အသစ်များ > ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံရေး

ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံရေး

2022-09-07

ပူးပေါင်းဆောင်ရွက်ခြင်း’သည် အခြေခံအကျဆုံးသော နိုင်ငံရေးလက္ခဏာတစ်ရပ်ဖြစ်သည်။ လူထုအသိုင်း အဝိုင်းတစ်ရပ်၏စည်းမျဉ်းများကို ပြင်ဆင်ရန် (သို့မဟုတ်) စည်းမျဉ်းများကို ပြဋ္ဌာန်းရန်ကိစ္စသည် အတူ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်သည်ဟု လူအများက နားလည်ထားသည်။

သို့ရာတွင် သဘောထားအမြင်များမတူညီခြင်း၊ အပြိုင်အဆိုင်လိုအပ်ချက်များခြင်းနှင့် အကျိုးစီးပွားချင်းအ တိုက်အခံဖြစ်ရာမှ သဘောထားအမြင်ကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သည်။ လူအများသည် အလျှော့အတင်းဖြင့် ညှိနှိုင်းမှုကို မလုပ်နိုင်လျှင် ပူးပေါင်းဆောင်ရွက်နေပါကလည်း အကျိုးရှိနိုင်မည်မဟုတ်ပါ။ အမှန်စင်စင်မူ ယခု တင်ပြသော အလျှော့အတင်းညှိနှိုင်းမှုဟူသည် ‘သဘောမတူခြင်းကို သဘောတူလာအောင်လုပ်ခြင်း’ဟုအဓိ ပ္ပာယ်ရသည်။ တစ်နည်းအားဖြင့် ပါတီအားလုံးတွင် တစ်ပြေးတည်းတူညီသောသဘောထား အမြင်ရှိရန်မလို အပ်၊ သို့သော် အခြားပါတီများကို ပါဝင်ဆောင်ရွက်မလာနိုင်အောင် တားဆီးခြင်း(သို့မဟုတ်) ဆုံးဖြတ်ချက် များကို ပိတ်ပင်ခြင်းသည် လက်ခံနိုင်စရာကိစ္စမဟုတ်ဟူသောအချက်အပေါ် ပါတီအားလုံး တစ်သဘောတည်း ရှိရန်လိုအပ်သည်ဟု ဆိုလိုသည်။ ဤသို့သောအကြောင်းများကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အလိုအပ် ဆုံးသောနိုင်ငံရေးလုပ်ဆောင်ချက်များအနက် တစ်ခုဖြစ်နေရသည့်အပြင် စိန်ခေါ်မှုအရှိဆုံးလုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်နေ၏။ လူထုအသိုင်းအဝိုင်းတစ်ရပ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်သောအရေးကြီး သည့်အကြောင်းရင်းသုံးရပ်မှာ -

၁။ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး - လူ့ဘောင်အသိုင်းအဝိုင်းတစ်ရပ် ငြိမ်းချမ်းရေးရရန် သက်ဆိုင်ရာလူ့ဘောင်အဖွဲ့ဝင်များတွင် ပဋိပက္ခများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိရန်လိုသည်။ သို့မဟုတ်ပါက အချင်းချင်းကြားသဘောထားအမြင်မတူရာမှ ရန်ငြှိုးဖွဲ့ တိုက်ခိုက်မှုများပေါ်ပေါက်လာကာ လူ့ဘောင် အသိုင်းအဝိုင်း၏သာယာဝပြောရေးကို ထိပါးစေနိုင်သည်။ ယင်းသို့ ရန်ငြှိုးဖွဲ့အကြမ်းဖက် တိုက်ခိုက် မှုများကို ရှောင်လွှဲပြီး ပိုမိုတည်ငြိမ်အေးချမ်းသောလူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းနိုင်ရေးနည်းလမ်း တစ်ရပ်မှာ ငြိမ်းချမ်းရေးရှေးရှုသောပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်သည်။

