အသစ်များ > မဲဆွယ်ရေးအဆိုအမိန့်

မဲဆွယ်ရေးအဆိုအမိန့်

2023-01-21

ပါတီအဆိုအမိန့်တစ်ရပ်အား အရိုးရှင်းဆုံးပုံစံဖြင့် ဖွင့်ဆိုပြရလျှင် လူတစ်ဦးတစ်ယောက်က ပါတီတစ်ခုနှင့် ထိုပါတီ၏ကိုယ်စားလှယ်များကို အဘယ်ကြောင့် မဲထည့်သင့်ပါသည်ဟူ၍ ထုတ်ဖော်ပြောဆိုချက်ပင်ဖြစ် သည်။ အဆိုအမိန့်တစ်ရပ်သည် တိုင်းပြည်တိုးတက်ရေးအတွက် ပါတီ၏အစဉ်အစီကို ဖော်ပြထားသင့်သလို၊  ရွေးကောက် သို့မဟုတ် ပြန်လည်ရွေးကောက်ခံရပါက မိမိတို့ ပါတီက လုပ်ပေးမည့်အရာက မည်သည့်အရာ ဖြစ်သည်ဟူသောအသိအမြင်တစ်ရပ် ပြည်သူလူထုတွင် နိုးကြားအောင်လုပ်ဆောင်ပေးသင့်သည်။ အဆိုအမိန့် သည် ပါတီက ထောက်ခံသည့် မူဝါဒနှင့်တန်ဖိုး နှစ်ရပ်စလုံးကို လူထု ရှင်းရှင်းလင်းလင်းသိအောင် လုပ်ဆောင် ပေးသင့်သည်။

မဲဆွယ်ရေးအဆိုအမိန့်သည် ယခုမေးခွန်းအတွက် အဖြေဖြစ်သည်၊ ယင်းမေးခွန်းမှာ အာဏာရရေး အဘယ် ကြောင့် သင် ယှဉ်ပြိုင်နေသနည်းဟူ၍ဖြစ်သည်။ ပါတီအဆိုအမိန့်သည် ပါတီ သို့မဟုတ် ကိုယ်စားလှယ်ကို ၎င်းတို့၏အတိုက်အခံများနှင့် သီးခြားကွဲပြားစေသောအကြောင်းအရာဖြစ်သလို၊ အရေးကိစ္စရပ်များအပေါ် ၎င်းတို့ကိုယ်စားလှယ်၏ရပ်တည်ချက်နှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်လူထုအား သိစေချင်သော အကြောင်းကိစ္စ တစ် ခုလည်းဖြစ်ပါသည်။ မိမိတို့ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မှုကို သတ်မှတ်ဖွင့်ဆိုထားသည့် တန်ဖိုးများ အကြောင်းကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ချက်တစ်ရပ်လည်း ဖြစ်သည်၊ ယင်းတန်ဖိုးများကို အခြေခံကာ အရေးကိစ္စရပ်တစ်ခုစီချင်းတိုင်းနှင့် မဲဆွယ်ရေးအဖွဲ့၏အလေးထားချက်များက ချိတ်ဆက်နေခြင်းဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရရှိရေး ဆောင်ရွက်ရမည့် အကောင်းဆုံးနည်းလမ်းမှာ မဲဆွယ်ရေးအတွက် ကြောင်းကျိုး ခိုင်လုံပြီး အဆက်အစပ်ညီညွတ်သောအဆိုအမိန့်တစ်ရပ်ကို ထူထောင်ရန်ဖြစ်သည်။  ပေးချင်သောအဆိုအမိန့် ကို မဲဆန္ဒရှင်များ သိအောင်လုပ်ရန်၊ ယင်းအဆိုအမိန့်၏တန်ဖိုးများနှင့် ကိုယ်စားလှယ်ကို ဆက်စပ်ပေးရန် တစ်ခုတည်းသောနည်းလမ်းမှာ အဆိုအမိန့်ထဲ ကိုယ်စားလှယ်နှင့် မဲဆွယ်ရေးအဖွဲ့က ပြုလုပ်သမျှအရာရာ တိုင်းကို ပေါင်းစည်းထည့်သွင်းထားရန်ပင်ဖြစ်သည်။

ရန်ပုံငွေရှာခြင်းမှသည် အိမ်ပေါက်စေ့မဲဆွယ်ရေးအလယ်၊ စေတနာ့ဝန်ထမ်းဖြည့်ဆည်းခြင်းအဆုံးအထိ မဲ ဆွယ်ရေးနှင့်ပတ်သက်သော အသွင်အပြင်တိုင်းသည် အဆိုအမိန့်နှင့် ကင်းကွာနေ၍မဖြစ်ပါ။ဆက်သွယ်ပြော ဆိုမှုတိုင်းသည် အဆိုအမိန့်နှင့်သာ ပြန်ဆက်စပ်မှုရှိနေရမည်။ အခမ်းအနားတိုင်း၊ လှုပ်ရှားဆောင်ရွက်ချက် တိုင်း၊ မဲဆွယ်ရေးအဖွဲ့က လုပ်သမျှ စီမံကိန်းတိုင်းသည် အဆိုအမိန့်နှင့် ဆက်စပ်နေရမည်၊ အဆိုအမိန့်ကို ပြန့် နှံ့စေရမည်၊ အဆိုအမိန်နှင့် တစ်ပေါင်းတစ်စည်းတည်းဖြစ်နေရမည်။ မဲဆွယ်ရေး၏အဆုံးသတ်တွင် ထားရှိရ မည့်ပန်းတိုင်မှာ မဲဆန္ဒရှင်တိုင်း မဲဆွယ်ရေးအဆိုအမိန့်ကို ခေါင်းထဲတနုံ့နုံ့တွေးတောရင်း မဲရုံထဲလမ်းလျှောက် ဝင်သွားရေးသာ ဖြစ်ရပါမည်။

မဲဆွယ်ရေးအဆိုအမိန့်ကို ဖော်ဆောင်ချမှတ်ခြင်း

အဓိကပင်မအဆိုအမိန့်

မဲဆွယ်ရေးအဆိုအမိန့်တစ်ရပ်သည် ရွေးကောက်ခံရလျှင် ဘာလုပ်ပေးမည်ဟူ၍ ကိုယ်စားလှယ်၏အစီအစဉ်မ ဟုတ်ပါ၊ ကိုယ်စားလှယ်က ကိုင်တွယ်ဖြေရှင်းပေးမည့် အရေးကိစ္စရပ်များပါဝင်သောစာရင်းတစ်ခုလည်းမ ဟုတ်ပါ၊ ထို့အပြင် ပေါ်ပင်ရေပန်းစားစကားစုတစ်ရပ် သို့မဟုတ် ကြွေးကြော်သံလေးတစ်ခုပင် မဟုတ်ပါ။ ယင်းအကြောင်းအရာအားလုံးသည် မဲဆန္ဒရှင်များကို စည်းရုံးနိုင်မည်၊ မနိုင်မည်အပေါ် မူတည်ကာ မဲဆွယ်ရေး အဆိုအမိန့်၏တစ်စိတ်တစ်ဒေသဖြစ်နိုင်သည်၊ သို့သော် ထိုအကြောင်းကိစ္စအားလုံးကို မဲဆွယ်ရေးအဆိုအမိန့် နှင့် ရောထွေးမမြင်သင့်ပါ၊ မဲဆွယ်ရေးအဆိုအမိန့်သည် ပစ်မှတ်မဲဆန္ဒရှင်များကို စည်းရုံးသိမ်းသွင်းမည့် မဲ ဆွယ်ရေးဖြစ်စဉ်တစ်လျှောက် ထပ်ကာ၊ ထပ်ကာ အကြိမ်ကြိမ်ပြန်ညွှန်းပြောနေရမည့် ထုတ်ဖော်ချက်တစ်ခု  ပင်ဖြစ်သည်။ 

 အဓိကပင်မအဆိုအမိန့်သည် ပါတီရပ်တည်နေသည့်အရာကို စကားလုံး  အလုံး ၅၀ မှ ၁၀၀အထိ ဖော်ပြထား သော စာသားတိုလေးတစ်ခုဖြစ်သည်။ ဤပင်မအဆိုအမိန့်ကို မဲဆန္ဒရှင်များထံ မဲဆွယ်ရေးက ဆောင်ကြဉ်းယူ သွားနိုင်ပါက အဓိကရည်မှန်းရာ ပန်းတိုင်တစ်ရပ်ဆီ ဆိုက်ရောက်ပြီးဖြစ်ပါလိမ့်မည်၊ အကြောင်းမူ ထိုစာသား တိုသည် ပါတီအပေါ်အသိအမှတ်ပြုလက်ခံနိုင်လောက်သော နောက်ကြောင်းရာဇဝင်ပုံကားချပ်ကို ရှင်းရှင်း လင်းပေးလိုက်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲမဲဆွယ်ရေးတစ်လျှောက်လုံး ပါတီကပြုသမျှ အရာရာတိုင်းတွင် ပင်မအဆိုအမိန့်ကို ထပ်တလဲလဲ ရည်ညွှန်းပြောဆိုနေရခြင်းဖြစ်သည်။ ပင်မအဆိုအမိန့် သည် မဲဆွယ်ရေး၏အသံပင်ဖြစ်သည်။

ပါတီက ရပ်တည်ထားသည့်အရာနှင့်စပ်လျဉ်း၍ လူထုထံအသိပေးရန်နှင့် ပါတီအပေါ်ထောက်ခံရန် လူထုအား စည်းရုံးရေးအတွက် ပါတီအဆိုအမိန့်များကို အသုံးပြုကြသည်။ စည်းရုံးသိမ်းသွင်းမှုပါသော အဆိုအမိန့်များ ကို ဖော်ဆောင်ချမှတ်ခြင်းဖြင့် မိမိတို့ပါတီတွင် မျှော်မှန်းချက်နှင့် အစီအစဉ်ရှိထားကြောင်း ပြည်သူအား ထုတ် ဖော်ပြသရန်အတွက် ပါတီက အဆိုအမိန့်များကို အသုံးပြုသည်၊ မိမိ၏မျှော်မှန်းချက်နှင့် အစီအစဉ်ကို မဲဆန္ဒ ရှင်များထံ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ခြင်းမပြုနိုင်သော ပါတီသည် အောင်မြင်မည်မဟုတ်ပါ။

