အသစ်များ > ဆိုရှယ်ဒီမိုကရေစီ

ဆိုရှယ်ဒီမိုကရေစီ

2022-08-29

ဆိုရှယ်ဒီမိုကရေစီတွင် ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုနှင့် စျေးကွက်၏အခန်းကဏ္ဍကို လက်ခံထားယုံသာမက၊ စစ် ဆေးချိန်ညှိခြင်းမရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နည်းပါးသောလူနည်းစု၏လက်ထဲ ဓနဥစ္စာ ကြွယ်၀မှုကို ပုံအပ်ထားခြင်းကြောင့် မညီမျှမှုကို ကြီးထွားစေနိုင်သည့်အချက်ကိုပါ လက်ခံထားကြောင်း ဆို ရှယ်ဒီမိုကရက်များက တင်ပြသည်။ အပြန်အလှန်အားဖြင့် ဤအချက်သည် လူ့အဖွဲ့အစည်းကို အလုပ်ရှင်နှင့် အလုပ်သမား၊ ဆင်းရဲသူနှင့် ချမ်းသာသူ၊ မြို့ပြနှင့် ကျေးလက်ဟူ၍ နှစ်ခြမ်းကွဲသွားစေသည်။ ယင်းသို့တွေး ခေါ်စဉ်းစားပုံအရ နိုင်ငံတော်ကို လူ့အဖွဲ့အစည်း(သို့မဟုတ်) စီးပွားရေးအတွက်ခြိမ်းခြောက်နေသူအဖြစ်မ ဟုတ်တော့ဘဲ လူမှုအခွင့်အရေးများကို ဖန်တီးပေးသူနှင့် ကာကွယ်ပေးသူအဖြစ် ရှုမြင်ထားတော့၏။

ကျန်းမာရေးစောင့်ရှောက်မှု၊ အငြိမ်းစားလစာနှင့် အဆင့်မြင့်ပညာရေးကဲ့သို့သော ပြည်သူလူထုနှင့်ဆိုင်ရာဝန် စည်စလယ်များကို နိုင်ငံတော်က ထမ်းရွက်ပေးသင့်သည်ဟု ဆိုရှယ်ဒီမိုကရက်များက တင်ပြကြသည်။ ယှဉ် ပြိုင်ရေးလိုအပ်ချက်သည် နိုင်ငံတော်မှ အခိုင်အမာချမှတ်ထားသောမူဝါဒစည်းမျဉ်းများနှင့်ဖြစ်စေ၊ ရေရာသော စီးပွားရေးကဏ္ဍများအားပိုင်ဆိုင်ထားမှုနှင့်ဖြစ်စေ ငြိစွန်းရန်မသင့်ပါ။ အလားတူပင် ကုန်သွယ်ရေးကဏ္ဍကို လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်များအပေါ် အန္တရာယ်မဖြစ်စေမည့်နည်းလမ်းဖြင့် စီ မံဆောင်ရွက်သင့်သည်။

လူအားလုံးအတွက် အခြေခံအကျိုးခံစားခွင့်များရရှိစေပြီး လူမှုရေးတန်းတူညီမျှမှုဟူသော ဤပန်းတိုင်ဆီ အ ရောက်လှမ်းနိုင်ရေးအတွက် လူမှုအစီအမံများကို ပိုမိုအားစိုက် အသုံးချရန်လိုအပ်သည်။ လူမှုအစီအမံများကို စိုက်ထုတ်သုံးစွဲနိုင်ရန် အခွန်ကောက်ခြင်းဖြစ်စေ၊ လူချမ်းသာထံမှ ဓနဥစ္စာကို လူဆင်းရဲထံ ပြန်ခွဲဝေပေးခြင်း ဖြစ်စေ စီစဉ်ဆောင်ရွက်နိုင်၏။ ထို့ကြောင့် ဆိုရှယ်ဒီမိုကရေစီစနစ်တွင် အခွန်အခသည် ပိုမြင့်မားတတ်ပြီး အ ရင်းရှင်စနစ်ကို ပိုမိုစည်းကြပ်ကန့်သတ်ထားသည်။

ဆိုရှယ်ဒီမိုကရေစီနိုင်ငံရေးပါတီများသည် ကောင်းမွန်သောနိုင်ငံတော်နှင့် အစိုးရလုပ်ငန်းဆောင်ရွက်မှုများ ပေါ်ပေါက်လာရန် နိုင်ငံရေးထောက်ခံမှုရရှိရေးအတွက် စည်းရုံးကြသည်။ အခြေခံပညာရေး၊ လုံလောက် သောကျန်းမာရေးစောင့်ရှောက်မှု၊နေချင်စဖွယ်ရှိသောအိမ်ယာ၊ လုပ်ငန်းခွင်အတွင်း အကျိုးဖြစ်ထွန်းမည့်သူကို ရွေးချယ်ခန့်အပ်ခြင်း၊ ထိုက်တန်သောအလုပ်သမားလစာနှင့် အလုပ်မှအငြိမ်းစားယူသွားသူများအတွက်ပင်စင် ခံစားခွင့်အာမခံအစီအစဉ်များအစရှိသည့် လူမှုရေးနှင့် စီးပွားရေးအခွင့်အရေးများကို ပေးနိုင်ရန် ပါတီများက ရည်ရွယ်ကြသည်။ နိုင်ငံရေးနှင့် ပုဂ္ဂလိကအခွင့်အရေးများနှင့်စပ်လျဉ်းသော အစဉ်အလာလစ်ဘရယ်အတွေး အမြင်များအပြင် လူမှုရေးနှင့် စီးပွားရေးအခွင့်အရေးများကိုပါ ထပ်တိုးကာစွဲမြဲယုံကြည်ထားချက်ရှိ၍ လစ် ဘရယ်စနစ်နှင့် နှိုင်းယှဉ်လျှင် မိမိတို့၏ဆိုရှယ်ဒီမိုကရေစီစနစ်က တိုးတက်သော(သို့မဟုတ်) ပိုမိုပြည့်၀သော ဒီမိုကရေစီပုံစံတစ်ရပ်ဖြစ်သည်ဟု ဆိုရှယ်ဒီမိုကရက်များက ကြွေးကြော်ကြသည်။ အစဉ်အလာလစ်ဘရယ်ဒီမို ကရေစီပုံစံက တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်ကိုသာ အလေးထားနေစဉ် ဆိုရှယ်ဒီမိုကရေစီပုံစံကမူ လစ်ဘရယ်အ မြင်များအပြင် သာတူညီမျှရေးအမြင်များပါ နှစ်ခုစလုံးအပေါ်အလေးထားသည်။

