အသစ်များ > Twitter/ X နှင့် နိုင်ငံရေး

Twitter/ X နှင့် နိုင်ငံရေး

2024-03-19

တွီတာ (Twitter) သည် လူမှုမီဒီယာများအနက် နိုင်ငံရေးအဆန်ဆုံး လူမှုမီဒီယာတစ်ခုဖြစ်သည်။ PEW Research Centre ၏ သုတေသနပြုချက်အရ အမေရိကန်နိုင်ငံတွင် တွီတာပေါ်၌ တင်ပြကြသော အကြောင်းအရာများ အနက် သုံးပုံတစ်ပုံတိုင်းသည် နိုင်ငံရေးဆိုင်ရာများဖြစ်နေပါသည်။[1]

၂၀၂၃ခုနှစ် ဇန်နဝါရီလအထိ ကမ္ဘာအနှံ့ တွီတာနေ့စဉ်အသုံးပြုသူဦးရေသည် ၅၅၆ သန်းမျှ ရှိသည်။ တွီတာ၏ မြန်ဆန်မှုနှင့် အချိန်နှင့်အမျှပြင်ဆင်ပြောင်းလဲနိုင်မှုများက သတင်းထူးများနှင့် ခေတ်စားနေသော အကြောင်း အရာများကို ဖြန့်ဝေရန်အတွက် တွီတာသည် လူကြိုက်အများဆုံးအရင်းအမြစ်တခုဖြစ်နေပါသည်။ သတင်း ထောက်များအကြားတွင်လည်း တွီတာသည် လူကြိုက်အများဆုံးလူမှုမီဒီယာတစ်ခု ဖြစ်ပါသည်။[2]

နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ မဲဆန္ဒနယ်များနှင့်ဆက်သွယ်ရန်၊ သတင်း အချက်အလက်များကို မျှဝေရန်နှင့် ၎င်းတို့၏အစီအစဉ်များကို သိမြင်ကြစေရန် တွီတာကို အသုံးပြုကြပြီး၊ အောင်မြင်မှု ရလေ့ရှိကြသည်။ နိုင်ငံရေသမားများနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ တွီတာပေါ်တင်ပြချက်များ (tweets)သည် ခေါင်းစီးသတင်းများ ဖြစ်လာလေ့ရှိပါသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် နိုင်ငံရေးသမားများ၏ တွီတာအသုံးပြုမှုကို လေ့လာထားသော University of Amsterdam အမ်စတာဒမ်တက္ကသိုလ်၏ လေ့လာမှုတစ်ခုအရ နိုင်ငံ‌ရေးသမားများသည် အခြားနိုင်ငံရေးသမား များနှင့်ဆက်သွယ်သည့်အခါ တုန့်ပြန်တင်ပြချက်များ(retweets)ဖြင့် တုန့်ပြန်ကြသည်ထက် အမည်ဖော်ပြ ရေးသားတင်ပြချက်များ (mentions)ကို ပိုမိုပြုလုပ်လေ့ရှိကြသည်။ တွီတာအသုံးပြုမှုတွင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနားချက်များ များစွာရှိပါသည်။ အချို့နိုင်ငံများတွင် တွီတာ၏ လုပ်ဆောင်ချက်မှန်သမျှကို အသုံးပြုကြသည်အထိ တွီတာကို မက်မက်မောမောအသုံးပြုကြသည့်ယဉ်ကျေးမှုတခု ဖြစ်ပေါ်‌နေပါသည်။ အချို့သောနိုင်ငံများတွင်တော့ တွီတာပေါ်တွင် အမည်ဖော်ထုတ်တင်ပြခြင်းများ (mentions)နှင့် ပြန်လည်တင်ပြ ချက်များ(retweets)ကို ပြုလုပ်လေ့မရှိကြဘဲ၊ အချို့သောနိုင်ငံများတွင်မူ တွီတာအသုံးပြုမှု လွန်စွာနည်းပါးကြ သည်ကို တွေ့ရှိရပါသည်။[3]  