၂။ ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး - ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်ဟူသော ဆိုရိုးစကားကဲ့သို့ တစ်ဦးတစ်ယောက်တည်း၏ကာယ၊ ဉာဏစွမ်းအားဖြင့် မဖော်ဆောင်နိုင်သောရည်မှန်းချက်များနှင့် မဖြေရှင်းနိုင်သောပြဿနာများသည် အများနှင့်လက်တွဲပူးပေါင်းဆောင်ရွက်မှသာ အကောင်အထည် ပေါ်ကာပြေလည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် လူသားတို့အတွက် မရှိ မဖြစ်လိုအပ်ချက်တစ်ခုပင်။ ဥပမာအားဖြင့် နိုင်ငံတော်အဆင့်စီမံကိန်းများဖြစ်သည့် လမ်းတံတား ဖောက်လုပ်ခြင်းနှင့် ခိုင်မာသောငွေကြေးစနစ်ချမှတ်ခြင်းတို့လို လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက် မှုသည် အဓိကကျသည်။ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူ့ဘောင်အသိုင်းအဝိုင်းကို ဆင်းရဲမှု လျော့ပါးစေပြီး ကြွယ်၀စည်ပင်လာစေမည်ဖြစ်သည်။

၃။ ရပ်ရွာလုံခြုံရေးနှင့် ကာကွယ်ရေး - စနစ်တကျချမှတ်ထားသော ရပ်ရွာလုံခြုံရေးအစီအမံများ သာမရှိလျှင် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း လုံခြုံမှုရှိကြမည်မ ဟုတ်ပေ။ ဥပမာပြရသော် ပြည်ပကျူးကျော်တိုက်ခိုက်မှုရန်များမှ ကာကွယ်ပေးထားသည့်အစီအ မံမျိုးဖြစ်သည်။ ရာဇဝတ်သားများ၏ရန်မှပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက ကာကွယ်စောင့်ရှောက် ပေးမှုလည်းပါသည်။

ပါတီများကြားပူးပေါင်းဆောင်ရွက်ခြင်း

ပါတီနိုင်ငံရေးတွင် အရေးပါသည့်အချက်တစ်ချက်မှာ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ နိုင်ငံရေးပါတီများအနေဖြင့် တူညီသည့်ပန်းတိုင် များထံ ဆိုက်ရောက်ရေး အတူတကွ အလုပ်လုပ်ကြသည့်လုပ်ရပ် (သို့မဟုတ်) လုပ်ငန်းစဉ်ကိုဆိုလိုသည်။ ဥပမာပြရပါက ဂွာတာမာလာနိုင်ငံ၏ပါတီစုံတွေ့ဆုံဆွေးနွေးရေး(ဒိုင်ယာလော့ခ်)လုပ်ငန်းစဉ်တွင် ပါဝင်ကြသူများက ၎င်းတို့၏ရည်ရွယ်ချက်သည် တစ်မျိုးသားလုံးနှင့်ဆိုင်ရာလုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်ရန်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်၏ရည်မှန်းချက်များကို မည်သို့ဖော်ဆောင်မည်ဆိုသည်ထက် မည်သည့်ရည်မှန်းချက်များဖြစ် သည်၊ မည်သည်အတွက်ကြောင့် ရည်မှန်းချက်များချမှတ်ရသည်ဟူသောဖြစ်စဉ်ကိုသာ ဆွေးနွေးမည်ဟု သဘောတူထားကြသည်။ ရည်မှန်းချက်များကို မည်သို့ဖော်ဆောင်မည်ဟူသောကိစ္စသည် ပါတီတစ်ဖွဲ့ချင်းစီ၏ သီးခြားအစီအစဉ်ဖြစ်ကာ ပါတီ၏ အတွေးအခေါ်၊သဘောထားအမြင်နှင့်သက်ဆိုင်သည်။ ဂွာတာမာလာနိုင်ငံ ၏တွေ့ဆုံဆွေးနွေးရေးပုံစံသည် ပါတီများကြား အများသဘောညီဆန္ဒကို ဖြစ်ထွန်းစေနိုင်ပြီး ပါတီအချင်းချင်း ယှဉ်ပြိုင်မှု လုပ်ရသောအခြေခံကိုလည်း ပျက်ယွင်းစေမည် မဟုတ်ပါ။

နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် မိမိ၏နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် အခြားသော ပါတီများနှင့် နည်းမျိုံးစုံလက်တွဲအလုပ်လုပ်နိုင်သည်။ ရွေးကောက်ပွဲကာလရောက်သည်နှင့် ပါတီ များသည် ရေတို၊ရေရည်လက်တွဲ၍ ပူးပေါင်းလုပ်ဆောင်နိုင်သည်။ ညွန့်ပေါင်းအဖွဲ့အနေဖြင့်လည်း ပူးပေါင်း လုပ်ဆောင် နိုင်သည်။ ပူးပေါင်းဆောင်ရွက်နိုင်သောပုံစံများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ညွန့်ပေါင်းဖွဲ့ခြင်း။ မဲရရန် (ဥပမာ လွှတ်တော်တွင်း ဥပဒေပြဋ္ဌာန်းအတည်ပြုနိုင်ရေးအတွက်) ပါတီ နှစ်ဖွဲ့၊ သို့မဟုတ် နှစ်ဖွဲ့ထက်ပိုကာ အစိုးရဖွဲ့ခြင်း သို့မဟုတ် ညွန့်ပေါင်းဖွဲ့ခြင်းကို ဆိုလိုသည်။ အဆိုပါညွန့်ပေါင်းအဖွဲ့များကိုရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးနောက်ပိုင်း ဖွဲ့စည်းနိုင်သည်။
  • လွှတ်တော်ရေးရာကော်မတီများ။ လွှတ်တော်ရေးရာကော်မတီတစ်ရပ်တွင် ပါတီအသီးသီးမှ လွှတ် တော်အမတ်များအနည်းငယ်စီပါဝင်သောအဖွဲ့ငယ်လေးများသည်မူဝါဒရေးရာကိစ္စများ၊ ဥပဒေပြုခြင်း (သို့မဟုတ်) အစိုးရ၏စီမံကိန်းဖော်ဆောင်မှုနှင့် ငွေကြေးသုံးစွဲမှုတို့အပေါ် ကန့်ကွက်ခွင့်၊ ထောက်ခံ ခွင့်ကို လွှတ်တော်၏ခွင့်ပြုချက်ဖြင့် ရရှိထားသည်။
  • လွှတ်တော်အစည်းအဝေးများ။ ပါတီအသီးသီးမှလွှတ်တော်အမတ်များသည် ၎င်းတို့တူညီစွာ အလေး ထားသောပြဿနာရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံရေးအစီအမံတစ်ရပ် ချမှတ်လုပ်ဆောင်လာစေရန် ပူးပေါင်းကာဖိအားပေးသည့်အနေဖြင့်လုပ်ကြသောအစည်းအဝေးများဖြစ်သည်။
  • နိုင်ငံရေးပါတီများတရားဝင်တွေ့ဆုံဆွေးနွေးခြင်း။ ပါတီ၏အကျိုးစီးပွားများသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် အတူတူပင်ဖြစ်ရမည်ဟူသော ကိစ္စရပ်အပေါ်အခြေခံကာ နိုင်ငံရေး ပါတီအသီးသီးမျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခြင်းပင်ဖြစ်သည်။
  • နိုင်ငံရေးပါတီများ အလွတ်တန်းတွေ့ဆုံဆွေးနွေးခြင်း။ နိုင်ငံရေးပါတီအသီးသီးမှ နိုင်ငံရေးသမား နှစ်ဦးထက်မက သက်ဆိုင်ရာအဖွဲ့အစည်း၏ စနစ်တကျစီစဉ်ထားပုံမျိုးနှင့်မဟုတ်ဘဲ (ဥပမာ -လွှတ်တော် အဆောက်အအုံရှိ လူသွားစင်္ကြန်လမ်းပေါ် အမှတ်မထင်တွေ့ဆုံကြပုံမျိုး) တွေ့ကြသည့် ဆွေးနွေးပြော ဆိုမှုမျိုးတိုင်း အကျုံးဝင်သည်။

(Source: Political Party Dialogue: A Facilitator’s Guide)