အထက်ပါ လက်(စ်)ဝဲလ်၏ဖွင့်ဆိုချက်ဖြစ်သော “မည်သူက မည်သည့်အရာကို မည်သည့်အချိန်နှင့် မည်သို့ ရယူရမည်” ဟူသောနိုင်ငံရေးသဘောတရားကို အခြေခံကာ ပြည်သူတို့က ဆုံးဖြတ်ချက်ချသည့်အခါ ပဋိပက္ခများရှိနေမည်သာ။ သို့သော် ‘ပဋိပက္ခ’ဟုဆိုတိုင်း ပြဿနာများချည်းပေါ်ပေါက်စေသည်မဟုတ်ပါ၊ တစ် ခါတရံ ပဋိပက္ခများမှ အကျိုးရှိသောလူမှုအပြောင်းအလဲရလဒ်များလည်း ထွက်ပေါ်တတ်သေးသည်။ ဥပမာ အားဖြင့် ပဋိပက္ခဖြစ်ခြင်းကြောင့် ပိုမိုထည့်သွင်းစဉ်းစားမှုနှင့် အကျိုးရှိသောလူမှုအပြောင်းအလဲများကို ဖြစ် ပေါ်စေနိုင်ပြီး ယှဉ်ပြိုင်ခြင်းကြောင့်လည်း လူအများသည် ၎င်းတို့၏ရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ရန် ပိုမိုအားစိုက်ကြိုးစားလာတတ်ကြသည်။တစ်ဖက်တွင် ကျယ်ပြန့်ကြီးမားသော လူ့အဖွဲ့အစည်း အတွင်း ဆုံးဖြတ်ချက်ချမှုတိုင်းတွင် ပြည်သူတစ်ဦးချင်းစီအားလုံးပါဝင်နိုင်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ပါ။ ထို့ကြောင့် ပြည်သူအားလုံးအပေါ် သက်ရောက်နိုင်မည့်ဥပဒေစည်းမျဉ်းများကို ချမှတ်ထားရခြင်း ဖြစ်သည်။ အဆိုပါ စည်းမျဉ်းဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ ချိုးဖောက်ခြင်း၊ ပြင်ဆင်ချမှတ်ခြင်းစသည့် လုပ်ငန်းစဉ် များနှင့် ဆက်နွယ်ကာ ကျယ်ပြန့်သောလူ့အဖွဲ့အစည်းများတွင် ပဋိပက္ခများပေါ်ပေါက်လာသည်။ လူ့အဖွဲ့အ စည်းတစ်ရပ်တွင် ပဋိပက္ခဖြစ်ပွားရသောအကြောင်းရင်းများမှာ -
- အရင်းအမြစ်ရရှိရေးယှဉ်ပြိုင်ခြင်း - လိုအပ်ချက်များပြားခြင်းနှင့် ရနိုင်သော အရင်းအမြစ် မလုံလောက်ခြင်းတို့ကြောင့် အမျိုးမျိုးသော လူမှုအသင်းအဖွဲ့အသီးသီးကြားဝေစုမတည့်ဘဲ အပြိုင်အဆိုင်ရရှိရန်လုပ်ဆောင်လာရာမှ ပဋိပက္ခများဖြစ်လာနိုင်သည်။ ထိုအရင်းအမြစ် များတွင် ရုပ်၀တ္ထုပစ္စည်းများဖြစ်သောငွေကြေးဥစ္စာ၊ မြေယာ၊ ကုန်ပစ္စည်းများအပြင် ရုပ်၀တ္ထု ပစ္စည်းများမဟုတ်သောဂုဏ်သိက္ခာ၊ လွတ်လပ်မှု၊ တည်ငြိမ်အေးချမ်းမှုတို့လည်း ပါဝင်သည်။
- အခွင့်အလမ်းရရှိရေးယှဉ်ပြိုင်ခြင်း- ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိခွင့်၊ ဆုံးဖြတ် ချက်များချမှတ်ခြင်းတွင် ပါဝင်နိုင်ခွင့်စသည်တို့ကြောင့် ပဋိပက္ခများဖြစ်လာနိုင်သည်။ အစုအ ဖွဲ့တစ်ရပ်ရပ်က နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကို တစ်ပြေးညီမရ သည့်အခါ နိုင်ငံရေးပဋိပက္ခများဖြစ်လာနိုင်သည်။
- သဘောထားရေးရာချင်း ယှဉ်ပြိုင်ခြင်း - ‘ငါမှန်သည်၊ သူမှားသည်’ဟူသော သဘော ထားအမြင်ကွဲပြားခြင်းကြောင့် ပဋိပက္ခများဖြစ်လာနိုင်သည်။ နိုင်ငံရေးသဘောထား အမြင်မ တူခြင်း၊ဘာသာရေးယုံကြည်ချက်ကွဲပြားခြင်းနှင့် တန်ဖိုးထားမှုစံများခြားနားခြင်းတို့ကြောင့် ပဋိပက္ခများဖြစ်နိုင်သည်။
နိုင်ငံရေးပါတီအချင်းချင်းယှဉ်ပြိုင်မှုများ