ဆိုရှယ်ဒီမိုကရေစီပါတီများ သိသာထင်ရှားစွာရှိနေသောနိုင်ငံများထဲတွင် ဖင်လန်၊ နော်ဝေ၊ ဆွီဒင်နှင့် နယ်သာ လန်အစရှိသော ဥရောပမှ စည်းမျဉ်းခံဒီမိုကရေစီနိုင်ငံများ1 ပါဝင်သည်၊ ၎င်းပါတီများသည် အစိုးရအဖွဲ့အတွင်း သာတူညီမျှရေးမူဝါဒများကို မြှင့်တင်ပေးရန် စည်းရုံးလုပ်ဆောင်ကြသည်။ အိန္ဒိယနိုင်ငံသည် ဆိုရှယ်ဒီမိုကရေ စီအတွေးအမြင်များကို အလွန်ခိုင်မာစွာ ယုံကြည်ကိုးစားပြီး ကိုယ်စားပြုဒီမိုကရေစီနှင့် စည်းမျဉ်းခံဒီမိုကရေစီ နှစ်ရပ်စလုံးကို လိုက်နာကျင့်သုံးရာတွင် ထင်ရှားသောသာဓကတစ်ရပ်ပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ၁၉၅၀ ဖွဲ့ စည်းပုံအခြေခံဥပဒေနိဒါန်းအပိုဒ်တွင် ‘အချုပ်အခြာအာဏာပိုင် ဘာသာရေးမနွယ်သောဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ’ဖြစ်ပြီး သာတူညီမျှသောလူမှုရေးနှင့် စီးပွားရေးရာအခွင့်အရေးများ ပေးခြင်းသည် နိုင်ငံတော်မှ ပြည်သူလူထုအတွက် ထမ်းဆောင်ရမည့်တာဝန်တစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် အခြားနေရာဒေသများတွင်ရှိသော ဆိုရှယ်ဒီမိုကရေစီအပေါ် ဝေဖန်ကြသူများ ကမူ လူမှုရေးနှင့် စီးပွားရေးရာအခွင့်အရေးများဟုဆိုသော ဆိုရှယ်ဒီမိုကရေစီစီမံကိန်းကို အကောင်အထည် ဖော်ရန် လွန်စွာ အားကောင်းသည့်နိုင်ငံတော်နှင့် အစိုးရတစ်ရပ်ကို လိုအပ်သည်ဟုအလေးထားပြောကြသည်။ သာတူညီမျှသော လူမှုရေးအစီအစဉ်များကို အားကောင်းသောနိုင်ငံတော်က ဖော်ဆောင်ပေးရာတွင် ဓနဥစ္စာ ကို ကြပ်ကြပ်မတ်မတ် ပြန်လည်ခွဲဝေပေးရန်နှင့် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအပေါ် အစိုးရက လွန်ကဲစွာ ထိန်းချုပ်ထားရန် လိုအပ်သည်ဟု အထက်ပါဝေဖန်သူများက တင်ပြကြသည်။ ထို့ကြောင့် အစိုးရက လူ့အဖွဲ့ အစည်းအပေါ် လွန်ကဲစွာ ထိန်းချုပ်ပြီး ဆိုရှယ်ဒီမိုကရေစီအတွေးအမြင်များကို ကျယ်ပြန့်အောင် ပြုလုပ်မည် ဆိုလျှင် လွတ်လပ်မှုနှင့်ဆိုင်ရာအခြေခံသဘောတရားများကို ဘောင်ကျဉ်းအောင် လျှော့ချခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်းကို ပြုလုပ်ရလိမ့်မည်ဟု အစဉ်အလာလစ်ဘရယ်ဒီမိုကရေစီပုံစံနှင့်ဆက်နွှယ်သော တစ်သီးပုဂ္ဂ လအခွင့်အရေးဘက်တော်သားများက ဆိုကြသည်။

(O’ Neil, 2010: 90)

1 ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဋ္ဌာန်း၍လိုက်နာကျင့်သုံးသောဒီမိုကရေစီနိုင်ငံများကို constitutional democracies ဟုခေါ်ကြ၏။