အသစ်များ > စနစ်မွေးပါတီများ

စနစ်မွေးပါတီများ

2022-08-29

စနစ်မွေးပါတီများသည် ရှေ့နောက်ညီညွတ်ပြီး ကြောင်းကျိုးယုတ္တိနည်းကျဖြစ်သော အတွေးအခေါ်ရပ်တည်ချက်များ ကို အခြေခံကာ မူဝါဒကိုချမှတ်ပြီး ဖော်ဆောင်သည်၊ ထောက်ခံမှုရအောင် စည်းရုံးသည်၊ အုပ်ချုပ်ရေးကို စီမံကြသည်။ စနစ်မွေးပါတီနှင့် တပည့်မွေးပါတီတို့ မတူကွဲပြားသည်။ တပည့်မွေးပါတီဟူသည် နိုင်ငံတော်အရင်းအမြစ်များအပေါ် ထိန်းချုပ်နိုင်ရန် ဆရာမွေး-တပည့်မွေးဆက်ဆံရေးကိုအခြေပြုကာ ထောက်ခံမှုရအောင်စည်းရုံးပြီး အာဏာရရေးကြိုး ပမ်းသည့်ပါတီများကို ဆိုလိုသည်။

တပည့်မွေးဝါဒဟူသည် အဘယ်နည်း။

တပည့်မွေးဝါဒဟူသည် ‘ဆရာတစ်ဦး’(ယခုအဆက်အစပ်အရ သာမန်အားဖြင့် နိုင်ငံရေးသမားကိုဆိုလို)က ကြီးမား သည့်မဲဆန္ဒရှင်အစုအဖွဲ့တစ်စုနှင့် ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ရာတွင် ၎င်းဆက်ဆံရေးအရ အဆိုပါ မဲဆန္ဒရှင်အ စုအဖွဲ့က ပုဂ္ဂိုလ်ရေးအရ(သို့မဟုတ်)လူမျိုးအဝန်းအဝိုင်းအရ မျက်နှာသာပေးခံရရန် ၎င်းတို့၏ ထောက်ခံမှုဆန္ဒမဲကို ဆရာဖြစ်သူ(နိုင်ငံရေးသမားထံ)ထံ အရောင်းအဝယ်သဘောမျိုး ပြန်ပေးရသည့်အခြေအနေတစ်ရပ်ကို ရည်ညွှန်းပါ သည်။ အကျိုးရလဒ်အားဖြင့် တပည့်မွေးပါတီများသည် သက်ဆိုင်ရာသီးခြားလူပုဂ္ဂိုလ်များ (သို့မဟုတ်) အစုအဖွဲ့များ နှင့် ၎င်းတို့၏ဆက်​ဆံရေးအပေါ်အခြေခံ၍ လူထုထောက်ခံမှုကို ရရှိသွားကြ၏။ ၎င်းတို့၏မူဝါဒအစီအစဉ်ကို အခြေခံ ကာ မဲပေးကြသည့် မဲဆန္ဒရှင်တစ်စုမှ ထောက်ခံမှုကိုရရှိရန် ယင်းပါတီများက မကြိုးစားကြပါ။

တပည့်မွေးပါတီများသည် ၎င်းတို့၏ခေါင်းဆောင်များတွင်ရှိသော ဩဇာတိက္ကမကြီးမားမှုနှင့်ဆက်စပ်သော(သို့မဟုတ်) ပုဂ္ဂိုလ်ရေးဆက်နွှယ်သောကွန်ရက်များကို အခြေခံကာ မဲဆန္ဒရှင်များ၏ထောက်ခံမှုကို ရရှိရန်ကြိုးပမ်းတတ်ကြသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့ကိုယ်စားပြုသော သီးခြားတိုင်းရင်းသား၊ ဘာသာရေး(သို့မဟုတ်) ဒေသန္တရလူထုအသိုင်း အဝိုင်းများ၏ထောက်ခံမှုကို ရရှိရန်လည်း ကြိုးပမ်းတတ်ကြသေးသည်။ မည်သို့ပင်ဖြစ်စေ ယင်းပါတီများသည် နိုင်ငံ ရေးအာဏာကို ရလာသည့်အခါ ထောက်ခံပေးသူများကို ဆုလာဒ်အဖြစ် အကျိုးစီးပွားပြန်ရှာပေးမည်ဟု ကတိခံကာ ဆန္ဒမဲများကို ရယူကြသည်။