အဆိုအမိန့်ကောင်းတစ်ရပ်ဟုတ်၊မဟုတ် စမ်းသပ်ကြည့်နိုင်သည့်အခိုက်အတန့်ရှိသည်၊ ယင်းမှာ  “ကျုပ်က ခင်ဗျားပါတီ၊ ဒါမှမဟုတ် ကိုယ်စားလှယ်ကို ဘာကြောင့် ထောက်ခံသင့်သလဲ”ဟူသော မေးခွန်းကို ပါတီက စည်းရုံးမှုအားပါပါဖြင့် ကျစ်လျစ်ပြည့်စုံစွာ တုံ့ပြန်ဖြေကြားနိုင်သောအခိုက်အတန့်ပင်ဖြစ်သည်။ ထိုမေးခွန်းအ တွက် ပါတီအဖွဲ့ဝင်၏အဖြေသည် ပါတီ၏အဆိုအမိန့်အတိုင်း ဖြစ်သင့်သည်။

ပါတီအဆိုအမိန့်များကို ပါတီက ရပ်တည်သည့်အရာကို မည်သို့ ရရှိအောင်ကြိုးစားမည် သို့မဟုတ် ပါတီက ဆန့်ကျင်သည့်အရာကို မည်သို့တားဆီးရန်ကြိုးစားမည်ဟူသော မူဝါဒတစ်ရပ်နှင့် ကျားကန်ပေးထားသင့် သည်။ဥပမာ ပါတီသည်အလုပ်အကိုင်ဖန်တီးပေးရေးကို အဓိကထားလျှင် အလုပ်အကိုင်များကို ပိုမိုဖန်တီးပေး နိုင်ရန်အတွက် ပါတီက မည်သို့ ရည်ရွယ်ထားသနည်းဟူသောကိစ္စမျိုးဖြစ်သည်။

ပင်မအဆိုအမိန်တွင် အပိုင်းသုံးပိုင်းပါဝင်သည်၊ ပြဿနာ၊ ဖြေရှင်းနည်းနှင့် ဦးတည်ချက်ဟူ၍ဖြစ်သည်။ ပင် မအဆိုအမိန့်တစ်ရပ်နှင့်ပတ်သက်သောဥပမာတစ်ရပ်ကို အောက်တွင်ကြည့်ပါ။

“မိမိတို့သည် ကိုယ့်တိုင်းပြည်ကို စီးပွားရေးနှင့် လူမှုရေးနှစ်ဘက်စလုံးတွင် ခိုင်မာအားကောင်းစေချင်သည်။ လူတိုင်းလူတိုင်းက မြင့်မားလာသော ကြွယ်၀စည်ပင်မှုနှင့် တိုးတက်ကောင်းမွန်လာသောဘ၀နေထိုင်မှုအရည် အသွေးတို့ကို မျှဝေနိုင်ရမည်။  မိမိတို့သည် ပြည်သူအများကို ပိုမိုအကျိုးဖြစ်ထွန်းစေချင်ပြီး အလုပ်အလုပ်နိုင် စေချင်သည့်အပြင် မျှတသောအခွန်စနစ်၊ မိမိတို့ကလေးသူငယ်များအတွက် ကျောင်းအတန်းငယ်များ၊ ကျန်း မာရေးစောင့်ရှောက်မှု၌ အပိုအလုပ်အကိုင် ၃၀,၀၀၀ နှင့် ပြည်သူလူထုနှင့်ပိုမိုအနီးကပ်တာဝန်ထမ်းဆောင် ပေးမည့် ရဲတပ်ဖွဲ့တို့ကို ထားပေးချင်သည်။ ထိုအရာအတွက် မကြာသေးခင်နှစ်များက မိမိတို့ ကြိုးစားတိုက် ခိုက်လာခြင်းဖြစ်သည်။ ၂၁ရာစုတွင် ခိုင်မာပြီး လူမှုဖူလုံရေးဟူသော နိုင်ငံတစ်နိုင်ငံကို မိမိတို့ လိုလားသည်။”

ယခုတင်ပြသောအဆိုအမိန့်၏အဓိကအနှစ်သာရတွင် လိုက်လျောညီညွတ်သောကတိစကားများအပြင် မဲ ဆွယ်ရေးဆောင်ပုဒ်နှင့် အတူ အဓိကအရေးကိစ္စရပ်များစွာ ပါဝင်နေသည်။

၁။ အဓိကအရေးကိစ္စ - အလုပ်အကိုင်ပိုများလာရေး

ကတိစကား - လူများပိုမိုအကျိုးဖြစ်ထွန်းပြီး အလုပ်လုပ်နိုင်ရေး

၂။ အဓိကအရေးကိစ္စ - ဓနဥစ္စာကို မျှတစွာ ဖြန့်ဝေပေးရေး

ကတိစကား - မျှတသောအခွန်စနစ်

၃။ အဓိကအရေးကိစ္စ - ကောင်းမွန်သောပညာရေး

ကတိစကား - မိမိတို့ကလေးသူငယ်များအတွက် ကျောင်းအတန်းငယ်များ

၄။ အဓိကအရေးကိစ္စ - လုံခြုံစိတ်ချရသောလမ်းများနှင့် လူမှုအသိုင်းအဝိုင်းများ

ကတိစကား - ပိုမိုအနီးကပ်တာဝန်ထမ်းဆောင်ပေးမည့် ရဲ

 ၅။ အဓိကအရေးကိစ္စ - ပိုကောင်းမွန်သောဝန်ထမ်းရှိသည့်ကျန်းမာရေးစောင့်ရှောက်မှု

ကတိစကား - ကျန်းမာရေးစောင့်ရှောက်မှုအလုပ်အကိုင် ၃၀,၀၀၀ ပိုဖန်တီးပေးရေး

အဆိုအမိန့်သည် “ခိုင်မာပြီး လူမှုဖူလုံရေး”ဟူသော ဆောင်ပုဒ်နှင့် အဆုံးသတ်သွားသည်။ ယခုတင်ပြ သောပင်မအဆိုအမိန့်သည် အမှန်စင်စစ် မဲဆန္ဒရှင်ကို ကတိစကားများစွာ ပေးလိုက်ခြင်းဖြစ်သည်၊ “သင့်အ နေနဲ့(ပစ်မှတ်အုပ်စုအမျိုးမျိုးကို ရည်ညွှန်း) ကျုပ်တို့ကို မဲထည့်ရင် အပြန်အလှန်အားဖြင့် ဒါတွေကို သင်ပြန်ရ မယ်”ဟူသော ပုံစံစဉ်အတိုင်းကတိပေးချက်များပင် ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ၎င်း တို့သည် ကိန်းဂဏန်းအတိအကျကိုပင် ကိုးကားသုံးစွဲတတ်သည်။ ခြုံကြည့်လျှင် အဆိုအမိန့်၏သဘောမှာ - သင့်အနေနဲ့ ကျုပ်တို့ကို ဖြေရှင်းခိုင်းလို့ရနိုင်တာ ဒါပဲ”ဟူ၍ ဖြစ်နေတော့သည်။

ကွဲပြားခြားနားသောချဉ်းကပ်မှု - PvdA ၏ ၂၀၀၄ ဥရောပရွေးကောက်ပွဲများအတွက် အဆိုအမိန့်

“သတိပေးခေါင်းလောင်းထိုးနေသော အလုပ်လက်မဲ့နှုန်းမြင့်မားမှု၊ အစဉ်စျေးကြီးလာနေသောကျန်းမာရေး စောင့်ရှောက်မှုနှင့် မပြတ်တမ်းယိုယွင်းလာနေသော မိမိတို့၏လူမှုဘ၀လုံခြုံရေးတို့နှင့် ပြည့်နှက်နေရာ ရှေး ရိုးစွဲဥရောပလမ်းမအပေါ် ကျုပ်တို့ ဆက်လျှောက်နေချင်ပါသလား။ ဒါမှမဟုတ်  ဥရောပရှိ ခိုင်မာပြီးလူမှု ဖူလုံ ရေးရှိရာ ဟော်လန်ကို သင် မဲထည့်သင့်သလား။ ထို့ကြောင့် ဥရောပကို အမှန်တကယ် သက်ရောက်မှုရှိနိုင် သော အဆိုပါနယ်ပယ်များတွင်သာ အရေးယူဆောင်ရွက်နိုင်ရေးအတွက်ဟု မိမိတို့ ကန့်သတ်ထားနိုင်သည်၊  ယင်းနယ်ပယ်များမှာ စီးပွားရေးဖွံ့ဖြိုးမှုကိုလှုံ့ဆော်ရေး၊အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး၊ အကြမ်းဖက်ဝါ ဒနှင့် ရာဇဝတ်မှုတို့ကို တိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို နှိမ်နှင်းရေးနှင့် တင်းကြပ်သော်ငြားမျှတမှု ရှိသည့် ခိုလှုံခွင့်မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်ရေးတို့ပင်ဖြစ်ပါသည်။ ဥရောပသည် (၂၀၀၂ ဇူလိုင် ၂၂ ရက်မှ ၂၀၁၀ အောက်တိုဘာ ၁၄ ရက်အထိ နယ်သာလန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့သူ ယန်း ပီတာ ဘော့ကန်နမ်ဒေ) ဝန်ကြီးချုပ်ဘော့ကန်နန်ဒေ၏လက်အောက် ဟော်လန်၏နမူနာအတိုင်း ခြေရာမလိုက်သင့် ပါ။ ထို့ကြောင့် PvdA သည် အလုပ်အကိုင်များ ပိုရရှိလာရေးနှင့် သန်မာအားကောင်းသောလူမှုလုံခြုံရေးတစ် ရပ်ဖြစ်ထွန်းရေးတို့ကို လှုံ့ဆော်ခြင်းဖြစ်သည်၊ ထို့နောက် အမျိုးသမီးလူကုန်ကူးမှု၊ အကြမ်းဖက်ဝါဒနှင့် ရာဇ ဝတ်မှုများကို တိုက်ဖျက်နှိမ်နှင်းရေးအတွက် ပြင်ပနယ်စယ်ဒေသများကို အနီးကပ်စစ်ဆေးကြပ်မတ်ရေး၊  ဂျော့ချ် ဘွတ်ရှ်၏ခိုင်းဖတ်ဖြစ်မည့်အစား သီးခြားအမှီအခိုကင်းလွတ်လပ်သော ပြည်ပနှင့် ပြည်တွင်း လုံခြုံရေး မူဝါဒတစ်ရပ်ချမှတ်ရေးအပြင် ဒတ်ချ်အမတ်ကို ပွင့်လင်းလွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခန့် အပ်ရေးတို့ကိုလည်း လှုံ့ဆော်ခြင်းဖြစ်သည်။ အဆိုပါအချက်သည် ဥရောပတွင် ဟော်လန်ကို ခိုင်မာပြီးလူမှုဖူ လုံရေးရှိရာအရပ် ဖြစ်စေလိမ့်မည်။”