၂၀၁၉ခုနှစ်ထဲတွင် တွီတာသည် ကောင်းမွန်သော နိုင်ငံရေးဆိုင်ရာဆက်သွယ်ချက်များကို မြှင့်တင်ရန်နှင့် လွှမ်းမိုး ချယ်လှယ်မှုများကို ရှောင်ရှားရန် နိုင်ငံရေးဆိုင်ရာကြော်ငြာခြင်းကို ပိတ်ပင်ခဲ့ပါသည်။ သို့သော် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် တွီတာပိုင်ရှင်သစ် အီလွန်မက်စ်က အဆိုပါပိတ်ပင်မှုကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး၊ အကြောင်းရင်းအခြေခံကြော်ငြာများကိုလည်း အနာဂတ်တွင် ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[4] ၂၀၂၃ ခုနှစ် နှစ်လည်ပိုင်းတွင် ၎င်းက တွီတာအမည် (Tweeter) ကို အက်စ် (X) အဖြစ် ပြောင်းလဲပြီးဖြစ်ကြောင်းနှင့် အနာဂတ်တွင် ယခုထက်ပိုသော လုပ်ဆောင်ချက်များလည်းရှိလာမည်ဖြစ်ကြောင်း အသိပေးခဲ့ပါသည်။[5] စာ‌ကို ရေးသားဖော်ပြရသည့်အနေအထားတွင် အမှတ်တံဆိပ်အသစ်အောက်၌ သတင်းစကားပါးရန် အဓိကထားသည့် လူမှုမီဒီယာ(messaging platform)ကို မည်သို့ တိုးတက်စေမည်ဆိုသည့်အချက်သည် သေချာရေရာမှုမရှိသေးပဲ ဖြစ်နေပါသည်။

တွီတာ၏ မူဝါဒများနှင့် အဆင့်ဆင့်တွက်ချက်ဖြေရှင်းပေးသောစနစ်များ (algorithms)   

တွီတာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် မျှဝေခြင်းများကို မည်သို့မည်ပုံလုပ်ဆောင်ရမည်ဆိုသော ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒတစ်ခုရှိပါသည်။ တွီတာသည် တွီတာ အသုံးပြုသူ၏အတွေ့အကြုံများကို ပုဂ္ဂိုလ်ရေးဆန်သွားစေရန်နှင့် တွီတာ၏ဝန်ဆောင်မှုများကို တိုးတက်စေရန် ရည်ရွယ်၍ အမည်၊ အီးမေးလ်လိပ်စာနှင့် အင်တာနက်ချိတ်အသုံးပြုသောပစ္စည်းကို ဖော်ထုတ်ပေးသောလိပ်စာ (IP address) ကဲ့သို့သော အချက်အလက်များကို စုဆောင်းထားလေ့ရှိသည်။ တွီတာ အသုံးပြုသူများသည် မည်သည့်သတင်းအချက်အလက်ကို မျှဝေမည်၊ မည်သည့်ပုဂ္ဂိုလ်ရေးအချက် အလက်များကို လုံခြုံစွာသိမ်း ဆည်းထားမည် (privacy settings) စသည့်တို့နှင်ပတ်သက်၍ ကိုယ်တိုင် ထိန်းညှိနိုင်ပါသည်။

များစွာသောလူမှုမီဒီယာများနည်းတူ တွီတာ၏ အဆင့်ဆင့်တွက်ချက်ဖြေရှင်းပေးသောစနစ်များ (algorithms) သည် ပြိုင်ဘက်များ၏ အသံများကိုသာ တိုးမြှင့်ကျယ်လောင်စေပြီး၊ ၎င်းတို့၏ အသံများကိုမူ တိုးတိတ်စေသည်ဟု ဘက်အသီးသီးမှ နိုင်ငံရေးသမားများနှင့် သတင်းတင်ဆက်များက စွပ်စွဲပြောဆိုလေ့ရှိ ကြသည်။  အသံတိုးမြှင့်ကျယ်လောင်စေခြင်းဆိုသည်မှာ အချို့သောသတင်းစကားများကို ပရိတ်သတ်များ (followers) ထံသို့ ပိုမိုရောက်ရှိစေပြီး၊ အဆင့်ဆင့်တွက်ချက်ဖြေရှင်းပေးသည့်စနစ် (algorithms) အားဖြင့် ပရိတ်သတ်များ သိမြင်စေရန် လုပ်ဆောင်ပေးသည့်သဘော ဖြစ်ပါသည်။ တွီတာပေါ်တွင် နိုင်ငံရေးအကြောင်း အရာများကို ထိတွေ့သိမြင်စေရန် အဆင့်ဆင့်တွက်ချက်ဖြေရှင်းပေးသောစနစ်များ (algorithms)က မည်သို့ လွှမ်းမိုးမှုရှိပုံများကို ပိုမိုပွင့်လင်းမြင်သာလာစေရေး မူဝါဒချမှတ်သူများနှင့် သုတေသနပညာရှင်များက တောင်းဆိုထားကြသည်။ နိုင်ငံ(၇)နိုင်ငံနှင့် အမေရိကန်နိုင်ငံတွင် မျှဝေကြသော သတင်းဆောင်းပါးပေါင်း ၆.၂ သန်းအထိ အကြုံးဝင်သော သုတေသနလေ့လာမှုတခုတွင် လက်ယာနိုင်ငံရေးသည် လက်ဝဲနိုင်ငံရေးထက် နှိုင်းယှဉ်ခြင်းအားဖြင့် ပရိတ်သတ် ထံသို့ ပိုမိုရောက်ရှိစေသည်ဟု ဖော်ထုတ်ထားပါသည်။[6]  

