အသစ်များ > ဆိုရှယ်လစ်စီးပွားရေးစနစ်များ

ဆိုရှယ်လစ်စီးပွားရေးစနစ်များ

2022-08-29

လွတ်လပ်သောစျေးကွက်စနစ်များသည်မမျှတကြောင်း၊ အကြောင်းမူ အရင်းရှင်စနစ်ကို အခြေခံသောစနစ်များသည် ဆင်းရဲသားများအပေါ် ချမ်းသာသူများက ခေါင်းပုံဖြတ်မှုကို အစဉ်ဖြစ်ပွားစေသည့်အတွက်ကြောင့်ဟု ဆိုရှယ်လစ်များ ကဆိုကြသည်။ နိုင်ငံအများစုတွင်(အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ) အလုပ်ရှင်က အလုပ်သမားကို လိုအပ်သည်ထက် အလုပ်သမားများအတွက် အလုပ်အကိုင်တစ်ခုခုရှိရန်ပိုလိုအပ်၍ အလုပ်ရှင်များသည် ၎င်းတို့ပေးလိုသလောက်သာ အ လုပ်သမားများ၏လစာကို ပေးနိုင်သည်။ ထိုအခြေအနေမျိုးတွင် ချမ်းသာသူသည်(အလုပ်ရှင်များ) ချမ်းသာမြဲ ပိုချမ်း သာသလို ဆင်းရဲသူ(အလုပ်သမားများ)သည် ဆင်းရဲမြဲဆင်းရဲနေတော့၏။ လူမှုရေးဆိုင်ရာတရားမျှတမှုကို မြှင့်တင်ရန် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ချက်များကို ထိန်းချုပ်ရန်လိုအပ်သည်ဟု ဆိုရှယ်လစ်များက ဆိုသည်။

ဓနဥစ္စာကို ပြန်လည်ခွဲဝေရန် အခွန်များကို အသုံးပြုသင့်ကြောင်း ဆိုရှယ်လစ်များက ပြောသည်

တန်းတူညီမျှမှုကို ပိုမိုရရှိနိုင်ရန် လူ့အဖွဲ့အစည်း၏အဆင်းရဲဆုံးအလွှာများထံ အရင်းအမြစ်များနှင့် အခွင့်အလမ်းများကို ပြန်လည်ခွဲဝေပေးခြင်းဖြင့် ဆိုရှယ်လစ်စီးပွားရေးစနစ်များသည် အထက်ပါခေါင်းပုံဖြတ်မှုကို ပပျောက်သွားရန် ကြိုးပမ်းကြသည်။ ထိုသို့ကြိုးပမ်းရာတွင် ပြည်သူလူထုကို ၎င်းတို့ရရှိသောဝင်ငွေ မည်မျှရှိသည်ဟူသောအချက်အပေါ် အခြေခံကာ အချိုးကျအခွန်တိုးကောက်သည့် ‘ထပ်တိုးအခွန်စည်းကြပ်ခြင်း’ပုံစံကို ဆိုရှယ်လစ်စီးပွားရေးစနစ်က အသုံးပြုသည်။ တစ်နည်းအားဖြင့် ပညာရေး၊ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုများကို ရယူခံစားနိုင်သူများသည် အဆိုပါဝန်ဆောင် မှုများကို ရယူခံစားရန် မတတ်နိုင်ရှာသူများကို ပံ့ပိုးပေးရန် အခွန်ပိုဆောင်ရသည့်သဘောပင်ဖြစ်သည်။ အစိုးရသည် အ ခွန်မှရရှိသောငွေကြေးကိုအသုံးပြုကာ ဝန်ဆောင်မှုများကို ရယူခံစားရန်မတတ်နိုင်ရှာသူများအတွက် လူမှုရေးဝန် ဆောင်မှုများကို ပေးသည်။ ထပ်တိုးအခွန်စည်းကြပ်ခြင်းကို ဆိုရှယ်လစ်စီးပွားရေးစနစ်တွင်သာ တွေ့ရသည်မဟုတ်ပါ၊ ချမ်းသာသူများ ပေးရသည့်အခွန်ပမာဏကိုကြည့်၍ အစိုးရတစ်ရပ် မည်မျှဆိုရှယ်လစ်ဆန်သည်ကို တွေ့နိုင်သည်။

