အသစ်များ > အချိုးကျကိုယ်စားပြုခြင်းစနစ်များ

အချိုးကျကိုယ်စားပြုခြင်းစနစ်များ

2022-10-01

ပါတီအတွက် ရရှိမည့် မဲအရေအတွက် ရာခိုင်နှုန်းနှင့် လွှတ်တော်တွင်း ရရှိမည့် အမတ်နေရာအရေအ တွက် ညီမျှနိုင်ရေးသည် အချိုးကျကိုယ်စားပြုခြင်း၏ရည်ရွယ်ချက်ပင်ဖြစ်သည်။

စာရင်းလိုက်အချိုးကျကိုယ်စားပြုခြင်း (List PR)

ဤစနစ်တွင် ပါတီအသီးသီးသည် ကိုယ်စားလှယ်လောင်းစာရင်းကို မဲဆန္ဒရှင်များထံ တင်ပြသည်။ မဲဆန္ဒရှင်များက မိမိတို့နှစ်သက်ရာပါတီကို မဲတစ်မဲစီပေးကြသည်။ ပါတီများသည် တစ်တိုင်းပြည်လုံး ရရှိသောမဲခွဲတမ်းနှင့် အချိုးအစားညီညီ ဥပဒေပြုလွှတ်တော်တွင်း အမတ်နေရာများကို လက်ခံရရှိ သည်။

အစ္စရေးကဲ့သို့သော နိုင်ငံအချို့တွင် တစ်နိုင်ငံလုံးသည် ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုရွေးချယ် နိုင်သည့်ဆန္ဒမဲခရိုင်တစ်ခုဖြစ်သည်။ ဆန္ဒမဲခရိုင်များကို ခွဲဝေပိုင်းခြားထားခြင်းမရှိပါ။

တခြားနိုင်ငံများတွင် ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုရွေးချယ်နိုင်သောဆန္ဒမဲခရိုင်များကို အသုံးပြုသည်။ ဤစနစ်အရ ပါတီ (က) သည် အမတ်နေရာ ၁၀ နေရာ ရှိသည့် မဲခရိုင်တစ်ခုတွင် မဲ ၅၀ရာခိုင်နှုန်း ရရှိပါက ထိုပါတီမှကိုယ်စားလှယ်လောင်းများသည် အမတ်နေရာ ၁၀ နေရာအနက် ၅ နေရာကို ရရှိမည်ဖြစ်သည်။ ပီအာစနစ်သုံးသည့် ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုရွေးချယ်နိုင်သည့် ဆန္ဒမဲခရိုင်များမရှိပါ။ အမတ်နေရာတစ်နေရာတည်းကို အချိုးအစားညီညီ ခွဲခြားထားရန်မဖြစ်နိုင်၍ဖြစ်သည်။

တချို့နိုင်ငံများသည် လွှတ်တော်တွင်း ကိုယ်စားပြုပါဝင်ခွင့်ရရေးအတွက် အနိမ့်ဆုံးထောက်ခံမဲသတ် မှတ်ချက်အဆင့်ကို ထားရှိသည်။ တူရကီနိုင်ငံတွင် ပါတီတစ်ဖွဲ့သည် လွှတ်တော်တွင်း အမတ်နေရာ များကို ရရှိနိုင်ရန် အနည်းဆုံး မဲ ၁၀ ရာခိုင်နှုန်းရရှိရမည်ဖြစ်သည်။ ထိုသတ်မှတ်ချက်သည် အသေး ငယ်ဆုံးပါတီလေးများကို ချန်လှပ်ထားမည့်အကျိုးသက်ရောက်ချက်ရှိနေသည်။ အစ္စရေးနိုင်ငံတွင် ထောက်ခံမဲအနိမ့်ဆုံးသတ်မှတ်ချက်မှာ ၁.၅ ရာခိုင်နှုန်းဖြစ်ပြီး ထိုသတ်မှတ်ချက်က ပါတီအများအ ပြားကိုကိုယ်စားပြုခွင့်ရစေသည်။ တောင်အာဖရိကကဲ့သို့ နိုင်ငံအချို့ကမူ မည်သည့်ထောက်ခံမဲအနိမ့် ဆုံးသတ်မှတ်ချက်မျှ မထားပေ။