မြန်မာပြည်နှင့် တွီတာ

စင်ကာပူအမျိုးသားတက္ကသိုလ်၏ လေ့လာမှုတခုအရ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း တွီတာသည် ဖေ့ဘွတ်(Facebook)အစားထိုးသုံးစွဲနိုင်သည့် လူမှုမီဒီယာတခုဖြစ်လာခဲ့သည်။ တက်ကြွလှုပ်ရှားမှု နှင့် သဘောထားအမြင်ကွဲပြားသူများအတွက် ရွေးချယ်စရာတခုဖြစ်လာခဲ့သည်။[7] 

ဖေ့ဘွတ်နှင့်နှိုင်းယှဉ်ခြင်းအားဖြင့် တွီတာသည် စိတ်ဝင်စားမှုရလိုသောလက္ခဏာရပ် (hashtag) (hashtag)များကြောင့် ကမ္ဘာလုံးအတိုင်းအတာအရ ၎င်း၏သဘောသဘာဝအရပင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုကြ သလို၊ မြန်မာနိုင်ငံတွင်လည်း အလားတူအသုံးပြုကြပါသည်။ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းထောက်များ၊ နိုင်ငံတကာရောက်မြန်မာများနှင့် တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏အမျက်ဒေါသကို ဖော်ပြခဲ့ကြပြီး၊ မြန်မာစစ်တပ်ကို ဆန့်ကျင်၍ “#မြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲ” (#whatshappeining inmyanmar)ဆိုသည့် စိတ်ဝင်စားမှုရလိုသောလက္ခဏာရပ်(hashtag)အသုံးပြု၍ ထောက်ခံမှုပြခဲ့ကြသည်။ မြန်မာနိုင်ငံပြင်ပတွင် နေထိုင်ကြသော မြန်မာနိုင်ငံဆိုင်ရာသတင်းထောက်များသည် မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်မှုသတင်းများကို အချိန်နှင့်တပြေးညီ မျှဝေနိုင်ခဲ့ကြပြီး၊ ဒေသခံပြည်သူများ၏ အသံများကို လည်း ပိုမိုကြားသိစေခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဝေးလံ ခေါင်ဖျားဒေသများမှ ဆန္ဒဖော်ထုတ်ပြသည့်သတင်းဓာတ်ပုံများကိုလည်း ဖော်ထုတ်ပြသနိုင်ခဲ့ကြပါသည်။   

နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများအား တွီတာပေါ်သို့ ရွှေ့ပြောင်းတင်ပြလာခဲ့ခြင်းကြောင့် ကမ္ဘာ့ အသိုင်းအဝိုင်းများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ သိမြင်ခွင့်ရလာခဲ့သည်။ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများနှင့်ပတ်သက်သော အယူအဆများအပါအဝင် မတူကွဲပြားသောရှုမြင်ချက်များနှင့် ရိုဟင်ဂျာ ကိစ္စနားလည်ချက်တို့ကို ရှုထောင့်အသစ်ဖြင့် ကြည့်မြင်ခွင့် ရလာခဲ့ပါသည်။ ထိုလေ့လာမှုအရ အထူးသဖြင့် လူငယ်များအတွက် အမြင်ဖွင့်ပေးပြီး အသွင်ပြောင်းလဲလာစေသောအတွေ့အကြုံကို ရရှိခံစားစေခဲ့သည်။ ယခင်ကမတွေ့ကြုံဖူးသောအတိုင်းအတာဖြင့် အပြစ်မကင်းမှု၊ ညီညွတ်မှုနှင့် စည်းလုံးမှုခံစားချက်များကို စတင်ရရှိခံစား လာစေခဲ့ပါသည်။ တွီတာသည် ဖေ့ဘွတ်ကဲ့သို့ လူကြိုက်များသည့် လူမှုမီဒီယာတခုမဟုတ်သလို၊ အသုံးပြုသူဦးရေ၏ ၈၀ရာခိုင်နှုန်းက ဖေ့ဘွတ်အသုံးပြုချိန်တွင် ၁၀ ရာခိုင်နှုန်းအောက်သာ တွီတာကို အသုံးပြုကြပါသည်။[8]မြန်မာစစ်အစိုးရက တွီတာကို ပိတ်ပင်ထားသော်လည်း တခါတရံ VPN ကြားခံ၍ အသုံးပြုကြသည်။ မြန်မာပြည်တွင် ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန်သိမြင်လာကြစေရန် နိုင်ငံတကာရောက်မြန်မာများကလည်း တွီတာကို တက်တက်ကြွကြွအသုံးပြုလာကြပါသည်။