ယခုတင်ပြသောအဆိုအမိန့်တွင် အတွေးအခေါ်ဝါဒရေးရာ မောင်းနှင်အားပိုပါနေသည်။ တိုင်းတာနိုင်စရာက တိစကားများ စိုးစင်းမျှမပါဝင်သော်ငြားလည်း သာမန် PvdA မဲဆန္ဒရှင်လူထု၏ခံယူချက်သဘောထားများကို ဖမ်းဆုပ်ယူနိုင်ရန် အမှန်ကြိုးစားထားသည့်အဆိုအမိန့်ဖြစ်နေသည်။ ကနဦးဖော်ပြခဲ့သောအဆိုအမိန့်နှင့် သိ သာကွဲပြားနေသော ယခုအဆိုအမိန့်မှာ “ဥရောပသည် ဝန်ကြီးချုပ် ဘော့ကန်နန်ဒေ၏လက်အောက် ဟော် လန်၏နမူနာအတိုင်း ခြေရာမလိုက်သင့်ပါ”ဟူသော ပိုမိုဗြောင်ကျကျ အတိုက်အခံပြု သက်သေထူပြလိုက် သောစကားရပ်များပါဝင်နေသည်။

အဆိုအမိန့် ၁ နှင့် ၂ ကို ပေါင်းစပ်ထားသောဥပမာရှိသေးသည်။ ယခုအဆိုအမိန့်သည် တိုင်းတာနိုင်သော အ ကျိုးရလဒ်များနှင့် အတွေးအခေါ်ဝါဒရေးရာရည်မှန်းချက် နှစ်ခုတို့ကို ရောစပ်ထားခြင်းဖြစ်သည်။

“အမေရိကမှာ နံနက်ခင်းရောက်လာပြန်ပါပြီ။ ယနေ့ မိမိတို့နိုင်ငံသမိုင်းမှာ ယခင်ကထက် အမျိုးသား၊ အမျိုး သမီးများ ပိုများပြားစွာအလုပ်ခွင်ထဲသွားကြလိမ့်မည်။ ၁၉၈၀ ခုနှစ်က စံချိန်တင်မြင့်မားနှုန်းထက် ထက်ဝက် ခန့်သာရှိ​သော အတိုးနှုန်းများနှင့်အတူ ယနေ့ မိသားစု ၂,၀၀၀ နီးပါးသည် အိမ်ရာသစ်များ ဝယ်ကြလိမ့်မည်၊ လွန်ခဲ့သောလေးနှစ် မည်သည့်အချိန်ဖြင့်ပင်တိုင်းတာတိုင်းတာ ပိုများလာသည်။ ယနေ့မွန်းလွဲပိုင်းတွင် လူငယ် အမျိုးသား၊ အမျိုးသမီး ၆,၅၀၀ လက်ထပ်ထိမ်းမြားကြမည်၊ လွန်ခဲ့သောလေးနှစ်ကနှုန်းထက် ထက်ဝက်ခန့် ပင်မရှိတရှိဖြစ်သော ငွေဖောင်းပွမှုနှုန်းဖြင့် အဆိုပါလူငယ်လူငယ်ရွယ်လေးမှာ အနာဂတ်ကို ယုံကြည်မှုရှိရှိဖြင့် လှမ်းမျှော်ကြည့်နိုင်လာကြသည်။ အမေရိကတွင် နံနက်ခင်း ထပ်မံရောက်လာပြန်ပါပြီ၊ သမ္မတရေဂင်၏ခေါင်း ဆောင်မှုအောက် မိမိတို့တိုင်းပြည်သည် ပိုမိုဂုဏ်ယူဖွယ်၊ ပိုမိုသန်မာဖွယ်၊ ပိုမိုကောင်းမွန်ဖွယ်ဖြစ်လာပါပြီ။ လွန်ခဲ့သော လေးနှစ်တာကာလမရှိတရှိလောက်တွင် မိမိတို့ ရောက်ရှိခဲ့ကြသည့် နေရာဆီ အဘယ်ကြောင့် ပြန် သွားလိုတော့ပါမည်နည်း။”

မဲဆွယ်ရေးအဆိုအမိန့်များနှင့် မဲဆန္ဒရှင်၏အာရုံဝင်စားချက်

မဲဆန္ဒရှင်များနှင့်စပ်လျဉ်း၍ မဲဆွယ်ရေးအဖွဲ့များက သိထားရန်လိုအပ်သော အရေးကြီးကိစ္စနှစ်ချက်ရှိသည်။ ပ ထမတစ်ချက်မှာ ပျမ်းမျှမဲဆန္ဒရှင်၏ဦးစားပေးချက်စာရင်းတွင် ကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲမဲဆွယ်မှုမှာ အဆင့်ခပ်နိမ့်နိမ့်တွင်ရှိနေသည်ဟူသောအချက်ဖြစ်သည်။ ဒုတိယတစ်ချက်မူ မဲဆွယ်ရေးအဆိုအမိန့်ဟူသည် နေ့စဉ်နေ့တိုင်း မဲဆန္ဒရှင်များ လက်ခံရရှိသည့် အခြားမြောက်များစွာသော သတင်းအချက်အလက်အရင်းအ မြစ်များအနက် တစ်ခုတည်းသောအရင်းအမြစ်ဖြစ်သည်ဟူသော အချက်ပင်ဖြစ်ပါသည်။

အကျိုးရလဒ်အားဖြင့် မဲဆန္ဒရှင်များသည် မဲဆွယ်ရေးအဆိုအမိန့်တစ်ခုအပေါ် တစ်မိနစ် သို့မဟုတ် နှစ်မိနစ် ကြာလောက်ပင် အာရုံစိုက်မှုရှိလိမ့်မည်ဖြစ်သည်။ ဤအချက်ကို မဲဆွယ်ရေးက အလဟဿမဖြစ်စေသင့်ပါ။

ဤအချက်ကို ကြော်ငြာလုပ်ငန်းကုမ္ပဏီများက နားလည်ကြသည်။ ထိုကြောင့်ပင် ယင်းကုမ္ပဏီများက လိုရင်း တိုရှင်းဖြစ်သောအဆိုအမိန့်/အသိပေးလိုသောအကြောင်းအရာကိုသာ အာရုံစိုက်ကြပြီး ယင်းတို့၏ပစ်မှတ်ပ ရိသတ်က အဆိုပါအသိပေးအကြောင်းအရာကို တတ်နိုင်သမျှ အကြိမ်ရေများများစားစား မြင်ရ၊ ကြားရပြီးအ ရသာခံရနိုင်စေရန်အတွက် ငွေများစွာပုံအောသုံးကြခြင်းဖြစ်သည်။ ယင်းကဲ့သို့ကြော်ငြာကုမ္ပဏီများလုပ်သည့် အတိုင်းပင် မဲဆွယ်ရေးအဖွဲ့များက လိုက်လုပ်ရပါမည်။ မဲဆွယ်ရေးအဖွဲ့များသည် စဉ်းစားစရာအတွေးပါဝင် သော ထောက်ခံတင်ပြလွှာအများစုကို နာရီပေါင်းများစွာကြာ အချိန်ယူရေးသားရနိုင်သည်၊ သို့သော် ထိုတင်ပြ လွှာများကို မဲဆန္ဒရှင်များက ၁၅ စက္ကန့်အတွင်း လွှင့်ပစ်လိုက်လျှင်၊ တင်ပြလွှာများကို မည်သူမှ မဖတ်လျှင် အချိန်ဖြုန်းရာကျပါလိမ့်မည်။

မဲဆန္ဒရှင်ဟူသည် ကိုယ့်အကြောင်းကိုယ်စိတ်ဝင်စားကြသည့်အတိုင်း နိုင်ငံရေးကိုလည်း စိတ်ဝင်စားကြပါ သည်ဟု နိုင်ငံရေးသမားများက ထင်တတ်ကြသည်၊ သို့သော် ထိုအချက်သည် မမှန်ပါ။ သာမန်မဲဆန္ဒရှင်တစ်ဦး သည် နိုင်ငံရေးဆိုင်ရာအရေးကိစ္စရပ်များအကြောင်း သူ့တွင်ရှိသောအချိန်ထဲမှ အလွန်နည်းပါးသောအချိန်ပမာ ဏတစ်ခုကိုသာပေး၍ စဉ်းစားကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မဲဆွယ်ရေးဝန်ထမ်း သို့မဟုတ် ကိုယ်စား လှယ်များတွင် အမှန်စင်စစ် ပြည်သူလူထု၏အာရုံဝင်စားမှု ရှိသည်ဟူသောအချိန်အခါသည် အလွန်ရှားပါးအခါ သမယမျိုးတွင်သာဖြစ်နေတတ်သဖြင့် ၎င်းတို့အနေဖြင့် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ဆက်သွယ်ပြောဆို ရန်၊ တတ်နိုင်သမျှအယုံအကြည်သွင်းမဲဆွယ်နိုင်ရန် အရေးကြီးလှသည်။

အဆိုအမိန့်ကောင်းတစ်ရပ်၏စရိုက်လက္ခဏာများ

မဲဆွယ်ရေးအဖွဲ့သည် မိမိတို့၏အဆိုအမိန့်ထဲ ကိုင်တွယ်ဖြေရှင်းမည့် အရေးကိစ္စရပ်များ၊ ယင်းပြဿနာများ ကို ဖြေရှင်းရန်အတွက် မိမိတို့လှုံ့ဆော်မည့် အတွေးအမြင်များနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပြီးသောအခါ အဆိုအမိန့်ကို မည်သို့ဖော်ပြမည်ဟူသောအချက်အပေါ် စဉ်းစားရမည်ဖြစ်သည်။

