ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်ရန် သီးခြားလွတ်လပ်သောနိုင်ငံဌာနအဖွဲ့အစည်းများ(တရားရုံးများနှင့် ရဲဌာ နပါဝင်)က မျှတသောဥပဒေမူဘောင်များကို ချမှတ်ပြဋ္ဌာန်းထားရန်လိုအပ်သည်။ အာဏာအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန် စနစ်များကို ကျကျနန စီစဉ်ချမှတ်ထားရမည်။
ဆိုလိုသည်မှာ နိုင်ငံသားတိုင်းသည် ဥပဒေရှေ့မှောက် တန်းတူညီမျှအခွင့်အရေးရှိပြီး ဥပဒေရေးရာကိစ္စရပ်အား လုံးတွင် မျှမျှတတ စီရင်ခံရခွင့်ရှိသည်ဟု အဓိပ္ပာယ်ရသည်။ တရားဥပဒေစိုးမိုးရေးသည် လူ့အခွင့်အရေးကို အ ပြည့်အ၀ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက တရားဥပဒေစိုးမိုးရေးဟူသည် ‘အများပိုင်ဖြစ်စေ၊ ပုဂ္ဂလပိုင်ဖြစ်စေ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊ ဌာနအဖွဲ့အစည်းများနှင့် အသင်းအပင်းများ၊ နိုင်ငံတော်ကိုယ်တိုင်အပါအဝင် အားလုံးသည် လူထုရှေ့တရားဝင် ထုတ်ပြန်ထားသည့်၊ တန်းတူညီမျှပြဋ္ဌာန်းပြီး သီးခြားလွတ်လပ်စွာ စီရင်ချမှတ်ထားသည့်အပြင် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်ကိုက်ညီသော ဥပဒေများအတွက် တာဝန်ခံရ မည့် အုပ်ချုပ်ရေးအခြေခံသဘောတရား’တစ်ရပ်ဖြစ်သည်ဟု ဖွင့်ဆိုသတ်မှတ်ထားသည်။ တရားဥပဒေစိုးမိုးရေးအတွက် တရားလွှတ်တော်ချုပ်၏အခြေခံမူများအတိုင်း တစ်သဝေမတိမ်းလိုက်နာဆောင်ရွက်ရန်၊ ဥပဒေရှေ့မှောက်တန်းတူညီမျှမှုရှိရန်၊ ဥပဒေအပေါ် တာဝန်ခံနိုင်မှုရှိရန်၊ ဥပဒေကို လက်တွေ့ကျင့်သုံးရာတွင်မျှတမှုရှိရန်၊ အာဏာခွဲဝေကျင့်သုံးရန်၊ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ဆောင်ရွက်ရန်၊ ဥပဒေကြောင်းခိုင်မာမှုရှိရန်၊ ထင်ရာစိုင်းစီရင်ချက်များ မပေါ်ပေါက်ရန်နှင့် လုပ်ထုံးလုပ်နည်းပိုင်းနှင့် ဥပဒေရေးရာပွင့်လင်းမြင်သာမှုရှိရန်တို့ လိုအပ်သည် ဟုလည်း အထွေထွေအတွင်းရေးမှူးက ဖွင့်ဆိုထား၏။
အုပ်ချုပ်ရေးသည် တရားဥပဒေစိုးမိုးရေးနှင့်အညီလည်ပတ်မည်ဆိုပါက အာဏာအသုံးချမှုကို စည်းမျဉ်းဥပဒေ နှင့် ထိန်းကျောင်းကာ မူဘောင်ချမှတ်ပေးမည့် စည်းမျဉ်းများနှင့် ဌာနအဖွဲ့အစည်းများက တည်ငြိမ်သောနိုင်ငံရေးအစီအစဉ်ကို ချမှတ်လုပ်ဆောင်လာမည်ဖြစ်သည်။ ဤအဆက်အစပ်ရကြည့်လျှင် တရားဥပဒေစိုးမိုးရေး သည် စည်းမျဉ်းဥပဒေ၊ တရားမျှတမှုတို့နှင့်ဆိုင်ရာစနစ်တစ်ရပ်အဖြစ် လူသား၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးခြင်းဖြစ်နေသည်ကို