အသစ်များ > ဆိုရှယ်လစ်ဝါဒ

ဆိုရှယ်လစ်ဝါဒ

2022-08-29

ကွန်ဆာဗေးတစ်ဝါဒသည် လစ်ဘရယ်ဝါဒအပေါ် တုံ့ပြန်ချက်တစ်ရပ်ဖြစ်သည့်အတိုင်းပင် ဆိုရှယ်လစ်ဝါဒ သည်လည်း စက်မှုအရင်းရှင်စနစ်ကြောင့် ပေါ်ပေါက်လာသော ပြဿနာရပ်များကို တုံ့ပြန်ရင်း ထွက်ပေါ်လာ သောဝါဒတစ်ရပ်ဖြစ်သည်။ ဆိုရှယ်လစ်ဝါဒသည် လူ့အဖွဲ့အစည်းတစ်ရပ်ကို လူတန်းစားအသီးသီးခွဲပြီးကြည့် မြင်သည်။ ထိုသို့ကြည့်မြင်ရာတွင် လူများကို ၎င်းတို့ရရှိသည့် အရင်းအမြစ်နှင့် အခွင့်အလမ်းပမာဏ၊ လုပ် ကိုင်သည့်အလုပ်အမျိုးအစားအပေါ် အခြေခံကာ ခွဲခြားခြင်းဖြစ်သည်။ အစောပိုင်းဆိုရှယ်လစ်ဝါဒီများက ကြီး မားသောအလုပ်ရုံ၊စက်ရုံများကို ပိုင်ဆိုင်ထားကြသူများ(အရင်းရှင်လူတန်းစား)သည် အလုပ်သမားလူတန်း စားအတွက် အန္တရာယ်တစ်ရပ်ဖြစ်သည်ဟု မြင်ကြသည်။

အရင်းရှင်ဆိုသည်မှာ တစ်စုံတစ်ရာ(ဥပမာ ငွေကြေး၊ ပစ္စည်းဥစ္စာ(သို့မဟုတ်)မြေယာ)ကို ပိုင်ဆိုင်ထားပြီး ထို ပိုင်ဆိုင်မှုကို ရင်းနှီးကာ ငွေရှာဖွေသူပင်ဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်သည် အဆောက်အဦတစ်လုံးကို ပိုင်ဆိုင်ထားပါက အခြားသူများထံ အခန်းအငှားချကာ ငွေရှာနိုင်သည်။ ယင်းကဲ့သို့ ပစ္စည်းပိုင်ဆိုင်ထားမှုကို ‘အရင်းအနှီး’ဟု ခေါ်သည်။ အလုပ်သမားလူတန်းစားဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း မည်သည့်အရင်းအ နှီးကိုမှ မပိုင်ဆိုင်ထားသောသူများကို ဆိုလိုသည်။ ထိုလူများအတွက် ငွေရှာရန်တစ်ခုတည်းသောနည်းလမ်းမှာ အခြားလူများအတွက် အလုပ်လုပ်ပေးခြင်းပင် ဖြစ်သည်။

