင်ရပါလိမ့်မယ်။
စိတ်ခံစားချက်တွေက နိုင်ငံရေးမှာ အရမ်းအဓိကကျတဲ့နေရာက ပါဝင်နေပါတယ်။ နိုင်ငံရေးသမားတွေရဲ့ လုပ်သမျှဆုံး ဖြတ်ချက်တွေနဲ့ လူထုအမြင်သဘောထားကို ပုံဖော်တဲ့အရွေ့တွေအထိ သက်ရောက်လွှမ်းမိုးမှုရှိလာစေတဲ့အပြင် မူဝါဒ ရေးရာဆုံးဖြတ်ချက်တွေအပေါ် အများလိုလားထောက်ခံမှုကိုပါ ရိုက်ခတ်မှုရှိလာစေနိုင်ပါတယ်။ သာဓကအနေနဲ့ ဒေါသထွက်နေတဲ့အချိန်မျိုးမှာ ပိုပြီးရန်လိုတဲ့ မူဝါဒတွေချမှတ်ဖို့ မျက်နှာသာပေးတဲ့ အခြေအနေဆီကို ဦးတည်သွားစေနိုင် ပါတယ်။[10] လူထုတွေအနေနဲ့ နိုင်ငံရေးသမားတွေရဲ့ ရွေးချယ်မှုတွေနဲ့ မူဝါဒချမှတ်မှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို လက်ခံရရှိတဲ့အခါမှာ အကြောင်းအရာအပေါ်မှာ ထားရှိတဲ့လူထုရဲ့သဘောထားအပေါ် ရိုက်ခတ်မှုရှိ လာစေနိုင်ပါတယ်။ အကယ်၍ နိုင်ငံရေးသမားတွေက ဒေါသတကြီးနဲ့ အကြမ်းဖက်မှုကို ပိုပြင်းထန်တဲ့အကြမ်းဖက်မှုနဲ့ တုန့်ပြန်ဖို့ကြိုးစားမိခဲ့ရင် ဒီအမျက်ဒေါသတွေက လူထုအပေါ်ရိုက်ခတ်လာပါလိမ့်မယ်။ ဒေါသကြီးတဲ့ စိတ်နေစိတ်ထားက လူထုရဲ့အပြုအမူတွေအပေါ် သွားပြီးထင်ဟပ်နေမှာဖြစ်ပြီး ပိုမိုပြင်းထန်တဲ့ ရန်လိုမှုတွေဆီကို ဦးတည်သွားတော့မှာ ဖြစ်ပါတယ်။ အခြားသူတွေကို အမုန်းအာဃာတထားတဲ့ပုံစံမျိုးနဲ့ ဦးဆောင်တာက လူ့အဖွဲ့အစည်းထဲမှာ ပိုပြင်းထန်တဲ့ အမုန်းအာဃာတတွေကို မျိုးစေ့ချပေးသလိုဖြစ်သွားပြီး လူထုအကြားမှာ ကိုယ်နဲ့မတူတဲ့ အစုအဖွဲ့ထဲက လူတွေအပေါ် ပိုပြီးအယုံအကြည်ကင်းမဲ့သွားပြီး ပိုရန်လိုလာအောင် လှုံ့ဆော်ပေးသလိုဖြစ်သွားစေနိုင်ပါတယ်။
ငြိမ်းချမ်းရေးကို မောင်းနှင်ရာမှာ နိုင်ငံရေးသမားတွေကို အထောက်အကူဖြစ်စေတဲ့ နောက်ထပ်မဟာဗျူဟာတွေကို ငြိမ်းချမ်းရေးဆိုတာ ထိုင်စောင့်နေရတာမဟုတ်ဘူး ကိုယ်တိုင်မောင်းနှင်အားဖြစ်ဖို့လိုတယ်ဆိုတဲ့ ဆောင်းပါးမှာ ဆက်ပြီးဆွေးနွေးဖော်ပြထားပါတယ်။ နိုင်ငံရေးအရ ငြိမ်းချမ်းမှုဆိုတာဘာလဲနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ သိထားသင့်တဲ့ ငြိမ်းချမ်းရေးအမျိုးအစားများဆိုတဲ့ ဆောင်းပါးတွေထဲမှာ ငြိမ်းချမ်းရေးက နိုင်ငံရေးနယ်ပယ်အတွက် ဘယ်လိုအဓိပ္ပယ်ဆောင်နေလဲဆိုတာနဲ့ နိုင်ငံရေးနယ်ပယ်ထက်ကျော်လွန်ပြီး ဘယ်လိုအဓိပ္ပာယ်ဆောင်နေသလဲ ဆိုတာတွေကို အကျယ်တဝင့် ရှင်းလင်းဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေးကို မောင်းနှင်ရတဲ့လုပ်ငန်းစဉ်က သိမ်မွေ့ရှုပ် ထွေးတဲ့အတွက် နိုင်ငံရေးသမားတွေနဲ့ လူထုအကြား ပူးပေါင်းဆောင်ရွက်ပြီး အတူကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်ပါ တယ်။
[1] GALTUNG, J. 1969. “Violence, Peace, and Peace Research.” Journal of Peace Research 6 (3): 167–91.
[2] Barash, D. P., & Webel, C. P. (2021). Peace and conflict studies (5th ed.). SAGE Publications.
[3] Murithi, T. (2009). The meaning of peace and its connection to reconciliation. In R. David (Ed.), Peacebuilding, healing and reconciliation: An analysis of unseen connections for peace (pp. 3–16). Nairobi: Pauline Publications Africa.
[4] DCAF. (2020). SSR and DDR in peace agreements: Thematic brief. Geneva: Geneva Centre for Security Sector Governance. Retrieved from DCAF publication archive
[5] Belloni, R. (2012). Hybrid peace governance: Its emergence and significance. Global Governance, 18(1), 21–38.
[6] Barash, D. P., & Webel, C. P. (2021). Peace and conflict studies (5th ed.). SAGE Publications.
[7] Keen, D. (2012). Greed and Grievance in Civil Wars
[8] Azar, E. E. (1990). The Management of Protracted Social Conflict. Theory and Cases. Aldershot: Darthmouth.
[9] Matsubayashi, T. (2013). Do politicians shape public opinion? British Journal of Political Science
[10]Sirin, C. V., Villalobos, J. D., & Geva, N. (2011). Political information and emotions in ethnic conflict interventions. International Journal of Conflict Management, 22(1), 35–59.