  

စိတ်ဝင်စားမှုရရှိလိုသောလက္ခဏာရပ် (Hashtag) အသုံးကျယ်ပြန့်လာခြင်း

ကမ္ဘာလုံးအတိုင်းအတာအရ တွီတာသည် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာတက်ကြွလှုပ်ရှားမှုများအတွက် အဓိက လူမှုမီဒီယာတခု ဖြစ်ပါသည်။ တွီတာတက်ကြွလှုပ်ရှားမှုနှင့်ပတ်သက်သော ထင်သာမြင်သာရှိသည့် အရာတခုမှာ အသိပညာပေးရန်နှင့် လူမှုရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာသတင်းစကားများကို လူအများထံ ရောက်ရှိစေရန် စိတ်ဝင်စားမှုရရှိလိုသောလက္ခဏာရပ်များ(Hashtags)ကို အသုံးပြုခြင်းဖြစ်ပါသည်။ ထင်ထင်ရှား ရှားအနေဖြင့် စိတ်ဝင်စားမှုရရှိလိုသောလက္ခဏာများ(Hashtags)များအဖြစ် #MeToo နှင့် #BlackLivesMatter တို့ကို တွေ့နိုင်ပါသည်။

တွီတာတက်ကြွလှုပ်ရှားမှုသည် ဆန္ဒဖော်ထုတ်ပြသစေရန် လူအများကို စည်းရုံးစုစည်းခြင်းထက် သတင်းစကားများ ဖြန့်ဝေရန်သာ အဓိကရည်ရွယ်လေ့ရှိသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် ၂၀၂၀ခုနှစ်၌ ဘုံတူညီသည့်ဇာတ်ကြောင်းများတည်ဆောက်ခြင်းနှင့် လှုပ်ရှားမှုဆိုင်ရာသတင်းအချက်အလက်များ ဖြန့်ဝေရန် အတွက် #FreeYouth လှုပ်ရှားမှုတခုကို အသုံးပြုခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုကွန်ယက်သည် အစိုးရအား မကြေနပ်မှုကို ထုတ်ဖော်ရန်နှင့် ဒီမိုကရေစီတောင်းဆိုရန်အတွက် အဓိကထားခဲ့ပါသည်။[9]  

အန္တရာယ်များ၊ လုပ်ကြံသတင်းများနှင့် အနှောက်အယှက်ပေးသူများ

နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို မျှဝေရန်အတွက် တွီတာအသုံးပြုခြင်းသည် သတင်းတု၊ သတင်းမှားများကို ပြန့်နှံ့ခြင်း၊ အင်တာနက်ပေါ်တွင် အနှောက်အယှက်ပေးခြင်းများနှင့် ရွေး‌ကောက်ပွဲများတွင် နိုင်ငံခြားဝင်ရောက်စွက်ဖက်နိုင်မှုအလားအလာများကဲ့သို့သော အန္တရာယ်များလည်း ရှိနိုင်ပါသည်။ နိုင်ငံရေး၏ သဘောသဘာဝအရပင် တွီတာသည် သတင်းတု၊ သတင်းမှားများအတွက် ရေခံမြေခံဖြစ်နိုင်ပါသည်။ နိုင်ငံများ စွာတွင် နိုင်ငံ‌ရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် အခြားသောလူသိများထင်ရှားသော ပုဂ္ဂိုလ်များအား ဆန့်ကျင်ရန်ပြုလုပ်သော ရည်ရွယ်ချက်ရှိရှိဖန်တီထားသည့်  သတင်းတု၊ သတင်းမှား ဖြန့်ဝေသည့်လှုပ်ရှားမှုများလည်း ရှိနေပါသည်။