နှိုင်းယှဉ်လေ့လာချက- စကင်ဒီနေးဗီးယားနိုင်ငံများ၏နမူနာပုံစံ (သို့နောဒစ်ပုံစံ

အိုက်စလန်၊ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်နှင့် ဖင်လန်တို့ပါဝင်သော နောဒစ်နိုင်ငံများတွင် အသုံးပြုသောစနစ်ကို နောဒစ်ပုံစံဟု ခေါ်သည်။ နောဒစ်လူမှုထောက်ပံ့ရေးစနစ်ပုံစံဆိုသည်မှာ နောဒစ်နိုင်ငံများတွင် လုပ်အားစျေးကွက်နှင့် ဆက်နွှယ် နေသည့် မူဝါဒများကိုရည်ညွှန်းသည်။

နောဒစ်နိုင်ငံများကြား မတူညီမှုများရှိသော်လည်း လူမှုရေးသွေးစည်းညီညွတ်ရေး၊ လူမှုထောက်ပံ့ရေးသည် တစ်ကမ္ဘာ လုံးနှင့်ဆိုင်သည့်သဘာ၀၊ လူ့အဖွဲ့အစည်းတွင် အားနည်းသောလူပုဂ္ဂိုလ်များနှင့် အစုအဖွဲ့များကို ကာကွယ်စောင့် ရှောက်ရေးနှင့် လူမှုရေးဆုံးဖြတ်ချက်များချရာတွင် အများပြည်သူပါဝင်ဆောင်ရွက်မှု ကျယ်ပြန့်လာစေရေးတို့အပေါ် နောဒစ်နိုင်ငံများအားလုံး အကျယ်အပြန့်တစ်ပြေးတည်း လက်ခံယုံကြည်ထားသည်။ လူမှုထောက်ပံ့ရေးကိုဖော်ဆောင် ရာတွင် ပြုလွယ်ပြင်လွယ်ရှိရေးနှင့် တီထွင်ဆန်းသစ်မှုကို လမ်းဖွင့်ပေးရေးတို့ကို အရေးထားသည်။ နောဒစ်လူမှု ထောက်ပံ့ရေးစနစ်များသည် အဓိကအားဖြင့် အခွန်ကောက်ခြင်းအပေါ် အခြေခံလည်ပတ်သည်။

နောဒစ်လူမှုထောက်ပံ့ရေးစနစ်သည် စျေးကွက်စီးပွားရေးကို မဆန့်ကျင်ဘဲ အတူလက်တွဲလုပ်ဆောင်ရန်ရည်ရွယ် သည်။ နိုင်ငံတကာမျက်နှာစာထက်ပွင့်လင်းမှုရှိရေးသည် ရုပ်၀တ္ထုတိုးတက်ကောင်းစားရေးအတွက် တစ်ခုတည်းသော အာမခံချက်ဖြစ်သည်ဟူသောအချက်အပေါ် နောဒစ်နိုင်ငံများက မျှမျှတတဖြစ်အောင် ထိန်းညှိပေးရန်ကြိုးစားသည်။ အခြားနိုင်ငံများနှင့်မတူသည်က စျေးကွက်လိုလားသောမူဝါဒများ စဉ်ဆက်မပြတ်အောင်မြင်ရေးသည် အများပြည်သူ ၏လိုက်လျောခွင့်ပြုချက်ရှိရန်လိုအပ်သည်ဟု နောဒစ်နိုင်ငံများက သိနားလည်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပွင့်လင်းမှုရှိရေးမှ ရရှိလာမည့် အကျိုးစီးပွားအသီးအပွင့်များကို နိုင်ငံသားများကြား မျှဝေပေးရမည်ဟုဆိုလိုသည်။ နောဒစ်နိုင်ငံများသည် ဓနဥစ္စာတိုးပွား ကြွယ်၀လာရန် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ်ကို အသုံးချသော်လည်း စွန့်စား မှုများရှိသည်ကို သိနားလည်ထားသလို ယခုလို စွန့်စားလုပ်ဆောင်ရင်းမှ ရရှိလာမည့် အသီးအပွင့်များကိုလည်း မျှဝေ ပေးသည်။

