အသစ်များ > နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

2022-09-05

နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် နိုင်ငံသားများ(သို့) ယင်းတို့၏ရွေးကောက်ခံကိုယ်စားလှယ်များ အား အများပြည်သူနှင့်ဆိုင်ရာဆုံးဖြတ်ချက်ချမှုတွင် အာဏာပိုမိုပေးအပ်ထားရန် ရည်ရွယ်သည်။ ဤရည်ရွယ် ချက်သည် ဗဟုဝါဒအခြေပြုနိုင်ငံရေး1 ၊ ကိုယ်စားပြုအစိုးရနှင့် ဆက်စပ်နေတတ်သော်လည်း မူဝါဒများကို ချမှတ်ဖော်ဆောင်ခြင်းတွင် နိုင်ငံသားများ (သို့) ယင်းတို့၏ကိုယ်စားလှယ်များကို ဩဇာညောင်းကာ ပါဝင် ပတ်သက်ခွင့် ပိုမိုပေးထားခြင်းဖြင့် ဒီမိုကရေစီကူးပြောင်းဖော်ဆောင်ခြင်းကို ပံ့ပိုးမှုလည်းပေးနိုင်သည်။

နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို အားပေးလှုံ့ဆော်သူများက လူအများပိုမိုပါဝင်ပတ်သက်မှုဖြင့် ချ မှတ်ထားသောဆုံးဖြတ်ချက်များသည် အမျိုးသား(ဗဟို)အဆင့်နိုင်ငံရေးအာဏာပိုင်များကသာ ချမှတ်လိုက် သောဆုံးဖြတ်ချက်များထက် ပိုမိုကောင်းမွန်ပြည့်စုံမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းရှိ မတူကွဲပြားသော အကျိုးစီးပွားများနှင့်လည်း ပိုမိုဆက်စပ်နေလိမ့်မည်ဟူ၍ ယူဆထားကြသည်။ ကိုယ်စားလှယ်များကို မိမိ တို့ဒေသတွင်းမှာပင် ရွေးကောက်ပွဲပြုလုပ်ရွေးချယ်ခွင့်ရှိနေခြင်းကြောင့် နိုင်ငံသားများသည် ယင်းတို့၏နိုင်ငံ ရေးကိုယ်စားလှယ်များအကြောင်း ပိုမိုကောင်းမွန်စွာသိလာခွင့်ရှိပြီး ရွေးကောက်ခံအမတ်များအနေဖြင့်လည်း ယင်းတို့၏မဲဆန္ဒရှင်များ၏လိုအပ်ချက်များနှင့် လိုအင်များကို ပိုမိုကောင်းမွန်စွာသိလာခွင့်ရှိတော့သည်ဟု အ ထက်ပါအယူအဆက သွယ်ဝိုက်ရည်ညွှန်းနေသည်။

နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းတွင် အပိုင်းနှစ်ပိုင်းပါဝင်သည်။
(က)ရွေးကောက်ပွဲဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဗဟိုအစိုးရများက ဒေသန္တရအစိုးရများထံ ဒေသ တွင်းအစိုးရအရာရှိများကို ရွေးချယ်ခန့်အပ်ခွင့်အာဏာအား လွှဲပြောင်းပေးထားခြင်း။ ရွေးကောက်ပွဲ ဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် နိုင်ငံသားများအနေဖြင့် နယ်မြေ(သို့) ဒေသတွင်းအစိုးရ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်မည့် ကိုယ်စားလှယ်များကို ရွေးကောက်ခွင့်ရှိလာသည်။
(ခ)ဖွဲ့စည်းပုံပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ အစိုးရဖွဲ့စည်းနိုင်သည့် အခွင့်အာဏာကို နယ်မြေ (သို့) ဒေသန္တရအဆင့်ထံ လွှဲပြောင်းပေးထားခြင်း။ ဖွဲ့စည်းပုံပိုင်း ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းတွင် အမျိုး သား(ဗဟို)အဆင့်မှ လွှဲပြောင်းပေးထားသော အုပ်ချုပ်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ စောင့်ကြည့်ရန်နှင့် ဆန်းစစ်အကဲဖြတ်ရန် အခွင့်အာဏာကို ဒေသန္တရအဆင့်ထိ ပေးထားခြင်းပါဝင် သည်။ ဤနည်းအားဖြင့် ဒေသန္တရအစိုးရတစ်ရပ်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး (သို့) တရားစီရင် ရေးလုပ်ငန်းဆောင်တာများနှင့် ဌာနအဖွဲ့အစည်းများပါ ထည့်သွင်းပါဝင်စေမည့် ဖွဲ့စည်းပုံတစ်ရပ်ကို ဖန်တီး(သို့မဟုတ် ပြောင်းလဲ) နိုင်သည်။

ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၏ ထိရောက်မှုအပေါ် လွှမ်းမိုးထားသော အရေးပါသည့်အလားအလာတစ်ရပ်မှာ နိုင်ငံတစ်နိုင်ငံတွင်းကျင့်သုံးသော နိုင်ငံရေးပါတီစနစ်၏ရွေ့ပြောင်းအားများပင်ဖြစ်သည်။ အထူးသဖြင့် ပါတီ များကို နယ်မြေအလိုက်ဖွဲ့စည်းထားပုံမျိုးဟုတ်၊မဟုတ်ကို ဆိုလိုသည်။ အမျိုးသား(ဗဟို) အဆင့်ပါတီများ သည် ဗဟိုမှအလွန်အမင်းချုပ်ကိုင်မှုကိုခံရပြီး နယ်မြေအလိုက်ပါတီတွင်းရာထူးများကို ဗဟိုအဆင့်ပါတီက ခန့်အပ်ပေးမှရသည်ဆိုလျှင် နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုမှ ရရှိနိုင်မည့်နက်နဲမှုအတိုင်းအဆကို ကန့်သတ်လိုက် သလိုဖြစ်လိမ့်မည်ပင်။ အခြားတစ်ဖက်တွင်မူ နယ်မြေအလိုက်အခြေပြုဖွဲ့စည်းထားသည့် အမျိုးသား(ဗဟို)အ ဆင့်ပါတီများဖြစ်စေ(သို့) သီးခြား လွတ်လပ်သောနယ်မြေအလိုက်ပါတီများဖြစ်စေ ဒေသတွင်းနိုင်ငံရေးအပေါ် လွှမ်းမိုးထားပါက ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ဦးတည်ဖော်ဆောင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံ သည် နိုင်ငံရေးအာဏာကို အမှန်စင်စစ် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဆီ ဦးတည်မိစေရန် ပိုမိုဖြစ်နိုင်ဖွယ်ရာ ရှိမည်ဖြစ်သည်။

နှိုင်းယှဉ်လေ့လာချက်၊ နယ်သာလန်နိုင်ငံရှိ ဒေသန္တရအစိုးရ

ပြည်နယ်စီရင်စုများ

ပြည်နယ်စီရင်စုတစ်ခုကို ကိုယ်စားပြုပြည်နယ်စီရင်စုကောင်စီတစ်ရပ်(Provinciale Saten)က စီမံအုပ်ချုပ် သည်။ ထိုကောင်စီ၏အဖွဲ့ဝင်များကို အရွယ်ရောက်သူတိုင်း တိုက်ရိုက်မဲပေးခြင်းဖြင့် ရွေးကောက်သည်။ ကောင်စီ၏အရွယ်အစားသည် စီရင်စုတစ်ခုအတွင်း နေထိုင်သူဒေသခံလူထု၏အရေအတွက်အပေါ် မူတည် သည်။ ကောင်စီဝင်များကို လေးနှစ်တစ်ကြိမ်သက်တမ်းအတွက် ရွေးကောက်သည်။ စီရင်စုကောင်စီဝင်များ ထဲမှပင် ကောင်စီများသည် အဖွဲ့ဝင်ခြောက်ဦးမှ ရှစ်ဦးအထိပါဝင်သော စီရင်စုအမှုဆောင်များ အဖွဲ့(Gedepu teerde Staten)ကို ရွေးကောက်သည်။ စီရင်စုတစ်ခုစီတွင် ဘုရင်မှ ခန့်အပ်ပြီးဘုရင်ကိုပင် ကိုယ်စားပြုသော ကော်မရှင်နာတစ်ဦးစီရှိသည်။ စီရင်စုကောင်စီများ၏တာဝန်များကို အောက်ပါအတိုင်းအကျဉ်းချုပ်တွေ့ရနိုင် သည်။