တပည့်မွေးပါတီများနှင့်ဆက်စပ်သောသာဓကများမှာ

  • တပည့်မွေးဆက်ဆံရေးကို အခြေခံသော ထောက်ခံသူကွန်ရက်ကြီးကြီးမားမားရှိသောပါတီများ
  •  ဩဇာတိက္ကမကြီးမားသည့်ခေါင်းဆောင်များအတွက်ပုဂ္ဂိုလ်ရေးဆိုင်ရာထောက်ပို့ယန္တရားများအဖြစ်ခံကာ လုပ် ကိုင်သောပါတီများ
  • မဖောက်ပြန်သောပြည်သူ့မူဝါဒကို ပုံစံထုတ်နိုင်စွမ်း၊ အဆိုပြုနိုင်စွမ်းနှင့် ကုန်ကုန်ပြောရလျှင် အကောင်အ ထည်ဖော်နိုင်စွမ်းပင်မရှိသော ပါတီများ
  • အစီအစဉ်တကျဖြင့် ယှဉ်ပြိုင်သော်လည်း အာဏာရသည့်အခါ ၎င်းတို့၏မူဝါဒအဆိုပြုချက်များကို ပြောင်းလဲ ပစ်တတ်သော မူပြောင်းတတ်သောပါတီများ
  • ပြဿနာတစ်ရပ်တည်းအပေါ်အခြေခံလှုပ်ရှားမှုများကို ကိုယ်စားပြုသောပါတီများ

တပည့်မွေးပါတီများလွှမ်းမိုးထားသောပါတီစနစ်များတွင် ရွေးကောက်ပွဲများသည် စီးပွားရေးမူဝါဒကဲ့သို့အရေးကြီး သောပြဿနာရပ်များအကြောင်း ဆွေးနွေးတင်ပြမှု မလုပ်နိုင်ကြရုံတင်မက၊ ယခင်အစိုးရ၏စွမ်းဆောင်ရည်ကိုပင် အာ ရုံစိုက်အကဲဖြတ်မှုကို မလုပ်နိုင်ကြပါ။ ဥပမာအားဖြင့် တပည့်မွေးပါတီများတွင် ခေါင်းဆောင်များသည် ၎င်းတို့အပေါ် ထောက်ခံသူများအား လုံလောက်သောပုဂ္ဂလအကျိုးခံစားခွင့်များကို ပေးရုံဖြင့် ထောက်ခံမှုရနိုင်သည်ဖြစ်ရာ ယင်းသို့ အခြေအနေမျိုးတွင် ပညာရေးနှင့် ကျန်းမာရေးမူဝါဒများကို မည်သို့ကိုင်တွယ်ကြမည်ဟူသောကိစ္စရပ်သည် အရေးမ ပါတော့ပေ။

နိုင်ငံရေးအငြင်းအခုံပွဲများသည် တပည့်မွေး-ဆရာမွေးဆက်ဆံရေးများအပေါ် အခြေခံထားရာအဆိုပါအငြင်းအခုံများ တွင် အများအားဖြင့် ပါတီနှင့် ထောက်ခံသူအစုအဖွဲ့တို့ အပြန်အလှန်ထားရှိသောသစ္စာအပေါ်အခြေခံကာ အရင်း အမြစ်များနှင့် အကျိုးခံစားခွင့်များကို ပေးသင့်သည့်အကြောင်းကိုသာ အဓိကထားသည်ကို တွေ့ရမည်။ ဆိုလိုသည်မှာ အတွေးအခေါ်မူဝါဒဆိုင်ရာဆွေးနွေးတင်ပြချက်များသည် တိုင်းပြည်နှင့် လူမျိုး၏လိုအပ်ချက်နှင့် အရေးထားချက်များ ကို ထင်ဟပ်မည့် ဘုံတူညီသောအခြေခံအကြောင်းရင်းတစ်ရပ်နားပင် ရစ်သီလာခြင်းမရှိဟူသောသဘောပင်ဖြစ်သည်။ ထို့ကြောင့် တပည့်မွေးပါတီနိုင်ငံရေးကစားပွဲများကိုကြည့်လျှင် တစ်ဖက်ကနိုင်ပြီးတစ်ဖက်ကသုညဖြင့် အရှုံးပေါ်သော အဖြေသာထွက်တတ်သည်ကို တွေ့ရမည်။ ယင်းကစားပွဲမျိုးတွင် လွှမ်းမိုးနိုင်သည့်ပါတီများ(နှင့် ၎င်းတို့အပေါ် ထောက် ခံသူများ)က အနိုင်ရပြီး လွှမ်းမိုးမထားနိုင်သည့် ပါတီများ(နှင့်၎င်းတို့အပေါ်ထောက်ခံသူများ)က အရှုံးပေါ်မည်သာဖြစ် သည်။