အများအားဖြင့် ကိုယ်စားလှယ်လောင်းစာရင်းများသည် “အပိတ်”စာရင်းများဖြစ်သည်။ မဲဆန္ဒရှင်များ သည် စာရင်းထဲပါ ယင်းတို့နှစ်သက်ရာလူများကို ရွေးချယ်နိုင်ခြင်းမရှိပါ။ စာရင်းထဲမှလူများကို ကိုယ် စားလှယ်များအဖြစ် အဆိုပါစာရင်းပါ ယင်းတို့၏အမှတ်စဉ်အတိုင်း ရွေးထုတ်သည်။ ဥပမာပြရလျှင် ပါတီ (က) သည် မဲ ၄၀ ရာခိုင်နှုန်းရလျှင် ပါတီစာရင်းပါ ကိုယ်စားလှယ်လောင်းများမှ ကနဦး ၄၀ရာ ခိုင်နှုန်းသည် ဥပဒေပြုလွှတ်တော်တွင်း အမတ်နေရာများကို ရရှိမည်။

တချို့နိုင်ငံများတွင် စာရင်းများသည် “အဖွင့်”စာရင်းများဖြစ်သည်။ မဲဆန္ဒရှင်များသည် ယင်းတို့နှစ် သက်ရာပါတီကို ရေးခြစ်နိုင်ပြီး နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို မှတ်သားထားနိုင်သည်။ ထို့နောက် စာရင်းတွင် မဲအများဆုံးရသည့် ကိုယ်စားလှယ်လောင်းများကို အစဉ်အတိုင်း ရွေးထုတ်ယူ ရမည်ဖြစ်သည်။ ထိုသို့ရွေးထုတ်ယူရာတွင် ပါတီရရှိသော စုစုပေါင်းမဲများ၏ရာခိုင်နှုန်းနှင့်အညီဖြစ် သည်။ ဥပမာပြရလျှင် ပါတီ (က) သည် မဲ ၄၀ရာခိုင်နှုန်းကို ရရှိလျှင် မဲအများဆုံးရရှိခဲ့သော ပါတီစာ ရင်းပါ ကိုယ်စားလှယ်လောင်းများအနက် ထိပ်ဆုံး ၄၀ ရာခိုင်နှုန်းသည် ဥပဒေပြုလွှတ်တော်တွင်း အ မတ်နေရာများကို ရရှိမည်ဖြစ်သည်။

ခုနှစ်ဆယ့်ငါးနိုင်ငံနှင့်နယ်မြေဒေသများသည် အချိုးကျကိုယ်စားပြုစနစ်များကို အသုံးပြုကြသည်။ စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုသော အကြီးမားဆုံးနိုင်ငံမှာ အင်ဒိုနီးရှားဖြစ်သော် လည်း အဓိကအားဖြင့် အလယ်အလတ်အရွယ်အစားရှိ အနောက်ဥရောပ၊ လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများကလည်း ဤစနစ်ကို အသုံးပြုသည်။