ဂလိုဘယ်လိုက်ဇေးရှင်းကို လက်ခံပြီး စွန့်စားမှုများကို မျှဝေပေးသော နောဒစ်ပုံစံ စီးပွားရေးစနစ်၏လက္ခဏာမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အခမဲ့ပညာရေးနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုများအပြင် နိုင်ငံ သားများကို ဆင်းရဲမွဲတေမှုမှ ကာကွယ်စောင့်ရှောက်ပေးရန် လူမှုရေးလုံခြုံမှုကွန်ရက်တစ်ခုကို ထားရှိခြင်း။ ခိုင်မာသောပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေးများ၊ စာချုပ်စာတမ်းဥပဒေများနှင့် စီးပွားရေးကို အလွယ်တကူလုပ် ခွင့်ရမည့် ဥပဒေများ။
  • ပြည်သူ့အငြိမ်းစားပင်စင်လစာ
  • စီးပွားရေးပွင့်လင်းမှုရှိခြင်းနှင့်ဆက်နွှယ်သော အန္တရာယ်များမှ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရန် လူမှုရေးအစီအစဉ်များ၊ အင်စတီကျူးရှင်းများနှင့် တွဲဖက်ကာ လွတ်လပ်စွာကုန်သွယ်ရာတွင် အဟန့်အတား များ လျော့နည်းစေရေး
  • အသေးစားကုန်ပစ္စည်းစျေးကွက်စည်းမျဉ်းဥပဒေ
  • အကျင့်ပျက်ခြစားမှု လျော့ပါးရေး။
  • အလုပ်ရှင်များ၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် အစိုးရကြား ပူးပေါင်းဆောင်ရွက်ခြင်း။ ထိုသို့ ပူးပေါင်း၍ လက်တွဲ ကြသူများသည် လုပ်ငန်းခွင်အတွက် စည်းမျဉ်းဥပဒေချမှတ်ရာတွင် ဥပဒေက ပြဋ္ဌာန်းပေးသောစည်းမျဉ်းများ ထက် မိမိတို့လက်တွဲကြသူအချင်းချင်း တိုင်ပင်ညှိနှိုင်းကာ စည်းမျဉ်းများကို ချမှတ်နိုင်မည်ဖြစ်သည်။
  • ပြည်သူ့ဝန်ထမ်းအရေအတွက် များပြားစေရန်။
  • အလုပ်လက်မဲ့ထောက်ပံ့ကြေးနှင့် အချိန်မတိုင်ခင်စောစီးစွာအငြိမ်းစားယူရသူများအတွက် ပင်စင်ထောက်ပံ့ ကြေးအစီအစဉ်များကဲ့သို့သော လူမှုရေးအကျိုးအမြတ်များ ကူးပြောင်းပေးအပ်ရာတွင် ပြည်သူ့ဘဏ္ဍာကို မြင့် မားစွာသုံးစွဲရေး။
  • ကျန်းမာရေးအတွက် ပြည်သူ့ဘဏ္ဍာကို မြင့်မားစွာသုံးစွဲရေး
  • နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂအဖွဲ့၏ ၂၀၁၄ ကမ္ဘာလုံးဆိုင်ရာအခွင့်အရေးညွှန်းကိန်းအရ နောဒစ်နိုင်ငံများ သည် အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွင် အဆင့်အမြင့်ဆုံးအဖြစ် သတ်မှတ်ခံရသည်။

ကိုးကား။ နောဒစ်ပုံစံ၊ ဂလိုဘယ်လိုက်ဇေးရှင်းကို လက်ခံခြင်းနှင့် စိန်ခေါ်မှုများကို မျှဝေခြင်း

Source: The Nordic Model: Embracing Globalization and Sharing Risks

စီးပွားရေးစီမံကိန်းများသည် လုပ်ငန်းလိုအပ်ချက်ထက် လူထု၏လိုအပ်ချက်ကို ဖြည့်ဆည်းရေး အဓိကထား ရန် ဆိုရှယ်လစ်များက ပြောသည်