တွေ့ရမည်။ စည်းမျဉ်းများနှင့် ဥပဒေများကို မျှမျှတတ၊ တန်းတူအသုံးချမှုမှတစ် ဆင့် တရားဥပဒေစိုးမိုးရေးသည် အာဏာအသုံးချမှုကို စီမံအုပ်ချုပ်ပေးသည်။ ဥပဒေရေးရာဌာနအဖွဲ့အစည်း များပါဝင်သောစနစ်တစ်ရပ်ကို ကျင့်သုံးခြင်းမှတစ်ဆင့် တရားဥပဒေစိုးမိုးရေးသည် ဆင်းရဲသားနှင့် ဘေးဖယ် ထုတ်ခံတို့၏ အခွင့်အရေးချိုးဖောက်မှုများအတွက် နစ်နာမှုကို ပြန်ရှာဖွေနိုင်စွမ်းကို အဓိကအလေးထားသည်။
ယုံကြည်စိတ်ချရမှု၊ ကြိုတင်ခန့်မှန်းနိုင်မှုနှင့် တရားဥပဒေစိုးမိုးမှု
တရားဥပဒေစိုးမိုးရေးသည် ဥပဒေများနှင့် အခြားစည်းမျဉ်းဥပဒေများကို ချမှတ်ခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့နှင့်ဆိုင်ရာ ဌာနအဖွဲ့အစည်းလုပ်ငန်းစဉ်ကို ရည်ညွှန်းပါသည်။ ဆိုလိုသည်မှာ အစိုးရက ချမှတ်သောဆုံးဖြတ်ချက်များသည် ဥပဒေတွင် အခြေခံထားရမည်ဖြစ်ပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းများနှင့် တစ်ဦးပုဂ္ဂလ လူတစ်ဦးချင်းစီကို ထင်ရာစိုင်းဘက်လိုက်ဆုံးဖြတ်ချက်များမှ အကာအကွယ်ပေးရမည်ဟု အဓိပ္ပာယ်ရသည်။ ယုံကြည်စိတ်ချရမှုရှိလာရန် အဂတိလိုက်စားခြင်း၊ ဆွေမျိုးကောင်းစားရေး၊ နီးရာလူအခွင့်အရေးပေးခြင်း(သို့) ပုဂ္ဂလအကျိုးအမြတ်ကျဉ်းမြောင်းသောအစုအဖွဲ့များမှ ထိန်းချုပ်ထားမှုအစရှိသည့် မမှန်မကန်မက်လုံများမှ လွတ်ကင်းသော အုပ်ချုပ်ရေး၊ ပစ္စည်းပိုင်ဆိုင်မှုနှင့် ပုဂ္ဂလအခွင့်အရေးများကို အာမခံကာ ကွယ်ပေးထားသည့်အုပ်ချုပ်ရေး၊ လူမှုရေးတည်ငြိမ်မှုရှိစေမည့် အုပ်ချုပ်ရေးတို့ဖြစ်ရန်လိုအပ်သည်။ သို့မှသာ လုပ်ငန်းများနှင့် တစ်သီးပုဂ္ဂလတို့အတွက် မှန်ကန်ကောင်းမွန်သောဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်သော ယုံကြည်စိတ်ချရမှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှုတို့ကို ရရှိမည်ဖြစ်သည်။
ယုံကြည်စိတ်ချရမှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှုအတွက် နိုင်ငံရေးတည်ငြိမ်မှု အတိုင်းအတာတစ်ရပ်အထိ ရှိရန်လိုအပ်သည်။ နိုင်ငံရေးမရေမရာဖြစ်နေ၍ ဆုံးဖြတ်ချက်များကို လုံးလုံးလျားလျား ပြန်ပြောင်းလဲပစ်နိုင်မည်မဟုတ်ကြောင်း ပုဂ္ဂလိကကဏ္ဍကို အစိုးရဘက်က စည်းရုံးနိုင်ရန်လိုအပ်သည်၊ ၎င်းတို့ယုံကြည်နိုင်လောက်မည့် ကတိကဝတ်များကို ပေးရန်လည်း လိုအပ်သည်။ ဤအချက်သည် ရေတိုကာလအတွင်းသာဖြစ်သော သီးခြားနိုင်ငံရေးစနစ်တစ်ရပ်နှင့် ဆက်စပ်နေမည်ဟုဆို၍မရပါ၊ ရေရှည်ကာလဖြစ်သော ဒီမိုကရေစီစနစ်သည် ပွင့်လင်းစွာယှဉ်ပြိုင်မှုမှတစ်ဆင့် နိုင်ငံသားများကို ၎င်းတို့၏လိုလားချက်များအား ထုတ်ဖော်ပြနိုင်မည့် အသံတစ်သံကို ပေးခြင်းဖြင့် တည်ငြိမ်မှုကို တိုးမြှင့်နိုင်ပါသည်။
တရားဥပဒေစိုးမိုးမှု ရှင်သန်အားကောင်းစေရေးနှင့် ဆက်စပ်နေသော ကောင်းမွန်သောအုပ်ချုပ်ရေး စီမံဆောင်ရွက်ချက်များတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေမူဘောင်များနှင့်ဆိုင်ရာ လူထုအသိပညာမြှင့်တင်ပေးရေးကို တိုးတက်မြင့်မားအောင်လုပ်ဆောင်ခြင်း
- တရားစီရင်ရေးဆိုင်ရာဌာနအဖွဲ့အစည်းများကို စွမ်းရည်မြှင့်တင်ပေးရန် နှင့်/သို့ ပြုပြင်ပြောင်းလဲပေးရန် လှုံ့ဆော်ခြင်း
- တရားစီရင်ရေးဌာနများ၏ အဖွဲ့အစည်းအရဖြစ်စေ၊ ဆုံးဖြတ်ချက်အရဖြစ်စေ သီးခြားလွတ်လပ်မှုရှိနေခြင်းကို ခိုင်မာအားကောင်းစေရန်အတွက် လှုံ့ဆော်ခြင်း
- တရားစီရင်ရေးပိုင်း ထိရောက်မှုရှိစေရန် အကောင်းဆုံးလုပ်နည်းလုပ်ဟန်များကို တင်သွင်းချမှတ်ရေး လှုံ့ဆော်ခြင်း၊ ဥပမာ တရားရုံးစီမံခန့်ခွဲမှုနှင့် စီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေးရွေးချယ်မှုနှင့် စည်းမျဉ်း စည်းကမ်းအပြင်အခြားဆောင်ရွက်ချက်များကဲ့သို့သောလုပ်နည်းလုပ်ဟန်များ ပါဝင်သည်။
- တရားမျှတမှုကို ခံစားရရှိနိုင်ခွင့်အား ကျယ်ပြန့်စေရန် လှုံ့ဆော်ခြင်း
- ခွဲခြားဆက်ဆံသောဥပဒေများနှင့် မူဝါဒများကို ဖယ်ရှားပြီး ဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲရေးအတွက် လှုံ့ဆော်ခြင်း၊ မသန်စွမ်းသောပုဂ္ဂိုလ်များအတွက် လက်လှမ်းမီနိုင်ခွင့်ကို တိုးမြှင့်ပေးခြင်း။
ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သော တရားဥပဒေစိုးမိုးရေးဆိုင်ရာသာဓကဖြစ်ရပ်များ
ဟောင်ကောင်
၁၉၇၃ ခုနှစ်တွင် ဆာ မာရေး မက်လီဟို့စ်သည် လွှတ်တော်၏ဖွင့်ပွဲအစည်းအဝေးတွင် အဂတိလိုက်စားမှု စုံ စမ်းစစ်ဆေးခြင်းတာဝန်ကို ရဲဌာနမှ သီးခြားလွတ်လပ်သောအဖွဲ့တစ်ခုထံ လွှဲအပ်လိုက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့သည်။ ထိုအဖွဲ့သည် အစိုးရဌာနများနှင့် သီးခြားမသက်ဆိုင်ဘဲ အုပ်ချုပ်ရေးမှူးထံ တိုက်ရိုက်အစီရင်ခံတင်ပြမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ICAC သည် အစိုးရ၏စတုတ္ထမဏ္ဍိုင်တစ်ရပ်ဖြစ်လာပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များအထိ နေရာယူဖြန့်ကျက်လုပ်ဆောင်နိုင်ခဲ့သည်။
လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှဖြစ်ပြီး ဥပဒေ၏ကာကွယ်ပေးမှုကို ရရှိသည်ဟူသောအချက်မှာ တရားဥပဒေစိုးမိုးရေး၏အခြေခံသဘောတရားတစ်ရပ်ဖြစ်သည်။ သို့ရာတွင် အစိုးရ၏အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြိုးပမ်းချက်များ မအောင်မမြင်ဖြစ်လာသည့်အခါ ဟောင်ကောင်ရှိ ဥပဒေပြုအမတ်များက ဗြိတိသျှပုံစံ ရာဇဝတ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် တရားမဝင် လုပ်ဆောင်နေသော အရာရှိများကို များစွာအကာအကွယ်ပေးထားသည်ဟု နားလည်သိမြင်လာကြသည်။ အစိုးရရာထူးယူထားသူများ ခံစားသာယာနေကြသည့် ဥပဒေအကာအကွယ်များကို လျှော့ချနိုင်မှသာ တရားစီရင်ရေးမဏ္ဍိုင်တွင် ကိုယ်ကျိုးစီးပွားရှာနေကြသော အစိုးရအရာရှိများ၏ အလွဲသုံးစားပြုမှုများကို တားဆီးနိုင်ရန် လုံလောက်သောအာဏာရှိလာနိုင်မည် ဖြစ်သည်။ အစိုးရအရာရှိများ လိုက်နာရန် ပြန်လည်ပြင်ဆင်ထားသည့်စည်းမျဉ်းများနှင့်စပ်လျဉ်း၍ထူးခြားသောအချက်နှစ်ချက်မှာ
(၁) အစိုးရအရာရှိများသည် ‘နှုတ်ဆိတ်နေခွင့်’ မရှိခြင်း နှင့်
(၂) ရှင်းပြချက်ခိုင်လုံစွာမပေးနိုင်သောဓနဥစ္စာလက်ဝယ်ရှိခြင်းသည် ပြစ်မှုအရာမြောက်သည်ဟူသော ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခြင်း တို့ပင်ဖြစ်သည်။
တောင်အာဖရိက
၂၀၀၆ ခုနှစ်တွင် ဗဟိုတရားရုံးရှေ့နေ ဂျင်းနက်သာဘရင့်သည် တောင်အာဖရိကရှိ ဂူတန်ပြည်နယ်အတွင်းဖြစ်ပွားနေသော အကျင့်ပျက်မသမာမှုများကို ဖွင့်ချပြလိုက်သည်။ သူမ၏အဆိုအရ ဒေသတွင်းဖြစ်ပွားနေသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန၏ အရေးပေါ်ဖုန်းလိုင်းသည် သတင်းပေးတိုင်ကြားချက်များကို စုံစမ်းစစ် ဆေးခြင်းမပြုလုပ်ကြောင်းနှင့် အကြီးတန်းအစိုးရအရာရှိများအပေါ်စွဲဆိုထားသော အမှုများကို စုံစမ်းစစ်ဆေးရန်ကိုလည်း လှီးလွှဲနေကြောင်း သိရသည်။ အဆိုပါထုတ်ဖော်ချက်များကြောင့် သူမသည် အလုပ်တာဝန်မှရပ် စဲခံရပြီး နုတ်ထွက်သွားခဲ့ရသည်။ ၂၀၀၈ခုနှစ်တွင် တရားရုံးက သူမ၏ရာထူးမှနုတ်ထွက်မှုသည် အတင်းအဓမ္မ ဖိအားပေးခံရခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့ပြီး ဂျင်းနက်သာဘရင့်ကို နစ်နာကြေးပေးလျော်ခဲ့သည်။