အဆိုအမိန့်ကို ဖော်ပြရာတွင် မိမိတို့သုံးနှုန်းသော စကားလုံးများနှင့် အတွေးအမြင်များသည် အဆိုအမိန့်၏အ နှစ်ချုပ်အကြောင်းအရာရပ်ကဲ့သို့နီးပါး အရေးကြီးပါသည်။  အဆိုအမိန့်သည် မသဲကွဲ၊ နားလည်မရနိုင်ဖြစ်နေ လျှင်၊ သို့မဟုတ် ပေရှည်ကာ ရှုပ်ထွေးပြီး ပျင်းစရာကောင်းနေလျှင် ပြည်သူများက စိတ်ဝင်စားကြမည်မဟုတ် ပါ။ ခိုင်မာကျစ်လျစ်သောအဆိုအမိန့်တစ်ရပ်ကို ပြင်ဆင်ရာတွင် ထားရှိရမည့်စံသတ်မှတ်ချက်ရှိပါသည်။

အဆိုအမိန့်အတွက်လိုအပ်ချက်ဆယ်ချက်

၁။ နားလည်ရမခက်ခဲခြင်း- သင်၏ပစ်မှတ်အုပ်စုဝင်တချို့သည် အဆိုအမိန့်ကို ဖတ်ထားပြီးပြီဆိုပါစို့။ အဆိုအ မိန့်က ပြောသည်ကို ၎င်းတို့နားမလည်လျှင် ယင်းအဆိုအမိန့်သည် မဲဆွယ်ရေးပြုလုပ်ရန်အတွက် သင့်တော် နိုင်မည်မဟုတ်ပါ။ မဲဆွယ်ရေးအဖွဲ့များသည် မိမိတို့ပါတီ သို့မဟုတ် ကိုယ်စားလှယ်အပေါ် ထောက်ခံပေးချင် သော ပြည်သူလူထု၏ပညာရေးအနိမ့်အမြင့်ဒီရေကို ထည့်စဉ်းစားသင့်သည်။  သုံးနှုန်းထားသော စကားလုံး များနှင့် အယူအဆများသည် အဆိုအမိန့်ထဲပါ ဆိုလိုရင်းအချက်များကို ထိမိအောင်သုံးစွဲထားခြင်းဖြစ်ကာ ပစ် မှတ်မဲဆန္ဒရှင်များနှင့် ဆီလျော်အပ်စပ်မှုရှိသင့်သည်။ နိုင်ငံရေးပါတီအများအပြား လုပ်မိတတ်သော အမှားမှာ သာမန်ပြည်သူအများ နားမလည်နိုင်သော ခက်ခဲရှုပ်ထွေးသောအဆိုအမိန့်တစ်ရပ်ကို ပြင်ဆင်ချမှတ်ထားခြင်း ဖြစ်သည်။

၂။ လိုရင်းတိုရှင်းဖြစ်ခြင်း - ပင်မဗဟိုအဆိုအမိန့်တစ်ရပ်သည် လိုရင်းတိုရှင်းဖြစ်ကာ ဆိုလိုရင်းကိုရောက် နေရမည်။ ဂရုတစိုက်ရွေးချယ်သုံးသော ဝါကျတစ်ကြောင်း၊ သို့မဟုတ် နှစ်ကြောင်းဖြင့် ဖော်ပြနိုင်သောအဆို အမိန့်များကို အကောင်းဆုံးဟူ၍ဆိုနိုင်သည်။ အဆိုအမိန့်တစ်ရပ်ကို အချိန်ကြာကြာယူကာ ဖော်ပြနေပါက  ပေရှည်လွန်းပြီး ရှုပ်ထွေးကာနားလည်ရခက်ခဲသွားနိုင်သည်။ မဲဆွယ်ရေးက အသုံးပြုမည့် အတွေးအမြင်များ နှင့် မူဝါဒများသည် အဆိုအမိန့်ကို အားကောင်းစေရန်ပံ့ပိုးပေးနေသင့်သည်ကို မမေ့ပါနှင့်၊ သို့သော် အဆိုအ မိန့်ဟူသည် ပါတီက အလေးထားဆုံးသောအရာနှင့်စပ်လျဉ်း၍ အတိုချုပ်ဖော်ပြချက်တစ်ရပ်ဖြစ်သည်။ အဆို အမိန့်သည် လိုရင်းတိုရှင်း အနှစ်ချုပ်မဖြစ်ပါက ပြည်သူများအနေဖြင့် ငြီးငွေ့ခြင်း၊ သို့မဟုတ် စိတ်ဝင်စားမှု ကုန်ခမ်းခြင်းတို့ ဖြစ်လာနိုင်သည်။

မဲဆန္ဒရှင်များသည် နိုင်ငံရေးသမားများ၏ ပေရှည်ကာ ပျင်းစရာကောင်းသော မိန့်ခွန်းများကို စိတ်ရှည်သည်း ခံကာ နားထောင်ပေးချင်စိတ်နည်းပါးသည်။ ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက တစ် မိနစ်မရှိ၊တရှိအတွင်းမှာပင် မဲဆန္ဒရှင်တစ်ဦးထံ အဆိုအမိန့်ကို ထိရောက်စွာ ပေးပို့နိုင်ခြင်းမရှိလျှင် ထိုကိုယ် စားလှယ်သည် မဲဆန္ဒရှင်၏စိတ်ဝင်စားမှုကို သေချာပေါက်ဆုံးရှုံးမည်ဖြစ်ပြီး ဆန္ဒမဲကိုပင် ဆုံးရှုံးနိုင်ခြေရှိလိမ့် မည်။

၃။ ရှင်းရှင်းလင်းလင်းရှိခြင်း - မဲဆန္ဒရှင်များသည် မပီပြင်ဝိုးတဝါးကတိစကားများကို မလိုချင်ကြပါ။ ပါတီရပ် တည်နေသည့်အရာနှင့်စပ်လျဉ်းပြီး ကျယ်ကျယ်လောင်လောင်၊ ပီပီသသရှင်းရှင်းလင်းလင်းရှိသော ထုတ်ဖော် ချက်ကိုပင် ၎င်းတို့က ကြားချင်ကြသည်။ သင်၏အဆိုအမိန့်ကို မဲဆန္ဒရှင်များ အလွယ်တကူ သုံးနှုန်း၊ နား လည်မည့်ဘာသာစကားဖြင့် ပေးပို့ရမည်။ နိုင်ငံရေးသမားအများအပြားသည် မိမိတို့ ဘယ်လောက်ထက်မြက် ပါးနပ်မှုရှိကြောင်းကိုမဲဆန္ဒရှင်များ နားမလည်သော၊သို့မဟုတ် မဲဆန္ဒရှင်များအတွက် လက်တွေ့တွင်အဓိပ္ပာယ် အစစ်အမှန်မရှိသော အတတ်ပညာစကားလုံးများကို သုံးစွဲကာ မဲဆန္ဒရှင်များ အထင်ကြီးအောင်လုပ်ချင်တတ် ကြသည်။ ပါတီ သို့မဟုတ်ကိုယ်စားလှယ်က ပြောဆိုဆွေးနွေးပြနေသောအရာအပေါ် မဲပေးသူပြည်သူက နား လည်ဖို့အရေး ခဲရာခက်ဆစ်ကြိုးစားနေရအောင် လုပ်ခြင်းသည် ဉာဏ်အမြော်အမြင်ရှိရာမမည်ပါ။

၄။ ဆွဲဆောင်မှုရှိခြင်းနှင့် စိတ်ဓာတ်တက်ကြွစေခြင်း - မဲဆန္ဒရှင်များသည် အဆိုအမိန့်နှင့် ဆက်စပ်ချိတ်ဆက် မှုရှိနိုင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အဆိုအမိန့်တွင် စိတ်ခံစားမှုကို လှုပ်နှိုးနိုင်သောစွမ်းပကားတစ်ရပ် သေ ချာပေါက်ရှိရမည်ဟူသောသဘောပင်။ ပါတီ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦး၏အဆိုအမိန့်သည် မိမိတို့အာ ဏာရလာ(သို့ အာဏာဆက်ရှိနေ)လျှင် အခြေအနေမျိုး ပိုမိုကောင်းမွန်လာလိမ့်မည်ဖြစ်ကြောင်း မျှော်လင့် ချက်ကို ပြည်သူများထံ ပေးရမည်။ အဆိုအမိန့်ပေါင်းများစွာသည် နှစ်နှင့်ချီကြာဖြေရှင်းရမည့် ပြဿနာရပ် များအကြောင်းပင်ဖြစ်သည်။ ထိရောက်မှုရှိရန် အဆိုအမိန့်တစ်ရပ်သည် အချိန်တန်သည်နှင့် ပါတီ သို့မဟုတ် ကိုယ်စားလှယ်၏အတွေးအမြင်များက နောက်ဆုံးတွင်မိမိတို့၏ရှင်သန်မှုဘ၀များအပေါ် ကူညီဖြေရှင်းပေးနိုင် လိမ့်မည်ဟူသောယုံကြည်ချက် ပြည်သူများတွင်ရှိလာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ အဆိုအမိန့်တစ်ရပ် အောင်မြင်မှုရရှိရန်အတွက် ဖြေရှင်းပေးမှုများသည် စောင့်မျှော်ရသည်နှင့်ထိုက်တန်လိမ့်မည်ဟု ပြည်သူများ တွင်ယုံကြည်လာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။

မဲဆန္ဒရှင်များ၏စိတ်ထဲ စက္ခုအာရုံပုံရိပ်တစ်ခုထင်အောင် ဖန်တီးပေးခြင်းက အများကြီးပိုမိုကောင်းမွန်သည်။ “စီးပွားရေးမူဝါဒ”ကဲ့သို့ စိတ်ကူးအတွေးများကို ဖော်ပြရန် လူများ၊ အကြောင်းခြင်းရာများနှင့် လက်တွေ့ဘ၀ အခြေအနေများအကြောင်းကို ပြောဆိုပြပါ။