အစောပိုင်းဆိုရှယ်လစ်ဝါဒီများ ပြောသော စနစ်သည် ကွဲပြားသည်။ ၎င်းတို့၏စနစ်တွင် လူတိုင်းသည် စက်ရုံ၊ လယ်မြေနှင့် စျေးဆိုင်များကို ပိုင်ဆိုင်ထားမည်။ သို့မှသာ ပိုမိုညီမျှသောလူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးနိုင် လိမ့်မည်ဟု အစောပိုင်းဆိုရှယ်လစ်ဝါဒီများက အဆိုပြုသည်။ ၁၉ရာစုကုန်တွင် ဆိုရှယ်လစ်ဝါဒီများ အုပ်စုနှစ် စုကွဲသွားသည်။ စီးပွားရေးစနစ်တစ်ရပ်လုံးကို ပြောင်းလဲရေးသည် အလွန်ခက်ခဲမည်ဟု ဆိုရှယ်လစ်ဝါဒီတ ချို့က ဆုံးဖြတ်လိုက်၏။ ဆိုရှယ်လစ်ဝါဒီများအတွက် အလုပ်သမားများ၏လုပ်ခလစာနှင့် လုပ်ငန်းခွင် အခြေ အနေတိုးတက်မြင့်မားရေးကို ကြိုးပမ်းလုပ်ဆောင်ပေးပါက ပိုကောင်းမည်ဖြစ်ကြောင်း၊ သို့မှသာ အရင်းရှင် လူ့အဖွဲ့အစည်းအတွင်း အလုပ်သမားများ ပိုကောင်းမွန်သောနေရာသို့ရောက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းတို့ က တင်ပြလာသည်။ ထိုသို့လုပ်ဆောင်ရန် အကောင်းဆုံးနည်းလမ်းမှာ အစိုးရကို အလုပ်သမားအခွင့်အရေး ဘက်က ကာကွယ်ပေးမည့်ဥပဒေများ ပြဋ္ဌာန်းလာစေရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်ဟု ၎င်းတို့က ဆုံးဖြတ် လိုက်သည်။ အထက်ပါဆိုရှယ်လစ်ဝါဒီမျိုးကို ပြုပြင်ရေးဆိုရှယ်လစ်များဟု ခေါ်ကြ၏။ ကျန်တစ်အုပ်စုကမူ ကုန်ထုတ်လုပ်မှုနည်းနာများ1 အားလုံးကို အလုပ်သမားများဖြင့် ဖွဲ့စည်းထားသောအစိုးရတစ်ရပ်က ထိန်းချုပ် ထားမည့် စီးပွားရေးစနစ်သစ်တစ်ရပ်ကိုပင် ဆက်လက်တောင်းဆိုကြသည်။

ဆိုရှယ်လစ်ဝါဒ၏အရေးပါသောစံနှုန်းများ

သွေးစည်းညီညွတ်ခြင်း

လူအများအနေဖြင့် တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်ခြင်းနှင့် တစ်ဦးအတွက်တစ်ဦးက အနစ်နာခံခြင်းသည် သ ဘာ၀ကျသည်ဟု ဆိုရှယ်လစ်အများအပြားက ယူဆသည်။ လူများဟုဆိုရာတွင် (ကျား/မလိင်၊ လူမျိုး၊ လူ တန်းစားအစရှိသဖြင့်) အမျိုးမျိုးကွဲပြားနေသော်ငြား နေရာအနှံ့အပြားရှိ အဖိနှိပ်ခံနှင့် ဘေးဖယ်ထုတ်ခံလူများ မှာမူ ၎င်းတို့အားလုံး ဖိနှိပ်ခံနေရခြင်းကြောင့် အချင်းချင်း ဆက်နွှယ်မှုရှိကြသည်သာ။ ထိုကဲ့သို့ အကူအညီလို အပ်နေသူများ(သို့မဟုတ်) အဖိနှိပ်ခံနေရသူများကို ပံ့ပိုးကူညီခြင်းသည် သွေးစည်းညီညွတ်ခြင်း၏အရေးပါ သောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဆိုရှယ်လစ်များက ဆိုကြသည်။

သာတူညီမျှခြင်း

လွတ်လပ်ခွင့်သည် နိုင်ငံရေးတွင် အရေးပါဆုံးစံနှုန်းတစ်ရပ်ဖြစ်သည်ဟု လစ်ဘရယ်များက တွေးကြသလို၊ တန်းတူညီမျှမှုသည် အရေးကြီးဆုံးသောစံနှုန်းတစ်ရပ်ဖြစ်သည်ဟု ဆိုရှယ်လစ်များက မြင်သည်။ ဆိုရှယ်လစ် များသည် လူ့အဖွဲ့အစည်းတစ်ရပ်ကို ခွင့်တူညီမျှရေးအရသာမက လူမှုတန်းတူညီမျှရေး (သာတူညီမျှရေး)အရ ပါအခြေခံကာတည်ဆောက်လိုကြသည်။ ဤတွင် ဆိုရှယ်လစ်အစိုးရများက ဆင်းရဲသောအစုအဖွဲ့များထံ ပေး ဝေရန် လူချမ်းသာပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများထံမှ အရင်းအမြစ်များကို ရယူရန်လိုအပ်သည်ဟုမြင် လာသည့်အခါ အငြင်းပွားစရာဖြစ်လာရတော့သည်။ အဆိုပါအမြင်သည် တစ်သီးပုဂ္ဂလအခွင့်အရေးများကို ထိ ပါးပြီး စီးပွားရေးအတွက်လည်း မကောင်းဟု ဆိုရှယ်လစ်မဟုတ်သူများက ထောက်ပြတော့၏။