အားသာချက်များ

  • တရားမျှတမှု ပိုရှိသည်၊ ပါတီတိုင်းသည် ရရှိသောမဲအချိုးအစားအလိုက် လွှတ်တော်တွင်း ကိုယ်စားပြုခွင့်ကို ရရှိသည်။
  • FPTP စနစ်နှင့်မတူဘဲ အလေအလွင့်ဖြစ်သွားသည့်မဲများဟူ၍မရှိပါ။
  • လူနည်းစုပါတီများသည် မဲအနည်းငယ်ရရှိသည့်တိုင် လွှတ်တော်တွင်း ကိုယ်စားပြုနိုင်သောအခွင့်အရေးတစ်ရပ်ရှိနေသည်။
  • ဤစနစ်သည် အားမကောင်း နယ်မြေဒေသများတွင်ပင် ပါတီများကို မဲဆွယ်စည်းရုံးရေးလုပ်ဆောင် ရန်တိုက်တွန်းအားပေးသည်၊ မဲတိုင်းသည် အမတ်တစ်နေရာရနိုင်ရေးကို ရည်ရွယ်ဦးတည်သည်။
  • စီးပွားရေးဖွံ့ဖြိုးမှုနှင့် အစိုးရမူဝါဒနှင့်ဆိုင်ရာတို့တွင် ပိုမိုတည်ငြိမ်မှုရစေသည်။ FPTP စနစ်သည် မတူ ကွဲပြားမှုအားကြီးသည့် ပါတီများကြား တပြန်တလဲစီ မဲအနိုင်ရနေတတ်သည်။ ဤအချက်သည် ရေ ရှည်ဖွံ့ဖြိုးရေးနှင့် မူဝါဒများစီမံချမှတ်ရေးအတွက် အခက်အခဲဖြစ်စေသည်။ အချိုးကျကိုယ်စားပြု ခြင်းစနစ်က ပိုတည်ငြိမ်ရသည့်အကြောင်းရင်းမှာ ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို အားပေးထားသည့်အ တွက်ဖြစ်သည်။ ဆိုလိုသည်မှာ မတူကွဲပြားသောပါတီများအချင်းချင်း အတူတကွ လက်တွဲအလုပ် လုပ်လာရပြီး အပေးအယူညှိနှိုင်းမှုကိုလည်း လုပ်လာရသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။
  • အမျိုးမျိုးကွဲပြားရောယှက်နေသည့် ကိုယ်စားလှယ်လောင်းများပါဝင်သော စာရင်းများ၊ မဲဆန္ဒရှင်ပုံစံ အသီးသီးထံ ရောက်ရှိမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ပါတီများ တင်ပြရန် အားပေးသည်။
  • စာရင်းလိုက်ပီအာစနစ်ကြောင့် အမျိုးသမီးများနှင့် တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်လောင်းများကို ပါတီများက ပိုအရေးပေးထည့်သွင်းလာဖွယ်ရှိသည်။ မဲဆန္ဒရှင်များသည် လူပုဂ္ဂိုလ်တစ်ဦးစီ ကို အခြေခံခြင်းမဟုတ်ဘဲ စာရင်းတစ်ခုလုံးအပေါ် အခြေခံကာ ဆုံးဖြတ်ရွေးချယ်သည်။ ဆန့်ကျင်ဘက်အားဖြင့် FPTP ကဲ့သို့ ဗဟုကိုယ်စားပြုစနစ်များတွင် ပါတီများသည် လူနည်းစုကိုယ်စားလှယ် လောင်းများကို ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းရန် တွန့်ဆုတ်တတ်သည်။ အကြောင်းမူ လူနည်းစုဖြစ်နေ ခြင်းဟူသောအနေအထားက ရွေးကောက်ပွဲအောင်နိုင်ခြေနည်းပုံရသည်ဟု အဆိုပါပါတီများက ယူဆ၍ဖြစ်သည်။