နိုင်ငံရေးသည် စိတ်ခံစားမှုရေးရာအပေးအယူလုပ်ငန်းတစ်ရပ်ဖြစ်သည်၊ မဲဆန္ဒရှင်များ၏နှလုံးသားကို ဖမ်းစား နိုင်သောနိုင်ငံရေးသမားများသည် ယေဘုယျအားဖြင့် မဲဆန္ဒရှင်များ၏ဦးနှောက်ကို ဖမ်းစားနိုင်သော နိုင်ငံ ရေးသမားများကို အလဲထိုးနိုင်၏။ ဤသို့ပြောခြင်းအတွက် ပါတီ သို့မဟုတ် ကိုယ်စားလှယ်ဖြစ်သူ၏အသိပ ညာကျောထောက်နောက်ခံကို မျက်ကွယ်ပြုသင့်သည်၊ သို့မဟုတ် မဲဆန္ဒရှင်၏အသိဉာဏ်ကို မဲဆွယ်ရေးက လျှော့တွက်သင့်သည်ဟု မဆိုလိုပါ။ မဲဆွယ်ရေးအဖွဲ့အနေဖြင့် မိမိတို့၏မဲဆွယ်ရေးအဆိုအမိန့်ကို မဲဆန္ဒရှင် များ၏ ဦးထိပ်ပန်ဆင်သောတန်ဖိုးများနှင့် ချည်နှောင်ထားရမည့်နည်းလမ်းတစ်ရပ်ကို ရှာဖွေရမည်၊ ထို့အပြင် ပါတီ၊ သို့မဟုတ် ကိုယ်စားလှယ်အနေဖြင့် နေ့စဉ်နှင့်အမျှ မိမိတို့ရင်ဆိုင်နေရသော ပြဿနာရပ်များကို နား လည်မှုရှိရမည်ဟု ဆိုလိုသည်။

၅။ ကြောင်းကျိုးဆက်စပ်မှုရှိခြင်း - အဆိုအမိန့်သည် ရွေးကောက်ပွဲပြုလုပ်ချိန်နှင့် မဲဆန္ဒရှင်များ၏အတွေ့အ ကြုံတို့နှင့် ကြောင်းကျိုးဆက်စပ်မှုရှိသော အရေးကိစ္စရပ်များကို ကိုင်တွယ်ရမည်ဖြစ်သည်။  ကိုယ်စားလှယ် များနှင့် မဲဆွယ်ရေးပြောခွင့်ရပုဂ္ဂိုလ်များသည် မိမိတို့ပစ်မှတ်ပရိသတ်အတွက် အရေးကြီးသော အကြောင်း ကိစ္စရပ်များအကြောင်းကို ပြောဆိုရမည်။ ယင်းအကြောင်းကိစ္စရပ်များသည် မဲဆန္ဒရှင်များအတွက် ၎င်းတို့ ၏ဘ၀တွင်နေ့စဉ်နေ့တိုင်း ရင်ဆိုင်ရသော ပြဿနာများဖြစ်ချင်ဖြစ်တတ်လိမ့်မည်၊ ပြည်သူ့ရေးရာမူဝါဒ အ တွက် အရေးကြီးသည်ဟုနိုင်ငံရေးသမားများ ထင်မြင်ယူဆသောအရေးကိစ္စများတော့ မဟုတ်ပါ။ မဲဆန္ဒရှင် များသည် မိမိတို့၏အလုပ်အကိုင်၊ မိမိတို့ရင်သွေးငယ်များ၏ပညာရေး သို့မဟုတ် မိမိတို့၏ပင်စင်လစာစသည့် ကိစ္စရပ်များအကြောင်း ပြောပြသော ကိုယ်စားလှယ်များကိုသာ ပိုပြီးထောက်ခံဖွယ်ရှိသည်၊ အထက်ပါအရေး ကိစ္စရပ်များအားလုံးကို တစ်ထိုင်တည်းဖြေရှင်းပေးနိုင်မည့် ဘက်ဂျက်အသုံးစရိတ်ရှိသည့်တိုင် ဘက်ဂျက်အ သုံးစရိတ်အကြောင်းပြောနေသော ကိုယ်စားလှယ်တစ်ဦးကိုမူ အထက်ကကိုယ်စားလှယ်ထက် ထောက်ခံမှုပို ပေးဖွယ်မရှိပါ။ ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့သည် မဲဆန္ဒရှင်ကို ကိုယ်စားပြုရန် အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်ကြောင်း၊ အမျိုးအမည်အားဖြင့် မဲထည့်ပါဟူသော အပြုအမူတစ်စုံတစ်ရာကို ပြုလုပ်လာ ရန် မဲဆန္ဒရှင်ကို စည်းရုံးနိုင်သည့် အကောင်းဆုံးကိုယ်စားလှယ်များဖြစ်ကြောင်း မဲဆန္ဒရှင်များအား အယုံ ကြည်သွင်းနိုင်အောင် ကြိုးစားနေရမည်ဟူသောအချက်ကို မမေ့သင့်ပါ။

၆။ ထူးခြားကွဲပြားမှုရှိခြင်း - မဲဆန္ဒရှင်များသည် အဆိုအမိန့်ကို မြင်သည်နှင့် ယင်းအဆိုအမိန့်သည် ပါတီ မှလာသောအဆိုအမိန့်၊ အခြားပါတီမှလာသောအဆိုအမိန့်မဟုတ်ဟူ၍ ချက်ချင်းအသိအမှတ်ပြုကြရသည်။ ပါတီ၏အဆိုအမိန့်ကို ထိုပါတီနှင့် သီးခြားတွဲဖက်ဆက်စပ်ကာ မဲဆန္ဒရှင်များက မမြင်လျှင် အဆိုပါအဆိုအမိန့် သည် ဘာမျှတန်ဖိုးမရှိတော့ပါ။ မဲဆွယ်ရေးအဖွဲ့များနှင့် ပါတီမဟာဗျူဟာသမားများအနေဖြင့် မိမိတို့၏ပါတီ အဆိုအမိန့်ကို အခြားပါတီများကပြောနေသောအရာနှင့် ကွဲပြားနေအောင် ပြင်ဆင်သင့်သည်၊ သို့မဟုတ် မိမိ တို့ကိုယ်ပိုင်အဖြစ် ထူးခြားကွဲပြားစွာ ချွန်ထွက်နေသော အတွေးအမြင်များနှင့် မူဝါဒများကို ပြင်ဆင်နိုင်ရန် ကြိုးစားသင့်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟု ပါတီတိုင်းကပြောသော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပေးမည်ဟု ပါတီတစ်ခုတည်းကသာပြောနေလျှင် ထိုပါတီသည် သူ့ပင်ကိုမူနှင့် သူ ထူးခြားကွဲပြားကာ ချွန်ထွက်နေတော့သည်။

မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်များကြား ရွေးချယ်မှုတစ်ရပ်ကို ပြုလုပ်ရမည်။ မဲဆွယ်ရေးအဖွဲ့အနေဖြင့် ယှဉ်ပြိုင်မှုအတွင်း မိမိတို့ကိုယ်စားလှယ်ကို အခြားကိုယ်စားလှယ်များနှင့် ယှဉ်ပြခြင်းဖြင့် မိမိတို့ကိုယ်စား လှယ်က အခြားကိုယ်စားလှယ်များနှင့် မတူထူးခြားကွဲပြားကြောင်းကို မြင်သာအောင်ပြသရန်လိုအပ်သည်။  စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုရေးတည်ငြိမ်မှုအကြောင်းကိုသာ ကိုယ်စားလှယ်တိုင်းက ရပ်တည်ပြီးပြောနေလျှင် မဲဆန္ဒရှင်များဘက်က ရှင်းရှင်းလင်းလင်း ရွေးချယ်စရာလမ်းရှိတော့မည်မဟုတ်ပေ။ အခြားတစ်ဖက်ကကြည့် လျှင် ကိုယ်စားလှယ်တစ်ဦးသည် လက်ရှိသီးခြားလုပ်ငန်းအတွက် အခွန်ဖြတ်တောက်ရေးအကြောင်း ထောက် ခံပြောကြားနေပြီး အခြားကိုယ်စားလှယ်များက မထောက်ခံလျှင် မဲဆန္ဒရှင်များဘက်က အလွန်ရှင်းရှင်းလင်း လင်းရွေးချယ်စရာရှိသွားမည်ဖြစ်သည်။

၇။ ယုံကြည်ကိုးစားထိုက်ခြင်း - အဆိုအမိန့်သည် ကိုယ်စားလှယ်၏တန်ဖိုးများ၊ အလေ့အကျင့်များ၊ မူဝါဒများ နှင့် သမိုင်းကြောင်းတို့မှ ဖြစ်တည်လာရန်လိုအပ်သည်။ ပါတီ၊ သို့မဟုတ် ကိုယ်စားလှယ်၏နောက်ခံဇာတ် ကြောင်းတို့နှင့် အဆိုအမိန့်က အဆက်အစပ်မတည့်ဘဲသီးခြားစီဖြစ်၍မရနိုင်ပါ။ ထို့အပြင် အဆိုအမိန့်သည် ယုံကြည်နိုင်လောက်သောအရာဖြစ်သင့်သည်၊ လက်တွေ့မကျသောကတိစကားများကို ပေးသည့် ကိုယ်စား လှယ်များကြောင့် နိုင်ငံရေးအပေါ် ပြည်သူများ စိတ်ဝင်စားမှုလျော့ကျစေသလို၊ နိုင်ငံရေးသမားများအပေါ်ယုံ ကြည်မှုကိုလည်း နည်းပါးစေသည်။ မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့အကြောင်းကိုပင် ပြောပြော၊ ၎င်းတို့လုပ်ပေးမည့်အရာကိုပင်ပြောပြော ပြောသမျှအရာက မှန်သည်ဟု ယုံကြည်ပေးရမည်။ ထို့ ကြောင့် ကိုယ်စားလှယ်၏ပုဂ္ဂိုလ်ရေးအတိတ်က အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ သက်သေအခိုင်အလုံရှိ သည့် ထုတ်ဖော်ချက်များကို အရံသင့်ပြင်ဆင်ထားပေးရန် လွန်စွာမှ အရေးပါသည်။ ပြဿနာတစ်ရပ်၊ သို့မ ဟုတ် အရေးကိစ္စတစ်ရပ်ကို အဘယ်ကြောင့် သို့မဟုတ် မည်သို့မည်ပုံ နားလည်ကြောင်း အကြောင်းပြချက်မ ပေးဘဲ နားလည်ပါသည်ဟု ပြောခြင်းသည် မဲဆွယ်ရေးအဖွဲ့၏အချိန်နှင့် မဲဆန္ဒရှင်များ၏အချိန်ကို ဖြုန်းတီးမှု ပင် ဖြစ်သည်။