လူမှုလိုအပ်ချက်

ဆိုရှယ်လစ်များအနေဖြင့် တန်းတူညီမျှရေးကိုအခြေခံသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်လို၍ အ ရင်းအမြစ်များကို လူအများထံ ပေးဝေရာတွင် ထိုလူအများ၏ လိုအပ်ချက်အတိုင်းအဆကို အခြေခံကာပေး သင့်သည်ဟု တင်ပြကြသည်။ အားနည်းသူ၊ နာမကျန်းဖြစ်နေသူ(ဘ၀ရပ်တည်ရေးအတွက် အလုပ်မလုပ်နိုင် သူ)တို့ကို စောင့်ရှောက်ရန်မှာ အားကြီးသူ၊ ကျန်းမာသန်စွမ်းသူတို့၏တာဝန်ဖြစ်ဟု ၎င်းတို့က ပြောကြသည်။

ဘုံပိုင်ဆိုင်မှု

(တစ်သီးပုဂ္ဂလပစ္စည်းပိုင်ဆိုင်ခွင့်ကို ထောက်ခံသော) လစ်ဘရယ်များ၊ ကွန်ဆာဗေးတစ်များနှင့် ဆိုရှယ်လစ် များကြားမတူသောအချက်မှာ ဆိုရှယ်လစ်တို့က ဘုံပစ္စည်းပိုင်ဆိုင်မှုကို ထောက်ခံခြင်းပင်ဖြစ်သည်။ ကုန် ထုတ်လုပ်မှုနည်းနာများသည် လူတိုင်းနှင့်သက်ဆိုင်သင့်ကြောင်း၊ သို့မှသာ အဆိုပါနည်းနာများမှထွက်လာ သော ကုန်ပစ္စည်းများနှင့် အရင်းအမြစ်များကို လူ့အဖွဲ့အစည်းအတွင်း ညီတူညီမျှ ခွဲဝေပေးနိုင်မည်ဖြစ်သည် ဟု ဆိုရှယ်လစ်များက ပြောကြသည်။ သို့သော် မည်ရွေ့မည်မျှခွဲဝေသင့်သည်ဟူသောအပိုင်းတွင် ဆိုရှယ်လစ် အချင်းချင်းကြား သဘောထားကွဲကြ၏။
(McLaughlin 2013:42-45)

1 means of production မာ့က်စ်ဝါဒမှ ဆင်းသက်လာသောအယူအဆတစ်ရပ်ဖြစ်သည်။ ကုန်ထုတ်လုပ်မှု အရင်းအနှီးများဟုလည်း တချို့ကသုံးနှုန်းသည်။ အဆိုပါအရင်းအနှီးများတွင် မြေယာများ၊မြေပေါ်မြေအောက်ရှိ ဓာတ်သဘာ၀ပစ္စည်းများ၊သစ်တောကြီးများ၊ မြစ်ချောင်း၊တူးမြောင်း၊ အင်းအိုင်၊ပင်လယ်၊ကုန်ကြမ်းကုန်ရိုင်းများ၊စက်ရုံအလုပ်ရုံများ၊ ကုန်ထုတ် ကိရိယာများ၊ ကုန်သွယ်ရေးဌာနများ၊လမ်းပမ်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဘဏ်တိုက်များ၊ အစုရှယ်ယာများအစရှိသည့် ကုန်ချောပစ္စည်း ထုတ်လုပ်ရာတွင် လိုအပ်သောအရင်းအနှီးများကို ခြုံငုံစုပေါင်း၍သုံးသော စကားရပ်လည်း ဖြစ်သည်။