အဖြစ်နိုင်ဆုံးကမူ ဤသို့သောကစားပွဲများကြောင့် ပါတီစနစ် ဖွံ့ဖြိုးမှုသည် မညီမညာဖြစ်ကာ တိုးတက်မှုလည်း ဆိတ် သုဉ်းပျောက်ကွယ်သွားနိုင်သည်။ အဆိုးဆုံးကမူ အကျင့်ပျက်ခြစားမှု၊ သွေးကွဲမှုနှင့် အကြမ်းဖက်ပဋိပက္ခအဆင့်ထိဖြစ် ပွားလာနိုင်ခြင်းပင်ဖြစ်သည်။

စနစ်မွေးပါတီဟူသည် အဘယ်နည်း

တပည့်မွေးပါတီများနှင့် ကွဲပြားသည့် စနစ်မွေးပါတီများ၏၎င်းတို့အပေါ်ထောက်ခံသူများနှင့် ဆက်ဆံရေးသည် နှစ်ဦး နှစ်ဖက်ဆက်ဆံရေးများထက် ပါတီ၏အတွေးအခေါ်မူဝါဒအပေါ် အခြေခံသည်။ စနစ်မွေးပါတီတစ်ရပ်သည် ဖွဲ့စည်းပုံ စနစ်တကျကောင်းမွန်ပြီး ခိုင်မာသောအတွေးအခေါ်ဝါဒခံယူချက်များရှိသည်။ ဤခံယူချက်များက အောက်ပါ အခြင်း အရာများအတွက် အခြေခံပင်ဖြစ်သည်။

၁။ ထောက်ခံသူများနှင့်ကြားချိတ်ဆက်မှု၊ ဥပမာ - စနစ်မွေးပါတီများသည် ခေါင်းဆောင်ပိုင်းတွင် ဩဇာတိက္ကမ ကြီးမားခြင်း(သို့မဟုတ်)တပည့်မွေးဆက်ဆံရေးများထက်၎င်းတို့၏အတွေးအခေါ်(သို့မဟုတ်) မူဝါဒအစီအစဉ် အပေါ် အခြေခံကာ ထောက်ခံမှုကိုရရှိသည်။

၂။ ပါတီများကြားရွေးကောက်ပွဲယှဉ်ပြိုင်မှု၊ ဥပမာ - စနစ်မွေးပါတီများကြားအငြင်းအခုံသည် ၎င်းတို့၏မူဝါဒကွဲ ပြားခြားနားချက်များအပေါ်အခြေခံ၍ဖြစ်ကြသည်။ ဤအချက်က ပုဂ္ဂိုလ်ရေး(သို့မဟုတ်) လူမျိုးအဝန်းအဝိုင်း အခြေခံသစ္စာခံမှုများထက် မူဝါဒရွေးချယ်စရာများအပေါ်အခြေခံသည့် ရွေးကောက်ပွဲယှဉ်ပြိုင်မှုကို ဖြစ်ထွန်း စေနိုင်သည်။

၃။ မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်။ အစိုးရအဖွဲ့တွင်းရှိပါတီများသည် အစီအစဉ်များကို အကောင်အထည်ဖော်ရာ တွင် ၎င်းတို့၏အတွေးအခေါ်ဝါဒခံယူချက်များ၊ မူဝါဒဦးစားပေးချက်များနှင့်အညီဖြစ်စေရန်ကြိုးပမ်းသည်။ ထို့ ကြောင့် ​သက်ဆိုင်ရာသီးခြားလူပုဂ္ဂိုလ်များနှင့် လူထူအသိုင်းအဝိုင်းများ၏အကျိုးစီးပွားထက် တိုင်းပြည်၏ လားရာအတွက် ပါတီ၏အတွေးအခေါ်ဝါဒဆိုင်ရာမျှော်မှန်းချက်ကို တိုးမြှင့်ပေးမည့်ပြည်သူ့မူဝါဒများ ထွက် ပေါ်လာသည်။