၈။ လေးစားထိုက်ပြီးအပြုသဘောဆောင်ဖြစ်ခြင်း - အဆိုအမိန့်သည် မဲဆန္ဒရှင်များကို ရွေးချယ်စရာတစ်ရပ် ကိုသာပေးလိုက်ခြင်းဖြစ်သည်။ အခြားပါတီများ သို့မဟုတ် မဲဆန္ဒရှင်များကိုယ်နှိုက်အကြောင်း မကောင်းသ ဘော ထိုးနှက်တိုက်ခိုက်ခြင်း သို့မဟုတ် အထက်စီးဆန်ဆန်ပြုမူခြင်းမျိုး အဆိုအမိန့်တွင် မပါဝင်သင့်ပါ။ ပါတီများသည် မိမိတို့၏အတိုက်အခံများကိုကြည့်ရဆိုးအောင် အချိန်အား များစွာစိုက်ထုတ်၍ကြိုးစားနေကြ လျှင် ဤအပြုအမူသည် မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်အားကြီးပုံမရပေ။ လူထုသည် အပြုသဘောဆောင် ပြောခြင်းနှင့် အင်တိုက်အားတိုက်စည်းရုံးခြင်းကြောင့် စိတ်ဓာတ်တက်ကြွတတ်သည်၊ မဲဆွယ်ရေးအနေဖြင့် မိမိအတိုက်အခံများ၏ ဆိုးရွားသောမျက်နှာစာများအပေါ်ကိုသာ အလွန်အမင်း အာရုံစိုက်မည်ဆိုလျှင် ပါတီ အနေဖြင့် ပဋိပက္ခပေးရုံမှတစ်ပါး အခြားပေးစရာဘာမျှရှိပုံရတော့မည်မဟုတ်ပါ။

၉။ ယုံကြည်မှုရှိသော်ငြား အလွန်အကျွံမဖြစ်ခြင်း - ပါတီသည် မိမိ၏အဆိုအမိန့်နှင့်စပ်လျဉ်း၍ ယုံကြည်မှုရှိ သင့်သည်။ သို့သော် အတွေးအခေါ်သစ်များ၊ တိုးတက်မှုလမ်းကြောင်းသစ်များအတွက် ဖွင့်ပေးထားရမည်။ ပါတီများသည် မိမိတို့၏ခေါင်းဆောင်ပိုင်းနှင့် ပါတီလမ်းစဉ်ကို တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် တိတိပပလုပ်ဆောင်သင့်သည်၊ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးတွင် အခြားကိုယ်စားလှယ်များထက် မိမိ၏ မဲဆန္ဒရှင်လူထုကို ပိုမိုကောင်းမွန်စွာကိုယ်စားပြုနိုင်မည့် အမြင်နှင့် တတ်ကျွမ်းမှုများရှိအောင် လုပ်ဆောင်ပေး သင့်သည်။ သို့သော် ကိုယ်စားလှယ်များသည် ကိုယ့်လမ်းစဉ်အတိုင်း လူထုထံချဉ်းကပ်ရာတွင် နှိမ့်ချရိုကျိုးစွာ ပြုမူသင့်သည်၊ အကြောင်းမူ မာနတံခွန် တလူလူ လွင့်နေသော ကိုယ်စားလှယ်ဖြစ်ပါက လူထု၏ဆန္ဒမဲကို ဆုံး ရှုံးလိမ့်မည်ဖြစ်သည်။

၁၀။ ပြောင်းလဲစေနိုင်ခြင်းသဘာ၀ရှိခြင်းနှင့် စိတ်လှုပ်ရှားရခြင်း - တကယ်တမ်းတွင် အဆိုအမိန့်၏အန္တိမပန်း တိုင်မှာ မဲဆန္ဒရှင်များကို မဲရုံသို့သွားကာ ရေးထားသော ပါတီကို မဲထည့်ခိုင်းရန်သာဖြစ်သည်။ အဆိုအမိန့် သည် မဲဆွယ်မှုကို ထောက်ခံပြီး မဲထည့်လာရန် လူထုကို စိတ်ဓာတ်တက်ကြွမှုပေးရေးအတွက်သာ ရည်ရွယ် သင့်သည်။ အဆိုအမိန့်တစ်ရပ်သည် နိုင်ငံရေးမှာ မိမိတို့နှင့် သက်ဆိုင်သောအရာဖြစ်သည်ဟူသော ခံစားချက် လူထုတွင်ရှိလာအောင်၊ ရပ်ရွာလူထုအသိုင်းအဝိုင်း၏အခြေအနေကို တိုးတက်အောင်လုပ်နိုင်သောအခွင့်အ လမ်းတစ်ရပ် လူထုကို ပေးနိုင်သော စွမ်းအားနှင့် မျှော်လင့်ချက်တို့ ပါဝင်သောအဆိုအမိန့်ဖြစ်သင့်ပါသည်။

အဆိုအမိန့်ကွက်

အမေရိကန်နိုင်ငံရေးမဟာဗျူဟာရှင် ပေါလ် တော်လီက ကိုယ်စားလှယ်များအတွက် အဆိုအမိန့်များကို ပြင် ဆင်ပြီး မိမိတို့၏ရွေးကောက်ပွဲမဟာဗျူဟာများကို နည်းလမ်းတကျနှင့် အနုလုံပဋိလုံ စဉ်းစားနိုင်ကြစေရန် အောက်ပါလေ့ကျင့်ခန်းကို တီထွင်ခဲ့သည်။ ယင်းလေ့ကျင့်ခန်းကို သူက “အဆိုအမိန့်ကွက်”(မက်ဆေ့ဂျ် ဘောက်စ်) ဟူ၍ ခေါ်သည်။  မက်ဆေ့ဂျ်ဘောက်စ်တွင် ကိုယ်စားလှယ်များအနေဖြင့် မဲဆွယ်ရေးကာလအ တွင်း မိမိတို့ ဟောပြောနေမည့်အရာကိုသာမက၊ မိမိတို့အတိုက်အခံများ၏ထိုးနှက်ချက်များကို မည်သို့မည်ပုံ တုံ့ပြန်မည်ဟူသောအချက်ကိုလည်း စဉ်းစားဆုံးဖြတ်ထားရန်လိုအပ်သည်။

စာရွက်ဖြူတစ်ရွက် သို့မဟုတ် ကျောက်သင်ပုန်းတစ်ချက်ပေါ်တွင် အောက်ပါဇယားကွက်ကို ရေးဆွဲပါ။

အကွက်တစ်ကွက်စီတွင် ရနိုင်သမျှအကြောင်းအရာအချက်အလက်များစွာကို ဖြည့်သွင်းပါ

ကိုယ့်အကြောင်းကိုယ်ပြောသည့်အရာ

ကိုယ်စားလှယ်နှင့် မဲဆွယ်ရေးအဖွဲ့သည် ၎င်းတို့အကြောင်းကို မည်သို့ ဖွင့်ဆိုပြောပြသနည်း။ ဤအကွက်ကို မိမိ၏ကိုယ်စားလှယ်နှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များအား သိစေချင်သော အပြုသဘောဆောင်အကြောင်းကိစ္စရပ် အားလုံးနှင့် ဖြည့်သွင်းပါ။

သူတို့အကြောင်း မိမိတို့ပြောသည့်အရာ

သင့်မဲဆွယ်ရေးက သင်၏အမျိုးမျိုးသောအတိုက်အခံများကို မည်သို့ ဖွင့်ဆိုပြောပြသနည်း။ ဤအကွက်ကို သင်၏အတိုက်အခံများနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များအား ထင်မြင်စေချင်သော အပျက်သဘောဆောင်အ ကြောင်းကိစရပ်အားလုံးနှင့် ဖြည့်သွင်းပါ။ ထိုအတိုက်အခံများအား မဲဆန္ဒရှင်များ မည်သည့်အတွက်မဲမထည့် သင့်သည်ဟူသောအကြောင်းပြချက်များကို ရေးဖြည့်ပါ။ သင့်အနေဖြင့် ဤအကြောင်းကိစ္စရပ်များကို တိုက် ရိုက်ပြောခြင်းမျိုး ဖြစ်ချင်မှဖြစ်မည်၊ သို့သော် အနည်းဆုံးအားဖြင့် အတိုက်အခံများက ဘာဖြစ်သည်ဟူသော အချက်ကိုမူ သင် သိထားသင့်သည်။

ကိုယ့်အကြောင်း သူတို့က ပြောသည့်အရာ

ဤအကွက်တွင်မူ မဲဆွယ်ရေးအဖွဲ့က သင်၏ကိုယ်စားလှယ်နှင့် မဲဆွယ်ရေးကို သင်၏အဓိကအတိုက်အခံများ ၏ရှုထောင့်အမြင်မှ စကြည့်မြင်ရမည်ဖြစ်သည်။ အတိုက်အခံများသည် သင်၏ကိုယ်စားလှယ်နှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များအား မည်သည်ကို ထင်မြင်စေချင်မည်နည်း၊ ၎င်းတို့အမြင်တွင် သင့်ကိုယ်စားလှယ်ကို မဲဆန္ဒရှင် များက အဘယ်ကြောင့် မဲမထည့်သင့်သနည်းဟူ၍ဖြစ်ပါသည်။

သူတို့အကြောင်း သူတို့ ပြောသည့်အရာ

သင့်မဲဆွယ်ရေးကို သင်၏အဓိကအတိုက်အခံများ၏မျက်လုံးများမှတစ်ဆင့် ဆက်ကြည့်မြင်ပြီးနောက် ယခုအ ခါ သူတို့အကြောင်း သူတို့က မည်သို့ ဖွင့်ဆိုပြောပြသနည်းဟူသောအချက်ကို ကြည့်ရမည်။ သင့်အတိုက် အခံများ၏သဘောထားအမြင်တွင် သူတို့အား မဲဆန္ဒရှင်များက အဘယ်ကြောင့် မဲထည့်သင့်သနည်းဟူ၍ဖြစ် သည်။