တွီတာအသုံးပြုသူများသည် အခြားသူများကို အနှောက်အယှက်ပေးရန်နှင့် သတင်းတု၊ သတင်းမှားများဖြန့်ဝေရန်အတွက် အမည်မသိအကောင့် (accounts)များကို ပြုလုပ်နိုင်ပါသည်။ ထိုသူများကို ‌နှောက်ယှက်သူများ (trolls) ဟု ခေါ်ကြပါသည်။ ‌အဆိုပါ နှောက်ယှက်သူများ (troll) ဆိုသည့် စကားလုံးသည် နော်ဒစ်ပုံပြင်လာ စကားလုံးတလုံးဖြစ်ပါသည်။ သုသေတသနပြုလေ့လာချက်က ဖော်ပြထားသည်မှာ ရုရှားနိုင်ငံသည် သတင်းမှားများကိုဖြန့်ဝေရန်နှင့် အခြားနိုင်ငံများ၏နိုင်ငံရေးကို လွှမ်းမိုးရန်အတွက် နှောက်ယှက် သည့်လုပ်ငန်းများ “troll factories” သို့မဟုတ် နှောက်ယှက်ရန်စုဖွဲ့ထားသည့်တပ်ဖွဲ့များ “troll armies” ကို ဖန်တီးခဲ့ပါသည်။[10] နိုင်ငံအများအပြားသည် အလားတူ “ဆိုက်ဘာတပ်ဖွဲ့များ” (cyber troops)ကို မဲဆန္ဒရှင်များ၏ စိတ်ဆန္ဒကို ပုံဖော်ရန် သို့မဟုတ် လူမှုလှုပ်ရှားမှုများ၏ အရှိန်အဟုန်ကို ချိုးနှိမ်ရန်အတွက် အသုံးပြုကြပါသည်။ နိုင်ငံရေးနယ်ပယ်ရှိ ထင်ရှားကျော်ကြားသူများအား ထင်ယောင်ထင်မှားဖြစ်စေရန်အတွက်လည်းကောင်း၊ ထောက်ခံမှုအနည်းငယ်သာရှိနေစဉ်တွင် ကိုယ်စားလှယ်လောင်းတဦးအား သို့မဟုတ် မူဝါဒတခုအား အခြေခံလူထု၏ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုရရှိစေရန်အတွက်လည်းကောင်း အဆိုပါဆိုက်ဘာတပ်ဖွဲ့များ (cyber troops) များကို အသုံးပြုလေ့ရှိကြသည်။ ထိုအရာကို “နောက်ကွယ်မှထောက်ပံ့လှုပ်ရှားခြင်း” Astroturfing လုပ်သည်ဟု သိမှတ်ထားကြပါသည်။

 

[1] PEW Research Center: Politics on Twitter: One-Third of Tweets From U.S. Adults Are Political, https://www.pewresearch.org/politics/2022/06/16/politics-on-twitter-one-third-of-tweets-from-u-s-adults-are-political/

[2] PEW Research Center: Twitter is the go-to social media site for U.S. journalists, but not for the public, https://www.pewresearch.org/short-reads/2022/06/27/twitter-is-the-go-to-social-media-site-for-u-s-journalists-but-not-for-the-public/

[3] Livia van Vliet, Petter Törnberg & Justus Uitermark (2020), The Twitter parliamentarian database: Analyzing Twitter politics across 26 countries, Plos Online, September 16, 2020, doi.org/10.1371/journal.pone.0237073

[4] AP: Twitter says it will relax ban on political advertising, https://apnews.com/article/elon-musk-technology-social-media-jack-dorsey-business-205324882cd3997cb187a369321012de

[6] Ferenc Huszár et al (2021) Algorithmic amplification of politics on Twitter, PNAS vol 119 no 1, https://doi.org/10.1073/pnas.2025334119

[7] Rao, Anuradha and Atmakuri Archana (2021), The Role of Social Media in Myanmar’s CDM: Strengths, Limitations and Perspectives from India, ISAS Working Paper No. 355 – 28 October 2021

[8] Statcounter: https://gs.statcounter.com/social-media-stats/all/myanmar

[9] Aim Sinpeng (2021) Hashtag activism: social media and the #FreeYouth protests in Thailand, Critical Asian Studies, 53:2, 192-205, DOI: 10.1080/14672715.2021.1882866

[10] Darren L. Linvill & Patrick L. Warren (2020) Troll Factories: Manufacturing Specialized Disinformation on Twitter, Political Communication, 37:4, 447-467, DOI: 10.1080/10584609.2020.1718257