ဤနယ်ပယ်သုံးရပ်ကို ဖော်ဆောင်ရာတွင် ပါတီများသည် စနစ်တကျစီစဉ်ထားသောဗျူဟာများနှင့်(ဥပမာ- မူဝါဒအစီ အစဉ်များကို ထောက်ခံမှုရရှိရန်၊ ကာကွယ်ရန် (သို့မဟုတ်) အကောင်အထည်ဖော်ရန်ရည်ရွယ်သောနည်းဗျူဟာများ) အညီ ပြုမူဆောင်ရွက်ကြသည်။ သဘောတရားအရ ‘စနစ်မွေး’သည်ဟူသောအဓိပ္ပာယ်သည် အဆိုပါနယ်ပယ်သုံးရပ်စ လုံးတွင် အထက်ကတင်ပြသော နည်းဗျူဟာများကို ပါတီတစ်ရပ်က အရေးထားဆောင်ရွက်ရမည်ဟု ဆိုလိုသည်။(Ch eeseman et.al. 2014:1)

စနစ်မွေးနိုင်ငံရေးပါတီအကြောင်း နားလည်ရန်ကြိုးပမ်းခြင်း

နိုင်ငံရေးပါတီများကိုဤပါတီကတော့ စနစ်မွေးသည်၊ ဤပါတီကတော့ စနစ်မမွေးဟူ၍ အလွယ်တကူအမျိုးအစားခွဲ ၍မရနိုင်ပါ။ ထိုထက် ပါတီများသည် ကျယ်ပြန့်သောနိုင်ငံရေးရောင်စဉ်တန်းတစ်ရပ်အတိုင်း တည်ရှိနေခြင်းဖြစ်သည်။ ပထဝီနယ်မြေ၊ စီးပွားရေး(သို့မဟုတ်) ယဉ်ကျေးမှုမည်သို့ရှိစေ ပါတီအားလုံးသည် နိုင်ငံရေးထောက်ခံမှုကို ရရှိစေသည့် ​ စနစ်တကျပျိုးထောင်မွေးယူထားသောနည်းဗျူဟာများရှိသည်ဆိုလျှင် ထိုနည်းဗျူဟာများကို အသုံးပြုတတ်ကြသည် (မပြုသည်လည်းရှိကောင်းရှိနိုင်သည်)

သို့ရာတွင် ယေဘုယျအားဖြင့် ပါတီများတွင်ရှိသည်ဟု ယူဆခံရသောအခြင်းအရာများမှာ

  • ပါတီကို လူသိများထင်ရှားစေမည့် စနစ်တကျကောင်းမွန်စွာဖွဲ့စည်းထားပြီး ခိုင်မာသောနိုင်ငံရေးအစီအစဉ် တစ်ရပ်အဖြစ်ပုံပေါ်လာသော စုပေါင်းနိုင်ငံရေးရပ်တည်ချက်တစ်ရပ်။
  • ပါတီတွင်းစည်းလုံးခြင်း၊ ပါတီစည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများတွင်သဘောတူညီမှုရှိခြင်း
  • အာဏာနေရာသို့ ရောက်လာသောအခါ ကတိကဝတ်ပြုထားသောအဓိကအစီအစဉ်တချို့ကို အနည်းဆုံးကတိ အတိုင်းအကောင်အထည်ဖော်ပေးရန်ခံယူထားခြင်းနှင့် ဖော်ပေးနိုင်ခြင်း
  • ပါတီဝင်များကို စေ့ဆော် ဆွဲဆောင်နိုင်မည့် အရေးအကြီးဆုံးဖြစ်သော ပါတီအစီအစဉ်တစ်ရပ်

စနစ်မွေးပါတီများ၏အရေးပါပုံ

စနစ်မွေးပါတီများသည် ပို၍တာဝန်ခံမှုရှိသည်

စနစ်မွေးပါတီများသည် လူ့အဖွဲ့အစည်းတွင်ရှိသော မတူကွဲပြားသည့်အစုအဖွဲ့များကို ကိုယ်စားပြုကာ ၎င်းအစုအဖွဲ့ များ၏လိုလားချက်များကို စုပေါင်း၍ ၎င်းတို့ကိုယ်စား အကောင်းဆုံးအကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ပေးကြ သည်။ ဤအချက်ကြောင့် စနစ်မွေးပါတီများသည် ပြည်သူ့မူဝါဒဆုံးဖြတ်ချက်များကိုချရာတွင် အထက်ပါအစုအဖွဲ့များ ၏လိုလားချက်များနှင့် အကျိုးစီးပွားများကို မြှင့်တင်ပေးနိုင်(သို့မဟုတ်) မပေးနိုင်ခြင်းအတွက် နိုင်ငံသားများထံ ပို၍ တာဝန်ခံရတော့သည်။