မှန်ကန်စွာဖြည့်စွက်ပြီးလျှင် ပြည့်စုံစွာဖြည့်ထားသော မက်ဆေ့ဂျ်ဘောက်စ်သည် ရွေးကောက်ပွဲမဲဆွယ်ရေး ကာလအတွင်း သင်၏ကိုယ်စားလှယ်အပြင်  သင်၏အဓိကအတိုက်အခံများအားလုံးမှ တတ်နိုင်သမျှပြောလာ နိုင်သည့်အရာရာတိုင်းကို အကြမ်းဖျင်းဖော်ပြချက်ဖြစ်နေလိမ့်မည်။ အဆိုပါမက်ဆေ့ဂျ်ဘောက်စ်တွင် မပြော ဘဲသိနေနိုင်သောကိစ္စရပ်များ၊ သို့မဟုတ် သွယ်ဝိုက်ညွှန်းဆို စွပ်စွဲချက်များ ပါဝင်နေသည်။ ဥပမာပြရလျှင် ကျွန်ုပ်ကအတွေ့အကြုံပိုရင့်သောကိုယ်စားလှယ်ဖြစ်သည်ဟု သင်ပြောလိုက်လျှင် သွယ်ဝိုက်၍ သင့်အတိုက်အ ခံက အတွေ့အကြုံမရှိသူဟု ညွှန်းဆိုပြောပြနေခြင်းဖြစ်သည်။ ကျွန်ုပ်က အရိုးသားဆုံးဟု သင်ပြောလိုက် ခြင်းဖြင့် သင့်အတိုက်အခံက အကျင့်ပျက်သူဖြစ်သည်ဟု စောင်းပါးရိပ်ခြည်ဆိုလိုက်ခြင်းဖြစ်နိုင်သည်။ သင့်အ တိုက်အခံသည် ဤနည်းအားဖြင့် သင့်ကိုယ်စားလှယ်အပေါ် ကောင်းကောင်း ပြန်လုပ်ပြနိုင်သည်။ ဥပမာ အ တိုက်အခံဘက်က သူတို့သည် ပညာရေးကို ဂရုစိုက်သူဖြစ်သည်ဟု ဆိုလိုက်လျှင် သင်က ပညာရေးကို အာရုံ ထားသူမဟုတ်ဟု သွယ်ဝိုက်ကာ အတိုက်အခံဘက်က ညွှန်းဆိုပြောသွားခြင်းဖြစ်သည်။ အတိုက်အခံ၏စွပ်စွဲ ချက်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သင်မည်သို့ တုံ့ပြန်မည်နည်း။

ရှိတတ်သည့်အခက်အခဲက သင့်ကိုယ်သင် အတိုက်အခံ၏အခန်းကဏ္ဍထဲ တွန်းပို့လိုက်ရေးဖြစ်သည်၊ ထို့ နောက် သင့်အတိုက်အခံများကို အပြုသဘောဆောင်ပြီးရှုမြင်ကာ သင့်ကိုယ်တိုင်ကိုမူ အပျက်သဘောဖြင့် ရှု မြင်လိုက်ပါ။  သင့်အတိုက်အခံက ပြောလိုက်သည့်အတွက်ကြောင့်ဟုဆိုတိုင်း မှန်နေမည်ဟု မဆိုလိုပါ၊ ဤ အချက်ကို မမေ့ပါနှင့်။ တကယ်မေးရမည့်မေးခွန်းက မဲဆန္ဒရှင်က မည်သည်ကို ယုံကြည်မည်နည်းဟူ၍ဖြစ် သည်။ သူတို့ပြောသည့်အရာကို သင် မတုံ့ပြန်လျှင် မဲဆန္ဒရှင်များအနေဖြင့် သင့်အတိုက်အခံ၏သတင်းအချက် အလက်ကို အမှန်ဟုယူသွားနိုင်သည်။

ဤလေ့ကျင့်ခန်းမှ အခြားအရေးကြီးသောအပိုင်းမှာ သင့်အကြောင်း သင့်အတိုက်အခံများဘက်က ပြောမည့် ဖြစ်နိုင်ဖွယ်ရာစွဲချက်များအတွက် အဖြေရှိထားရန်ဖြစ်သည်။ သူတို့က သင့်ကို တိုက်ခိုက်လျှင် သို့မဟုတ် သူတို့ ၏အကွက်များအနက်တစ်ကွက်ထဲက အကြောင်းတစ်စုံတစ်ရာအတွက် သင့်ကို အပြစ်တင်လျှင် သင့်အကွက် များထဲ သင် မည်သို့ တုံ့ပြန်မည်နည်း။

အဆိုအမိန့်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ရာတွင် ဖြစ်တတ်သောအမှားများ

အဆိုအမိန့်တစ်ရပ်ကို မဲဆွယ်ရေးအဖွဲ့က ချမှတ်ဖော်ဆောင်ရာတွင် သတိပြုသင့်သော စွန့်စားမှုနှင့် ဖြစ်တန် ဖွယ်ရာ အန္တရာယ်များစွာရှိနေသည်။ အဆိုအမိန့်ကို ရေးသားပုံ ညံ့ဖျင်းလျှင် ရည်ရွယ်ထားသောအကျိုးသက် ရောက်မှုအတိုင်း မဖြစ်ဘဲပြောင်းပြန်ဖြစ်သွားနိုင်သည်။  ပါတီ သို့မဟုတ် ကိုယ်စားလှယ်ကို မဲထည့်ရေးမှ လူ ထုကို အားတက်သရောဟန့်တားနေခြင်းမျိုး ဖြစ်သွားနိုင်သည်။ အဆိုအမိန့်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ရာ တွင် သတိထားသင့်သော အဓိကအရေးကိစ္စရပ်များထဲအောက်ပါတို့ ပါဝင်သည်။

အဆိုအမိန့်သည် ပစ်မှတ်အုပ်စုများကို ဂရုတစိုက်ထားကာ ပစ်မှတ်ထားသင့်သည်။ မဲဆွယ်ရေးအဆိုအမိန့် တစ်ရပ်သည် လူတိုင်းကို ပြောနေသည်ဆိုလျှင် လက်တွေ့တွင်မူ မည်သူ့ကိုမျှပြောနေသည်မဟုတ်ပေ။ ပါတီ ၏ကိုယ်စားလှယ်ကို မဲထည့်မည့် လူများသည် မဲမထည့်ဘဲနေမည့်သူများနှင့် မတူကွဲပြားသည်၊ အဆိုပါအုပ်စု နှစ်စုစလုံးတွင် အလေးထားစရာကိစ္စရပ်များ မတူကွဲပြားကြသည်။ မဲဆွယ်ရေးအဖွဲ့က အဆိုပါမတူကွဲပြား ချက်များမှာ မည်သည့်အရာဖြစ်သည်ကို စဉ်းစားဆုံးဖြတ်ပြီး ရရှိလာနိုင်ဖွယ်ရှိသောထောက်ခံသူများအတွက် အဆိုအမိန့်ကို ပြင်ဆင်ကာ ဖြေရှင်းပေးရမည်ဖြစ်သည်။ အဆိုအမိန့်တစ်ရပ်တွင် ရည်မှန်းချက်တစ်ရပ် တိတိ ကျကျရှိရန်လိုအပ်သည်၊ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲမဲဆွယ်ရေးတွင် အဆိုအမိန့်တစ်ရပ်က လူပုဂ္ဂိုလ်တစ် ဦး၊ လူပုဂ္ဂိုလ်တစ်စု၊ လူအများပြည့်နှက်နေရာခန်းမတစ်ခု၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏အပိုင်းအကန့်တစ်ရပ် လုံးအတွက် ဦးတည်ပြင်ဆင်ထားသည်ဖြစ်စေ တိကျသောရည်မှန်းချက်တော့ရှိရမည်။ လူအုပ်စုက ပိုကြီးမား လေလေ၊ အဆိုအမိန့်ကို တိတိကျကျ ရည်မှန်းချက်အတိုင်း ဖြစ်စေရန် ပြင်ဆင်ရပိုခက်ခဲလေပင်ဖြစ်သည်။ ကြီးမားသောလူအုပ်စုများကို တိုက်ရိုက်ဦးတည်ထားသော အဆိုအမိန့်တစ်ရပ်၏အားနည်းချက်မှာ အဆိုအ မိန့်ကို ပိုပြီးယေဘုယျကျစွာ စီကုံးရေးသားရခြင်းဖြစ်သည်။  နိုင်ငံရေးမဲဆွယ်မှုများသည် ကြီးမားသောလူအုပ် စုများကို မလွဲမသွေ ပစ်မှတ်ထားရသည်။ ဤအချက်ကြောင့် အဆိုပါအုပ်စုကြီးအတွင်း ပစ်မှတ်အုပ်စုများကို သီးခြားရွေးထုတ်သတ်မှတ်ကာ ထိုအုပ်စုတစ်စုစီအတွက်(အလုံးစုံပါဝင်သောပင်မဗဟိုအဆိုအမိန့်၏မူဘောင် အတွင်းကပင်) သီးခြားအဆိုအမိန့်များကို ပုံစံချမှတ်ထားရန် အရေးကြီးသည်။

၁။ အဆိုအမိန့်တွင် အုပ်ချုပ်ရေးဆိုင်ရာအရေးကိစ္စရပ်များအပေါ် အလွန်အမင်း အလေးထားခြင်းမျိုး မထည့် ထားသင့်ပါ။ အတတ်ပညာပိုင်းဖြစ်သော အုပ်ချုပ်ရေးကိစ္စရပ်များကိုသာ အရေးပေးသည့် အဆိုအမိန့်တစ်ရပ် သည် မဲဆန္ဒရှင်ကို ဆွဲဆောင်နိုင်မည်မဟုတ်ပါ။ အဆိုပါအဆိုအမိန့်မျိုးသည် နည်းလမ်းများကို ပန်းတိုင်များ နှင့် ရောထွေးစေပါသည်။  အစိုးရဟူသည် ပန်းတိုင်တစ်ခုဆီ ဆိုက်ရောက်သွားရန် နည်းလမ်းတစ်ခုသာဖြစ် သည်။ အဆိုအမိန့်သည် အဆိုပါပန်းတိုင်များအကြောင်း ဖြစ်သင့်သည်၊ နည်းလမ်းများအကြောင်းမဖြစ်သင့်။ ထို့ကြောင့် “ဤမြို့နယ်တွင်းရှိ ဘ၀နေထိုင်မှုအရည်အသွေး တိုးတက်လာစေရန် အစိုးရနှင့် ပုဂ္ဂလပိုင်အခန်း ကဏ္ဍတို့ ပိုမို ပူးပေါင်းဆောင်ရွက်ရေး”ကဲ့သို့သော စကားစုများကို အသုံးမပြုရ။