နိုင်ငံရေးပါတီများသည် အာဏာနှင့်ဩဇာလွှမ်းမိုးမှုကို ရရှိရန်ယှဉ်ပြိုင်ကြသည်။ နိုင်ငံရေးတွင် ပါတီများ အားတက်သရောပါဝင်ဆောင်ရွက်ရခြင်းအကြောင်းမှာ ဆုံးဖြတ်ချက်ချနိုင်သောအာဏာကို ရယူရန်အတွက်ပင် ဖြစ်သည်။ ဒီမိုကရေစီနည်းကျနိုင်ငံရေးစနစ်တွင် နိုင်ငံရေးပါတီအချင်းချင်းကြား ယှဉ်ပြိုင်မှုသည် အရေးကြီး သည်။ ပါတီအချင်းချင်းယှဉ်ပြိုင်မှုကြောင့်ပင် အမျိုးသားရေးပြဿနာရပ်များ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေး ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်းသော မူဝါဒရေးရာများကို လက်တွေ့ချမှတ် မဖော်ဆောင် ခင် ကနဦး မဲဆန္ဒရှင်ပြည်သူများက ဆွေးနွေးတိုင်ပင်ပြီး မူဝါဒအတွက် မဲပေးနိုင်လာသည်။ သို့သော် ရွေး ကောက်ပွဲများပြီးသည့်နှင့်တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံရေးပါတီများသည် (၎င်းတို့ကို ထောက်ခံသူများ သာမက) ပြည်သူတစ်ရပ်လုံး၏ဘုံတူအကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်ကာ အုပ်ချုပ်နိုင်မည့်နည်းလမ်းကိုရှာရန် လိုသည်။ မရှာတတ်ပါက နိုင်ငံရေးအကွဲအပြဲဇာတ်လမ်း စတင်လာနိုင်သည်။ အကွဲအပြဲဇာတ်လမ်း စတင်ပြီဆိုသည်နှင့် ဒီမိုကရက်တစ်ပါတီများကြား နိုင်ငံရေး ယှဉ်ပြိုင်မှုလှိုင်းသည်ပိုမိုပြင်းထန်ကြီးမားလာတတ်၏။
ပါတီများကြားယှဉ်ပြိုင်မှုလှိုင်း ပြင်းထန်လေလေ သက်ဆိုင်ရာနိုင်ငံရေးပန်းတိုင်များဆီ အရောက်လှမ်းနိုင်ရေး မှာ ပါတီအားလုံးအတွက် ပိုမိုခက်ခဲလာလေပင်ဖြစ်သည်။ ဥပမာပြရပါက လွှတ်တော်တွင်း အတိုက်အခံပါ တီများဘက်က အင်အားနည်းနေမည်ဆိုပါက အစိုးရစီမံအုပ်ချုပ်ရေးအတွက် အရေးကြီးလုပ်ငန်းများကို ဦး စားပေးချမှတ်နိုင်တော့မည်မဟုတ်ပေ။ ပါတီများကြားပဋိပက္ခလှိုင်းသည် စိုးရိမ်ရေမှတ်အဆင့်ထိကျော်လာ ပါကသက်ဆိုင်ရာနိုင်ငံရေးလူ့ဘောင်အဖွဲ့အစည်း၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုထိပါးလာနိုင် သည်။
ယှဉ်ပြိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒီမိုကရေစီ
ဒီမိုကရေစီနည်းကျ နိုင်ငံရေးအစီအမံများအားလုံးသည် ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းအပေါ် အခြေခံသည်။ သို့သော် ဒီမိုကရေစီစနစ် ကောင်းစွာလည်ပတ်ထားပြီးဖြစ်သောနိုင်ငံများအတွက် အရေးပါသောလိုအပ်ချက်မှာ နိုင်ငံရေးပါတီများအနေဖြင့် အမြင်မတူသည်ကို ဘေးဖယ်၊တူသည့်အရာကို ဦးစားပေးရှာဖွေပြီး ပူးပေါင်း ဆောင်ရွက်ကြရန်ပင်ဖြစ်သည်။ သို့မှသာ ဒီမိုကရေစီစနစ်ကို ခိုင်မာအားကောင်းစေနိုင်သည်။ ဥပမာအင်အား ကြီးပါတီတစ်ခုသည် နိုင်ငံရေးနယ်ပယ်စုံတွင် လွှမ်းမိုးထားပါက ဥပဒေပြုရေးယန္တရား ကောင်းမွန်စွာ လည် ပတ်နိုင်သော်လည်း ဒီမိုကရေစီယဉ်ကျေးမှုနှင့် ဒီမိုကရေစီအင်စတီကျူးရှင်းများဘက်တွင် အားလျော့သွား နိုင်သည်။
တာရှည်ခံမည့် ဒီမိုကရေစီနည်းကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများအတွက် အဓိပ္ပာယ်ပြည့်၀သောရွေး ချယ်စရာများကို ပေးအပ်နိုင်ရေးတွင် နိုင်ငံရေးယှဉ်ပြိုင်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့သည်ဟန်ချက်ညီဖြစ်ရန် လိုအပ်သည်။ တစ်ဖက်ကကြည့်လျှင် အဆိုပါဟန်ချက်ညီမှုလိုအပ်ချက်သည် တိုင်းပြည်၏သမိုင်းနှင့်ယဉ်ကျေး မှုအခြေအနေတို့အပေါ် မူတည်နေပြန်သည်။ အခြားတစ်ဖက်တွင်တော့ တိုင်းပြည်၏ဒီမိုကရေစီသက်တမ်းနု နယ်ခြင်း(သို့မဟုတ်) သက်တမ်းကြာရှည်ခြင်း၊ အင်စတီကျူးရှင်းဆိုင်ရာအဆောက်အအုံ(ရွေးကောက်ပွဲနှင့် နိုင်ငံရေးစနစ်ပုံစံကိုဆိုလိုသည်) နှင့် ပါတီနိုင်ငံရေးစနစ်(တစ်ပါတီသို့မဟုတ်ပါတီစုံလွှမ်းမိုးထားခြင်း)စသည်တို့နှင့်လည်း ဆက်စပ်နေပြန်သည်။