အသစ်များ > တည်ငြိမ်မှုရှိအောင်စွမ်းဆောင်ခြင်း

တည်ငြိမ်မှုရှိအောင်စွမ်းဆောင်ခြင်း

2022-09-03

တည်ငြိမ်ရေးနှင့် စနစ်တကျရှိရေးကို ထိန်းသိမ်းခြင်းသည် အစိုးရ၏အခြေခံအကျဆုံးလုပ်ငန်းဆောင်တာဖြစ် သည်ဟု အများကဆိုကြသည်။ ဤအတွေးအမြင်ကို သောမတ်စ် ဟော့ဘ်(သောမတ်စ် ဟော့ဘ်သည် နိုင်ငံ ရေးဒဿနလက်ရာများဖြင့် ထင်ရှားသော ၁၇ရာစု အင်္ဂလိပ်ဒဿနပညာရှင်တစ်ဦးဖြစ်သည်)၏ နာမည်ကျော် အဆိုအမိန့်တစ်ရပ်တွင် တွေ့နိုင်သည်။ ယင်းအဆိုအမိန့်မှာ အစိုးရမရှိပါက ဘ၀သည် ‘အထီးကျန် ဆင်းရဲကာ မနှစ်မြို့စရာကောင်းပြီး ရိုင်းစိုက်ကြမ်းကြုတ်၍ တိုတောင်း’ပေလိမ့်မည်ဟူ၍ဖြစ်သည်။

ဤအယူအဆအရကြည့်လျှင် အစိုးရ၏အဓိကရည်ရွယ်ချက်သည် တည်ငြိမ်မှုရှိစေရန် ၎င်း၏လုပ်ပိုင်ခွင့် အာဏာကို အသုံးချရန်ဖြစ်သည်ဟု ဆိုရမည်။ ဤအယူအဆ၏အရေးပါသောအစိတ်အပိုင်းတစ်ရပ်မှာ အစိုးရသည် နိုင်ငံရေးစနစ် တည်ငြိမ်မှုရှိရန် ထိန်းသိမ်းရမည်ဟူ၍ဖြစ်ပါသည်။ အရိုးရှင်းဆုံးဖွင့်ဆိုပြရပါက အစိုးရများသည် နိုင်ငံတော်ကို မပြိုလဲအောင် တားဆီးနိုင်လျှင် အောင်မြင်သည်ဟု ဆိုနိုင်သည်။ မပြိုလဲအောင်တားဆီးရာတွင် ရာဇဝတ်မှု၊ အဂတိလိုက်စားမှုနှင့် အကြမ်းဖက်ပဋိပက္ခတို့ကို ထိန်းချုပ်နိုင်ခြင်းလည်း ပါဝင်သည်။

မပြိုလဲအောင်ဟုဆိုသောကိစ္စကို အစိုးရတစ်ရပ်က မည်သို့ လုပ်ဆောင်သင့်သနည်းနှင့်စပ်လျဉ်း၍အမြင်နှစ်ရပ် ရှိသည်၊ လစ်ဘရယ်အမြင်နှင့် ကွန်ဆာဗေးတစ်အမြင်ပင်ဖြစ်သည်။

လစ်ဘရယ်အမြင်

တည်ငြိမ်သောအစိုးရဟူသည် အများသဘောညီဆန္ဒနှင့် လိုက်လျောခွင့်ပြုမှုအပေါ် အခြေခံထားရမည်ဟု လစ်ဘရယ်အမြင်က တင်ပြသည်။ ဤအမြင်အရ အစိုးရတစ်ရပ်၏ လူထုတောင်းဆိုချက်များနှင့် ဖိအားများအ ပေါ် လိုလိုလားလား တုံ့ပြန်ဆောင်ရွက်မှုသည် တည်ငြိမ်မှုကို ဖန်တီးပေးသောအရာဖြစ်သည်ဟုယူဆသည်။ ယင်းအချက်သည် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများ၏အားသာချက်ဖြစ်သည်ဟု မကြာခဏဂုဏ်ဖော်ထုတ် တတ်ကြသည်။

အစိုးရများသည် အာဏာတည်မြဲရန်အတွက် လိုလိုလားလား တုံ့ပြန်ဆောင်ရွက်မှုရှိရန်လိုအပ်သဖြင့် လစ်ဘ ရယ်ဒီမိုကရေစီသည် ပဋိပက္ခဖြစ်နေသောအကျိုးစီးပွားများကြား ဟန်ချက်ညီရေးကို ယူဆောင်ပေးတတ်ပါ သည်။ အစိုးရမူဝါဒများသည် လွတ်လပ်ပြီး မျှတသောရွေးကောက်ပွဲများကျင်းပပြီး မူဝါဒသစ်များဖြင့် ဖယ်ရှား ခံလိုက်သော်လည်း အရေးပါသောအကျိုးစီးပွားများကို ထိခိုက်ခြိမ်းခြောက်နိုင်လောက်သည်အထိ မူဝါဒများ ဖြစ်မသွားနိုင်ပါ။ သို့သော် တချို့အခြေအနေများတွင် လိုလိုလားလား တုံ့ပြန်ဆောင်ရွက်ခြင်းသည် မတည်ငြိမ် မှုကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ ပြည်သူက အစိုးရများထံမှ ရှိသမျှလိုအပ်ချက်နှင့် အကျိုးစီးပွားအားလုံးအ တွက် တုံ့ပြန်ဆောင်ရွက်ပေးလာမည်ဟု မျှော်လင့်နေပါက ပဋိပက္ခသို့ ဦးတည်သွားနိုင်သည်။