နိုင်ငံရေးပါတီများသည် ရွေးကောက်ခံရပါက တိကျရှင်းလင်းသောမူဝါဒရပ်တည်ချက်အစုစုကို အကောင်အထည်ဖော် ပေးရမည်ဟုခံယူထားသဖြင့် ၎င်းတို့၏ကတိပေးထားသည်များအတိုင်း လုပ်ဆောင်ရန် ပြည်သူကို တာဝန်ခံမှုရှိရသည်။ မဲဆန္ဒရှင်များအနေဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲကျင်းပချိန်ရောက်လျှင် ပါတီများကို ၎င်းတို့ ကတိပေးထားသည့် အတိုင်း လုပ်ဆောင်ပေးရန် ပျက်ကွက်မှုရှိ၊မရှိအပေါ်မူတည်ကာ အရေးပေးခြင်း(သို့မဟုတ်) မျက်ကွယ်ပြုခြင်းစသဖြင့် ဆုပေး၊ ဒဏ်ပေးမှုကို ပြုလုပ်နိုင်သည်။

စနစ်မွေးပါတီများသည် တရားဝင်မှုကို မြှင့်တင်သည်

နိုင်ငံရေးပါတီများသည် မူဝါဒဖော်ဆောင်မှု အားနည်းပြီး တာဝန်ခံမှုမရှိပါက ယေဘုယျအားဖြင့် ထိုပါတီများအပေါ် နိုင်ငံသားများက တန်ဖိုးထားမှုအလွန်ပင်လျော့နည်းသည်။ ခြွင်းချက်အနည်းငယ်မှတစ်ပါး စနစ်မွေးပါတီများမရှိသော တိုင်းပြည်များရှိ အမျိုးသားနှင့် အမျိုးသမီးတို့သည် အပြည့်အ၀ကိုယ်စားပြုခံရမှု နည်းပါးဖွယ်ရှိပြီး အကျိုးရလဒ်အဖြစ် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီစနစ်လည်း ဒုက္ခလှလှတွေ့ကြရတော့၏။

စနစ်မွေးပါတီများတွင် တာဝန်ခံမှုမြင့်မားပါက ဒီမိုကရေစီစနစ် တရားဝင်မှုရှိရန်အတွက် အထောက်အကူရသည်။အုပ် ချုပ်မှုနှင့် မူဝါဒအပေါ် ဆွေးနွေးငြင်းခုံရေးကို အလေးထားခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပွင့်လင်းမြင်သာမှု ရှိရေးအထိပါ အရေးပေးလာတော့သည်။ တစ်တိုင်းပြည်လုံးအနှံ့ ပြည်သူ့ကုန်စည်ပစ္စည်းများ ကျယ်ပြန့်ရေး ဦးထိပ်ပန် ဆင်ထားသည်ကိုထောက်ရှုပါက စနစ်မွေးပါတီများသည် ပိုမိုကျယ်ပြန့်သောလူ့အဖွဲ့အစည်းကဏ္ဍများကို ပို၍ထည့် သွင်းထားဖွယ်ရှိသည်။

စနစ်မွေးပါတီများသည် ဖွံ့ဖြိုးရေးကို မြှင့်တင်သည်

ဖွံ့ဖြိုးဆဲကမ္ဘာ၏နေရာဒေသအများအပြားတွင် ပါတီအများစုသည် ဖွံ့ဖြိုးတိုးတက်ရေးဟူသောယုတိ္တအခြေခံနှင့်ဆက် စပ်သည့် မူဝါဒများကို ထုတ်လုပ်ခြင်း၊ ဆွေးနွေးသုံးသပ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့တွင် အားစိုက်ဆောင် ရွက်ကြခြင်းမရှိဟူ၍ ရှုမြင်ခံရသည်။ နိုင်ငံရေးပါတီများအတွက် အဓိကအရေးကြီးသည်မှာ နိုင်ငံသားများ၏ဘ၀တိုး တက်ကောင်းမွန်ရေးတာဝန်၀တ္တရားများကို အောင်အောင်မြင်မြင် ဖြည့်ဆည်းထမ်းရွက်ပေးရန်ဖြစ်သည်။ မူဝါဒများကို အဓိကအခြေခံ၍ ယှဉ်ပြိုင်ကြသောပါတီများရှိသည့် တိုင်းပြည်များတွင် အထက်ပါတာဝန်၀တ္တရားများကို ထမ်းရွက်ရန် အလားအလာပိုကောင်းဖွယ်ရှိသည်ဟု Cheeseman et.el ၏တင်ပြချက်အရသိရသည်။ တစ်နည်းအားဖြင့်ထိုတိုင်း ပြည်များရှိ စနစ်မွေးပါတီများတွင် မူဝါဒများကိုအခြေမခံသောတိုင်းပြည်များရှိပါတီများထက် ပိုမိုခိုင်မာသောအင်စတီ ကျူးရှင်းများရှိကြပြီး ပိုမိုအားကောင်းသော လူမှု-စီးပွားရေးစွမ်းဆောင်ရှင်များလည်း ရှိကြသည်။