အားနည်းချက်များ

  • ညွန့်ပေါင်းအစိုးရများအနေဖြင့် ဆုံးဖြတ်ချက်များကို မြန်မြန်သွက်သွက် ချမှတ်ရန်ခက်ခဲသည်။ ဤစနစ်သည် ဝိရောဓိအခြေအနေကို ဖြစ်စေနိုင်ပြီး အစိုးရအတွက် မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ ဖြစ်သွားစေနိုင်သည်။
  • မတည်ငြိမ်မှုကိုဖြစ်စေသည်။ ပါတီများအနေဖြင့် အတူလက်တွဲလုပ်နိုင်မည့်လမ်းကို ရှာမတွေ့နိုင်လျှင် ညွန့်ပေါင်းအဖွဲ့ ပျက်တော့သည်။
  • ပါတီများ အစိတ်စိတ်အမြွှာမြွှာကွဲခြင်း။ အများအားဖြင့် နိုင်ငံရေးပါတီအများအပြား ထွက်ပေါ်လာစေ သည်။
  • တစ်ဖက်စွန်းရောက်ပါတီများသည် ဥပဒေပြုလွှတ်တော်တွင်း အမတ်နေရာများယူခြင်းဖြင့် တရားဝင် ရပ်တည်လာတော့သည်။ လူများစုကိုယ်စားပြုပါတီသည် ညွန့်ပေါင်းဖွဲ့ရန် တစ်ဖက်စွန်းရောက်ပါတီ များအပေါ် မှီခိုရသဖြင့် တစ်ဖက်စွန်းရောက်ပါတီများတွင် အာဏာအများအပြားရရှိသွားနိုင်သည်၊ လူ များစုပါတီအပေါ် ဩဇာအများကြီးညောင်းသွားနိုင်သည်။
  • မဲဆန္ဒရှင်များအတွက် နားလည်ရခက်ခဲသည်၊ ရွေးကောက်ပွဲများသည် ရှုပ်ထွေးသည်။
  • မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းများကို(စာရင်းပိတ်စနစ်တွင်) မရွေးချယ်နိုင်၍ မဲဆန္ဒရှင် များအနေဖြင့် ယင်းတို့၏ကိုယ်စားလှယ်များနှင့် နီးစပ်သည်ဟု မခံစားရပါ။ စာရင်းပိတ်စနစ်များ သည် ကိုယ်စားလှယ်လောင်းများကို အစဉ်အတိုင်း ဆုံးဖြတ်စီစဉ်ထားရာတွင် ပါတီခေါင်းဆောင်ပိုင်း အပေါ် အာဏာအလွန်အကျွံပေးအပ်ထားသည့်အတွက် ဝေဖန်ခံရသည်။
  • သီးခြားလွတ်လပ်သောတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခံမည့်အ ခွင့်အရေးမရှိပါ။
  • ဆန္ဒမဲခရိုင်အရွယ်အစား(ခရိုင်တွင်း အမတ်နေရာအရေအတွက်)၊ ရွေးကောက်ပွဲထောက်ခံမှုအနိမ့်ဆုံး သတ်မှတ်ချက်အဆင့် (ဥပမာ ၂ %၊ ၄ %၊ ၅% အစရှိသဖြင့်) သို့မဟုတ် အခြားသောသီးခြားသတ်မှတ် ချက်များသည် ပီအာစနစ်အပေါ် အနည်းနှင့်အများ သက်ရောက်မှုရှိသည်။

လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်(STV)

ဤစနစ်သည် ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုရွေးချယ်နိုင်သာဆန္ဒမဲခရိုင်များကို အသုံးပြုသည်၊ မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းများကို နှစ်သက်ရာအစဉ်အတိုင်း အဆင့်သတ်မှတ်ပေးရ သည်။ အဖြစ်အများဆုံးမှာ အဆင့်သတ်မှတ်မှုသည် မဲဆန္ဒရှင်ပြည်သူများ၏ စိတ်တိုင်းကျဖြစ်သည်။ အကယ်၍ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒရှိပါက ကိုယ်စားလှယ်လောင်းတစ်ဦးတည်းကိုပင် ရွေးချယ်နိုင် ပါသည်။

အမတ်နေရာ အနိုင်ရရန်အတွက် ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် ပထမဦးစားပေးမဲ မည်ရွေ့ မည်မျှအထိ ရရှိရမည်ဟုဆိုကာ သီးခြားမဲခွဲတမ်း(မဲရာခိုင်နှုန်းကို) ကို ချမှတ်ထားသည်။မဲခွဲတမ်းပြည့် ရန် မဲအရေအတွက်လုံလောက်စွာရှိသော ကိုယ်စားလှယ်လောင်းမည်သူမဆို ချက်ချင်းရွေးကောက် တင်မြှောက်ခံရသည်။