တည်ငြိမ်သောအစိုးရ၏အဓိကအကျပ်အတည်းသည် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ထိရောက်ခြင်းတို့ ထိပ်တိုက် ဖြစ်လာပါက ဟန်ချက်ညီအောင်ထိန်းရခြင်းဖြစ်သည်။ အစိုးရသည် လူထုဖိအားကို သတိထားဆင်ခြင်ရန်လို အပ်သော်လည်း တောင်းဆိုချက်များသည် အကြမ်းဖက်ပဋိပက္ခဖြစ်ရန် တာစူလာချိန်တွင် ယင်းတောင်းဆို ချက်များကို အစိုးရက ကျော်လွန်ပစ်နိုင်ရမည်။

ကွန်ဆာဗေးတစ်အမြင်

ကွန်ဆာဗေးတစ်အတွေးအခေါ်သမားများသည် အစဉ်အဆက် တည်ငြိမ်မှုနှင့် စနစ်တကျရှိမှုကိုသာ အရေး ထားသည်။ တုံ့ပြန်ဆောင်ရွက်ခြင်းထက် အခွင့်အာဏာကိုသာ ဦးစားပေးသည်။ သို့ရာတွင် နိုင်ငံရေးလုပ်ပိုင် ခွင့်အာဏာဟူသည် မျှဝေလက်ခံထားသောစံနှုန်းများနှင့် ဘုံတူညီသောယဉ်ကျေးမှုတစ်ရပ်အပေါ် အခြေခံရ မည်ဟူ၍တော့ ကွန်ဆာဗေးတစ်သမားများက ခံယူထားကြသည်။ ဤအမြင်အရ တည်ငြိမ်မှုနှင့် စနစ်တကျရှိမှု သည် လူမှုရေးနှင့်ယဉ်ကျေးမှုပေါင်းစည်းခြင်းမှထွက်လာသောအရာဖြစ်နေသည်ဟု ယူဆ နိုင်သည်။ တစ်နည်းအားဖြင့် တည်ငြိမ်မှုနှင့် စနစ်တကျရှိမှုသည် အင်အားသုံးဖြေရှင်းခြင်း တစ်ခုတည်း မဟုတ်ဘဲ လူ့အဖွဲ့အစည်း ၏ အခွင့်အာဏာအပေါ် လေးစားနိုင်စွမ်း၊ ထိုအခွင့်အာဏာကို ထိရောက်မှုရှိရှိ ဖြစ်စေမည့် ဌာနအဖွဲ့အစည်း များအပေါ် ထောက်ခံနိုင်စွမ်းပင်ဖြစ်သည်။

ဤသဘောအရ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများသည် ယခုတင်ပြသောတည်ငြိမ်မှုမျိုးကို ထိန်းသိမ်းရာတွင် ထိ ရောက်မှုအရှိဆုံးဖြစ်ချင်မှဖြစ်နိုင်မည်။ လစ်ဘရယ်ဒီမိုကရေစီစနစ် လည်ပတ်ရန် လိုအပ်သော နိုင်ငံရေး ယှဉ် ပြိုင်မှုဟူသောအဓိပ္ပာယ်မှာ သဘောထားအမြင်များအားလုံးသည် လွှမ်းမိုးဆဲယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင် နေသည့်တိုင် ယင်းအမြင်အားလုံးကို သည်းခံနားလည်မှုပေးရမည်ဟူ၍ ဆိုလိုသည်။ ဒီမိုကရေစီနည်းကျနိုင်ငံ သားဟုဆိုလျှင် အခွင့်အာဏာနှင့်စပ်လျဉ်း၍ အပြစ်ရှာဝေဖန်ဆန်းစစ်တတ်သည်၊ ဤအချက်သည် အတိုင်း အတာတစ်ရပ်အထိ ကွန်ဆာဗေးတစ်အမြင်နှင့် ဆန့်ကျင်နေသည်။

သို့ရာတွင် ယခုတင်ပြသော တည်ငြိမ်မှုအမြင်တွင်ရှိနေသော အားနည်းချက်က အစိုးရအပေါ် စစ်ဆေးချိန်ညှိ ခြင်းနည်းပါးနေခြင်းဖြစ်သည်။ အထက်မှအသုံးပြုသော အခွင့်အာဏာကို အားကိုးနေသဖြင့် အစိုးရအာဏာ အပေါ် ထိထိရောက်ရောက် ကန့်သတ်ခြင်းမရှိဖြစ်သွားနိုင်သည်။ အစိုးရသည် တရားဝင်မှု၊ လူမှုရေးတရားမျှ တမှုနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုတို့ကို လျစ်လျူရှုလိုက်ပါက ဤသို့သောအခွင့်အာဏာမျိုးသည် ဖိ နှိပ်ခြင်းဆီသာ ဦးတည်မိသွားနိုင်သည်။