စနစ်မွေးပါတီများအပေါ် လူထုထောက်ခံသည်မှာ တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးရေးနှင့်ဆက်စပ်သော ကျယ်ပြန့်သည့်မူဝါ ဒကို ဖော်ဆောင်ရေးတည်းဟူသော ၎င်းတို့၏အန္တိမခံယူချက်များကြောင့်ပင်ဖြစ်သည်။ ဤခံယူချက်များသည် စနစ် မွေးပါတီများ၏ အောင်မြင်မှု(သို့မဟုတ်) ကျရှုံးမှုအတွက် တာဝန်ခံမှုရှိစေမည့် သီးခြားမူဝါဒများနှင့်လည်း ဆက်စပ်နေ သည်။ အကျိုးရလဒ်အားဖြင့် စနစ်မွေးပါတီများသည် သီးခြားအကျိုးစီးပွားများအတွက် နိုင်ငံတော်၏အရင်းအမြစ်များ ကို ထိန်းချုပ်ရန်ကြိုးပမ်းသော အခြားပါတီအမျိုးအစားများထက် တစ်ပြည်လုံးအနှံ့ဖွံ့ဖြိုးရေး(ဥပမာ၊ အလုပ်အကိုင် များ၊ စီးပွားရေးတိုးတက်မှု၊ လုံခြုံရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး)ကို ပိုမိုပေးစွမ်းနိုင်ဖွယ်ရာရှိသည်။

စနစ်မွေးပါတီများသည် ပါတီစနစ်ကို ရင့်သန်ဖွံ့ဖြိုးအောင်လုပ်သည်

ပါတီများသည် ၎င်းတို့အတွက် အကျိုးခံစားခွင့်ရှိရန်မှာ စနစ်တကျပျိုးထောင်ထားသောအခြေခံအုတ်မြစ်တစ်ရပ်ကို လို အပ်သည်။ စနစ်မွေးပါတီများသည် ၎င်းတို့၏ရန်ပုံငွေများအနက် ပိုမိုများပြားသောအချိုးအစားတစ်ရပ်ကို စနစ်တကျ ဆောင်ရွက်မည့်စည်းရုံးရေးလုပ်ငန်းများထံ ပြန်ခွဲဝေအသုံးချသည်၊ ထို့အပြင် မဲဆန္ဒရှင်လေ့လာရေး၊ ကွင်းဆင်းလေ့ လာရေးနှင့် ပုံရိပ်တည်ဆောက်ရေးကဲ့သို့သော ပြဿနာရပ်များတွင်လည်း ပြန်ခွဲတမ်းချအသုံးပြုသည်။ သို့ဖြစ်၍ စနစ် မွေးပါတီပုံစံသည် ဥပမာအားဖြင့် အောက်ပါအတိုင်းရှိနိုင်သည်။

  • ပါတီ၏လက်ရှိတာဝန်ယူဆဲခေါင်းဆောင် မရှိတော့ပါကလည်း ပါတီ၏လူထုကြားရေပန်းစားမှုကို နိုင်ငံရေး သမားများ အကုန်အကျသက်သာစွာ ဆက်ထိန်းထားနိုင်ရန် ကူညီသည်။
  • ပါတီစည်းမျဉ်းစည်းကမ်းကို မြှင့်တင်ပေးပြီး စည်းရုံးရေးကို ပိုအာရုံစိုက်သည်။
  • ရည်မှန်းချက်ကြီးသောနိုင်ငံရေးသမားများကို လူသိထင်ရှားပါတီတံဆိပ်နှင့် ချိတ်ဆက်ပေးသည်။
  • အဖွဲ့ဝင်များတွင် ခံယူချက်ပိုမိုကြီးမားလာစေရန်နှင့် ပါဝင်ဆောင်ရွက်မှုရှိလာစေရန် အားပေးအားမြှောက်ပြု ပြီး ရန်ပုံငွေရှာရေး လွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ပေးသည်။