ဖွင့်ထားသော အမတ်နေရာအရေအတွက်အတွက် မဲခွဲတမ်းပြည့်သည့် လုံလောက်သောကိုယ်စား လှယ်လောင်းမရှိပါက အနိမ့်ဆုံးအဆင့်သတ်မှတ်ခံရသည့်ကိုယ်စားလှယ်လောင်းကို ဖယ်ရှားလိုက် ပြီး ယင်းတို့၏ဆန္ဒမဲများကို မဲဆန္ဒရှင်များ၏ဒုတိယဦးစားပေးခံရသူများထံ လွှဲပြောင်းပေးသည်။ အ နိုင်ရသောကိုယ်စားလှယ်လောင်းများ၏အပိုမဲ(ခွဲတမ်းထက် ပိုရသောမဲများ)များသည်လည်း မဲဆန္ဒ ရှင်များ၏ဒုတိယဦးစားပေးချက်နှင့်အညီ ပြန်လည်ခွဲဝေပေးခံရသည်။ မဲများကို ဖယ်ထုတ်ခြင်းနှင့် လွှဲ ပြောင်းပေးခြင်းသည် အမတ်နေရာကို လုံလောက်သောမဲများဖြင့် အနိုင်ရရှိသည့် ကိုယ်စားလှယ် လောင်းများ ထွက်ပေါ်မလာမချင်း ဆက်လက်ဆောင်ရွက်နေရမြဲဖြစ်သည်။

STV စနစ်ကို အိုင်ယာလန်သမ္မတနိုင်ငံ၊ မော်လ်တာနိုင်ငံတို့တွင်သာ အသုံးပြုသည်၊ ထို့နောက် ဥရောပ၊ နယူးဇီလန်နှင့် ဩစတြေးလျနိုင်ငံတို့တွင်မူ ဒေသန္တရရွေးကောက်ပွဲတချို့အတွက်သာအသုံးပြုသည်။

အားသာချက်များ

  • သီးခြားလွတ်လပ်သောတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည် ဝင်အရွေးခံနိုင်သည်။ မဲဆန္ဒ ရှင်များသည် စာရင်းလိုက်ပီအာစနစ်မှာကဲ့သို့ ပါတီကို မဲထည့်ခြင်းထက် ကိုယ်စားလှယ်လောင်းကို ရွေးချယ်မဲထည့်ရသည်၊ မဲအလေအလွင့်များမရှိပါ။ STV စနစ်သည် ကမ္ဘာတွင် အမျှတဆုံးနှင့် ကိုယ်စားပြုခွင့်အရဆုံးသော ရွေးကောက်ပွဲစနစ်များအနက်တစ်ခုဖြစ်သည်ဟု လေ့လာသူအများအပြားက ထင်မြင်ယူဆသည်။

အားနည်းချက်များ

  • စာရင်းလိုက်ပီအာစနစ်အတွက် တင်ပြခဲ့သည့်ပြဿနာရပ်များအပြင် ဤစနစ်သည် ရှုပ်ထွေးသည်၊ ပါတီတွင်းယှဉ်ပြိုင်မှုကို ဖြစ်စေသည်၊ တစ်ပါတီတည်းမှ ကိုယ်စားလှယ်လောင်းများသည် အမတ် တစ်နေရာတည်းအတွက်ကို ယှဉ်ပြိုင်နေကြခြင်းကြောင့်ဖြစ်သည်။