စီးပွားရေးစီမံကိန်းဆိုသည်မှာ မည်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်မည်၊ မည်သို့ထုတ်လုပ်မည်နှင့် မည်သူ့အတွက် ထုတ်လုပ်မည်ဟူဆိုကာ အစိုးရတစ်ရပ်က အစီအစဉ်များ ချမှတ်ခြင်းကို ဆိုလိုသည်။ အဆိုပါအစီအစဉ်များ၏ရည်ရွယ် ချက်မှာ ပြည်သူလူထု၏လိုအပ်ချက်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်သောစီးပွားရေးပန်းတိုင်များကိုပါ အ ခြေခံသည့်စီးပွားရေးစနစ်တစ်ရပ်ကို စီမံဖော်ဆောင်ပေးရန်ဖြစ်သည်။ စီးပွားရေးစီမံကိန်းသည် အလွန်ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အဆိုပါစီးပွားရေးစနစ်တစ်ရပ်ကို စီစဉ်ဖော် ဆောင်ရန်လိုအပ်သော တွက်ချက်စီမံမှုများ အားလုံးကို အကောင်အထည်ဖော်ရန် အစိုးရလုပ်သား ထောင်နှင့်ချီ၍လို အပ်ပါသည်။

နိုင်ငံပိုင်ပြုလုပ်ခြင်းသည် စီမံကိန်းချပြုလုပ်သောစီးပွားရေးအများအပြား၏ အရေးပါသောအစိတ်အပိုင်း တစ်ရပ်ဖြစ် သည်။ စီးပွားရေးလုပ်ငန်းများ(သို့မဟုတ်) စက်မှုလုပ်ငန်းများကို ပုဂ္ဂလိက(သို့မဟုတ်) ပုဂ္ဂလပိုင်ကုမ္ပဏီအစုအဖွဲ့များ ကမဟုတ်ဘဲအစိုးရက တိုက်ရိုက်ထိန်းချုပ်ထားခြင်းသည် နိုင်ငံပိုင်ပြုလုပ်ခြင်းပင်ဖြစ်သည်။ တိုင်းပြည်၏ဓနဥစ္စာသည် ပြည်တွင်းနေ ချမ်းသာပြီးသားနိုင်ငံသားများထက် ထိုတိုင်းပြည်၏ပြည်သူလူထုထံ ရောက်ရှိစေရန် အစိုးရက ကြိုးပမ်း သည်။ အဆိုပါ ပန်းတိုင်များထံ ရောက်ရှိရန်မူ အစိုးရအများအပြားသည် ပုဂ္ဂလပိုင်ကုမ္ပဏီများ၏ စည်းမျဉ်းဥပဒေကို အသုံးချသည်။(M cLaughlin 2013:46-49)

နှိုင်းယှဉ်လေ့လာချက်၊ နော်ဝေရေနံအစီအစဉ်

နော်ဝေနိုင်ငံသည် ပြည်သူလူထု၏အကျိုးစီးပွားအတွက်ရေနံအရင်းအမြစ်များကို အသုံးချစီမံခန့်ခွဲသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု ယေဘုယျအားဖြင့်ယူဆခံရသည်။နော်ဝေနိုင်ငံ၏ရေနံစီမံခန့်ခွဲမှုပုံစံမှာ နိုင်ငံတော်ပိုင်လုပ်ငန်းအဖြစ်မဟာ ဗျူဟာကျကျထားခြင်း၊ ခိုင်မာပြီးစွမ်းရည်ပြည့်မီသောအင်စတီကျူးရှင်းများရှိခြင်း၊ နည်းပညာဗဟုသုတကို စဉ် ဆက်မပြတ်တည်ဆောက်ခြင်း၊ သဘာ၀ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လုံခြုံရေးတို့ကို အလေးထားသည့် အဆင့်မြင့် စည်းမျဉ်းဥပဒေစနစ်တစ်ရပ်ကို ထားရှိခြင်းတို့အပြင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ရေနံအရင်းအမြစ်များကို အခိုင်အ မာထိန်းချုပ်ရန် သန္နိဋ္ဌာန်ချဆုံးဖြတ်ထားခြင်းတို့ပင်ဖြစ်သည်။