၂။ အဆိုအမိန့်သည် မဲဆန္ဒရှင်များ ဆက်စပ်မြင်ကြည့်မရနိုင်သော ပါတီအတွင်းရေးကိစ္စရပ်များအပေါ် အရေး မစိုက်သင့်ပါ။ ပါတီအတွင်းရေးပဋိပက္ခများ မဲဆွယ်ရေးထဲ ဝင်ရောက်မလာနိုင်အောင် လုပ်ဆောင်ရမည်၊ သို့မ ဟုတ် အဆိုအမိန့်ထဲ ပါတီအတွင်းရေးပဋိပက္ခများကို ထင်ဟပ်ထားလျှင် အခြေအနေပို၍ပင်ဆိုးရွားသွားမည် ဖြစ်သည်။ ပင်မဗဟိုအဆိုအမိန့်တစ်ရပ်သည် တိကျပြတ်သားသင့်သည်၊ သဘောထားကွဲလွဲနေကြသည့် ပါတီ ဝင်များ သို့မဟုတ် မဲဆွယ်ရေးအဖွဲ့ဝင်များကြား ညှိနှိုင်းစေ့စပ်မှုကြောင့် ထည့်သွင်းထားသည့် ပဋိပက္ခဖြစ်နိုင် စရာ သို့မဟုတ် အားနည်းပုံပေါက်သော ထုတ်ဖော်ချက်များစွာ ပါဝင်သင့်သည်။

၃။ အဆိုအမိန့်သည် ယနေ့ခေတ်၏အရေးကိစ္စရပ်များနှင့် မသက်ဆိုင်ခြင်းမျိုး သို့မဟုတ် ခေတ်နောက်ကျနေ ခြင်းမျိုး မဖြစ်သင့်ပါ။ အဆိုအမိန့်တစ်ရပ်သည် အတိတ်ကာလအပေါ်ကိုသာ အလွန်အမင်းအရေးပေးနေလျှင် ခေတ်နောက်ကျနေပြီဟု အဝေဖန်ခံရမည့်ဘေးရန်တော့ရှိသည်။ ဤအတွက် ယေဘုယျအားဖြင့် “ကာကွယ်”၊ “ထိန်းသိမ်း”၊ “စောင့်ရှောက်” နှင့် “စောင့်ကြပ်”ဟူသော စကားလုံးများကို မဲဆွယ်ရေးအဆိုအမိန့်ထဲ ယေဘု ယျအားဖြင့် အသုံးပြုရန်မသင့်ပါ။ အဆိုအမိန့်ထုတ်ဖော်ချက်သည် ရွေးကောက်ပွဲများပြီးနောက် ပါတီထံမှ မဲ ဆန္ဒရှင်များ မျှော်မှန်းထားနိုင်သည့်အရာကို တိကျရှင်းလင်းစွာ ဖော်ပြထားရသည်။

၄။ အဆိုအမိန့်ထဲတွင် အတတ်ပညာဝေါဟာရများ ပြွတ်သိပ်ကာမပါသင့်။ နိုင်ငံရေးသမားများနှင့် ပါတီတာဝန် ရှိသူများ နေ့စဉ်အသုံးပြုသည့် ဝေါဟာရတချို့သည် သာမန်မဲဆန္ဒရှင်အတွက် လုံးလုံးအဓိပ္ပာယ်မရှိပါ၊ ထိုဝေါ ဟာရများကို မဲဆန္ဒရှင်များက နားလည်းမလည်၊ ပါတီက ရည်ရွယ်သောအရာနှင့် လုံး၀ခြားနားနေသောအဓိ ပ္ပာယ်တစ်စုံတစ်ခုထွက်နေသည်ဟု ယူဆသွားကြသည်။ ထို့ကြောင့် အတတ်ပညာဆန်သောစကားလုံးများအ သုံးပြုခြင်းကို ရှောင်ပါ၊  နိုင်ငံရေးအကြောင်း များများစားစားမသိသူတစ်ဦးဦးကို မိမိတို့မဲဆွယ်ရေးအဖွဲ့၏ပ ထမဆုံးအဆိုအမိန့်မူကြမ်းကို ဖတ်ခိုင်းခြင်းဖြင့် အထက်ပါစကားလုံးများသုံးထားခြင်းရှိ၊မရှိကို အမြဲစစ်ဆေး ပါ။

၅။ အဆိုအမိန့်တွင် အသုံးပြုထားသည့် ဘာသာစကားသည် ကြောင်းကျိုးခိုင်လုံပြီး အဓိပ္ပာယ်ရှိသင့်သည်။ တစ်ခါတစ်ရံ ပင်မဗဟိုအဆိုအမိန့်ထဲ အမှန်စင်စစ် အဓိပ္ပာယ်မရှိဖြစ်နေသော စကားအသုံးအနှုန်းများပါဝင်နေ သည်။ ဤသို့ပါဝင်ရခြင်းမှာ အဆိုအမိန့်အတွက် စကားလုံးများ စဉ်းစားကြရာတွင် ညှိနှိုင်းစေ့စပ်ယူရခြင်းများ ကြောင့်ဖြစ်သည်၊ သို့မဟုတ် ပါတီကိုယ်နှိုက်က တိကျသောသဘောထားအမြင်မရှိသေးသော သီးခြားအရေး ကိစ္စတစ်ရပ်အကြောင်း တစ်စုံတစ်ခုခုတော့ ပြောရမည်ဟုယူဆကြခြင်းကြောင့် အထက်ပါအဓိပ္ပာယ်မရှိစ ကားအသုံးအနှုန်းများပါဝင်ရခြင်းဖြစ်သည်။ အဆိုပါစကားအသုံးအနှုန်းမျိုးကို အဆိုအမိန့်ထဲ မထည့်သင့်ပါ။  အဆိုအမိန့်တစ်ရပ်ထဲ ရှင်းရှင်းလင်းလင်းမဖြစ်သော ဝါကျတစ်ကြောင်း သို့မဟုတ် အရေးအသားညံ့ဖျင်းသော ဝါကျတစ်ကြောင်းရေးထည့်လိုက်ခြင်းထက် လုံး၀ ဘာကိုမျှ မပြောဘဲနေခြင်းက ပိုကောင်းပါသည်။ ထို့ ကြောင့် အဆိုအမိန့်တစ်ရပ်တွင် “သဘာ၀ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မိမိတို့ ရင်ဆိုင်နေရေသော စိန်ခေါ်ချက် များသည် ထိရောက်သောချဉ်းကပ်မှုလမ်းကြောင်းတစ်ရပ်ကို လိုအပ်နေပြီ။ မိမိတို့သည် ဤအရေးကိစ္စနှင့်စပ် လျဉ်း၍ စိတ်ဝင်စားသည့်ပါတီအဖွဲ့အားလုံးနှင့် ပွင့်လင်းစွာတွေ့ဆုံဆွေးနွေးရေးကို စတင်ရန် ရည်ရွယ်သည်” ကဲ့သို့သော ဝါကျများကို မထည့်သင့်ပါ။

၆။ အဆိုအမိန့်သည် အပျက်သဘောဆောင်လွန်းခြင်းလည်း မဖြစ်သင့်ပါ။ အပျက်သဘောဆောင်သောအဆို အမိန့်များသည် ထိရောက်မှုတော့ရှိနိုင်သည်။ အခြားပါတီများ၏ မအောင်မြင်သောမူဝါဒများ သို့မဟုတ် ညံ့ ဖျင်းသောစီစဉ်ဆောင်ရွက်ချက်များကို ဖွင့်ချပြောခြင်းနှင့် ထိုပါတီများကို မိမိပါတီ၏အပြုသဘောဆောင်ပြီး ရှေ့ရေး မျှော်ကိုးတတ်သောမတူခြားနားသည့်လမ်းစဉ်များနှင့် ယှဉ်ပြခြင်းမျိုးသည် နိုင်ငံရေး၏တစ်စိတ်တစ် ဒေသဖြစ်သည်။ သို့သော် ပင်မဗဟိုအဆိုအမိန့်ကို ပါတီတစ်ခုအား အခြားအတိုက်အခံပါတီများနှင့် ခွဲခြားပြ ရာတွင်အသုံးပြုသင့်သော်လည်း အခြားပါတီများကို ဝေဖန်ခြင်း သို့မဟုတ် အခြားပါတီဝင်များအပေါ် ပုဂ္ဂိုလ် ရေးတိုက်ခိုက်ခြင်းများလုပ်ရာတွင် အလွန်အမင်းအပျက်သဘောမဆောင်သင့်ပါ။ အဆိုအမိန့်သည် အတိုက် အခံပါတီ များ၏အားနည်းချက်များအပေါ်ထက် မိမိပါတီ၏ ကိုယ်ပိုင်ရပ်တည်ချက်လမ်းစဉ်များ၏အားသာ ချက်အပေါ်ကိုသာ အခြေခံတည်ဆောက်သင့်သည်။

၇။ အဆိုအမိန့်သည် ပါတီ သို့မဟုတ် မဲဆွယ်ရေးအဖွဲ့တွင်း ပါဝင်သူတိုင်း၏ သဘောတူညီမှုနှင့် ထောက်ခံမှု ရှိ သင့်သည်။ အဆိုအမိန့်တစ်ရပ်ဟူသည် မဲဆွယ်ရေးကို စုစည်းညီညွတ်မှုရှိစေရန်အတွက်ဖြစ်သည်။ မဲဆွယ်ရေး လုပ်ဆောင်သောအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းတွင် အဆိုအမိန့်သည် အဓိကကျသောနေရာတွင် ရှိသင့် သည်။ တစ်ခါတစ်ရံ မဲဆွယ်ရေးအတွင်း ပါတီတာဝန်ရှိသူတစ်သိုက်က အဆိုအမိန့်ထဲပါဝင်သော အစိတ်အ ပိုင်းတချို့ကို ဆန်းစစ်မေးခွန်းထုတ်နေသည့်အတွက် အထက်ပါအဓိကကျသောနေရာတွင်ရှိရေး ဟူသောပန်း တိုင်ကို မဆိုက်ရောက်နိုင်တော့ပေ။ ပါတီတွင်းပဋိပက္ခ သို့မဟုတ် ပါတီအတွင်း သဘောကွဲလွဲမှုဖြစ်ခြင်း မျိုးသည် မည်သည်မဲဆွယ်ရေးတိုင်းအတွက်မဆို အန္တရာယ်ရှိသည်။