အချိုးကျကိုယ်စားပြုခြင်းနှင့် ပြဿနာရပ်များ

  • ဆန္ဒမဲခရိုင်များအရွယ်အစား။ ဆန္ဒမဲခရိုင်အရွယ်အစား ကြီးလေ၊ အမတ်နေရာများ ပိုရလေ ကိုယ်စားပြုမှုအချိုးအစား ပိုရှိနိုင်လေဖြစ်သည်။ ဥပမာပြရလျှင် ဆန္ဒမဲခရိုင်တစ်ခုတွင် အမတ်နေရာ ၉နေရာရှိ သည်ဆိုလျှင် ပါတီတစ်ဖွဲ့သည် အမတ်တစ်နေရာရရန် မဲ ၁၀ ရာခိုင်နှုန်းသာ ရရှိရမည်။ ဆန္ဒမဲခရိုင် တစ်ခုတွင် အမတ်နေရာ ၃ နေရာသာရှိလျှင် ပါတီသည် အမတ်တစ်နေရာရရန် အနည်းဆုံး မဲ ၂၅ ရာ ခိုင်နှုန်းရရှိရမည်ဖြစ်သည်။ အမတ်နေရာပိုရှိလေ ကိုယ်စားပြုခွင့်ရနိုင်မည့်ပါတီပိုများလေဖြစ်သည်။ သို့ရာတွင် ဆန္ဒမဲခရိုင်များ ပိုကြီးမားခြင်းသည် ပြဿနာတစ်ရပ်လည်းဖြစ်နေသည်။ အကြောင်းမူ ကိုယ်စားလှယ်နှင့် ပြည်သူလူထုကြား ချိတ်ဆက်မှု ပိုအားနည်းသွားနိုင်ခြင်းကြောင့်ဖြစ်သည်။ အမတ် နေရာ၃-၇ခု ရှိသည့် ဆန္ဒမဲခရိုင်အရွယ်အစားမျိုးဖြစ်လျှင် အလုပ်ကောင်းကောင်းဖြစ်ပုံရသည်ဟု ပ ညာရှင်က တွေ့မိထားပြီးဖြစ်သည်။
  • ထောက်ခံမဲအနိမ့်သတ်မှတ်ချက်များ။ တချို့နိုင်ငံများသည် ထောက်ခံမဲအနိမ့်ဆုံးသတ်မှတ်ချက်များ ထားရှိသည်။ တစ်နည်းအားဖြင့် လွှတ်တော်တွင်း ကိုယ်စားပြုခွင့်ရရန် လိုအပ်သော အနည်းဆုံးရာ ခိုင်နှုန်းကို ဆိုလိုသည်။ ဂျာမနီနိုင်ငံတွင် လက်ယာစွန်းမှအစုအဖွဲ့များကို အာဏာရမလာစေရန်တား ဆီးနိုင်ရေးအတွက် ထောက်ခံမဲအနိမ့်ဆုံးသတ်မှတ်ချက် ၅ ရာခိုင်နှုန်းရှိသည်။ မဲ ၅ ရာခိုင်နှုန်းထက် နည်းပါးစွာရရှိသော မည်သည့်အစုအဖွဲ့မဆို လွှတ်တော်တွင်း အမတ်နေရာများကို မရနိုင်ပါ။
  • အပိတ် နှင့် အဖွင့်စာရင်းများ။ နိုင်ငံတချို့သည် အပိတ်စာရင်းများကို သုံးသည်။ အပိတ်စာရင်းတွင်ရှိ သည့်အားသာချက်မှာ ပါတီများအနေဖြင့် တစ်နည်းနည်းဖြင့် ရွေးကောက်တင်မြှောက်မခံရနိုင်သည့် လူနည်းစုများ ပိုများလာခြင်းကို မြှင့်တင်ပေးနိုင်သည်။ သို့သော် အားနည်းချက်ကမူ မဲဆန္ဒရှင်များ သည် ယင်းတို့ ရွေးကောက်တင်မြှောက်လိုက်သူကို ရွေးချယ်မပေးရခြင်းဖြစ်သည်။ အဖွင့်စာရင်းများကို ဥရောပတွင် အသုံးပြုတတ်သော်လည်း တစ်ပါတီတည်းမှ ပါတီဝင်များ အချင်းချင်း ပြန်ယှဉ်ပြိုင်နေရခြင်းကို ဖြစ်စေ၍ ဝေဖန်လည်းခံရသည်။