  • စီမံကိန်းရေးဆွဲခြင်းနှင့် အိမ်ရာဆောက်လုပ်ခြင်း
  • သဘာ၀ပတ်ဝန်းကျင် စီမံခန့်ခွဲရေး
  • လူမှုဖူလုံရေး
  • သောက်သုံးရေနှင့် အခြေခံအဆောက်အဦစီမံခန့်ခွဲရေး
  • စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေးကိစ္စရပ်များ
  • အများပြည်သူသယ်ယူပို့ဆောင်ရေး
  • မြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့များကို ကြီးကြပ်ခြင်း
  • တရားရေးရာစီမံခန့်ခွဲခြင်း

မြို့တော်စည်ပင်သာယာရေးအဖွဲ့များ

မြို့တော်စည်ပင်သာယာရေးအဖွဲ့များကို မြို့တော်စည်ပင်ကောင်စီများက စီမံအုပ်ချုပ်သည်။ စည်ပင်အဖွဲ့များ ကို လေးနှစ်သက်တမ်းအတွက် မြို့ခံလူထုက တိုက်ရိုက်ရွေးကောက်ပြီး ယင်းအဖွဲ့သည် ဒေသန္တရဥပဒေများ ကို ချမှတ်သည်။ မြို့တော်စည်ပင်သာယာရေးအဖွဲ့၏အုပ်ချုပ်ရေးအာဏာများကို မြို့တော်ဝန်တစ်ဦးနှင့် အဖွဲ့ ဝင်နှစ်ဦးမှ ခြောက်ဦးအထိကောင်စီဝင်လူကြီးများပါဝင်သော ကော်ပိုရိတ်ဘုတ်အဖွဲ့တစ်ခုထံ အပ်နှံထား သည်။ ကောင်စီဝင်လူကြီးများကို ကောင်စီမှရွေးကောက်သည်၊ မြို့တော်ဝန်ကိုမူ ဘုရင်က ခန့်အပ်သည်။ ရေ ကြီးမှုထိန်းချုပ်ရေးနှင့် သောက်သုံးရေစီမံခန့်ခွဲရေး၏အရေးပါသောလုပ်ငန်းဆောင်တာများကို ကိုယ်ပိုင်လွတ် လပ်ခွင့်ရ အစိုးရအာဏာပိုင်များက တာဝန်ယူဆောင်ရွက်ပြီး ယင်းတို့အနက်မှ တချို့ကို ၁၃ရာစုကတည်းက ပင် စတင်ခဲ့သည်။ မြို့နေလူထုအပေါ် တိုက်ရိုက်ဖြစ်စေ၊ အရေးပေါ်ဖြစ်စေ ရိုက်ခတ်နေသော ကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးရန်သည် မြို့တော်စည်ပင်အာဏာပိုင်အဖွဲ့၏တာဝန်ပင်ဖြစ်သည်။ ယင်းသို့ တာဝန်ယူ ဖြေရှင်းပေးရာတွင် သတ်မှတ်ချက်အတိုင်းတာဝန်များ၊ ဝန်ဆောင်မှုများနှင့် မြို့တော်လှပသာယာရေးတို့ကို ဆောင်ရွက်ပေးခြင်းများလည်း ပါဝင်သည်။ မြို့တော်စည်ပင်အဖွဲ့သည် အောက်ပါကိစ္စရပ်များကို ဆောင်ရွက် ပေးရန် တာဝန်ရှိသည်။

  • သာယာနှစ်လိုဖွယ်ရာရှိပြီး လုံလောက်သောအိမ်ရာများဆောက်လုပ်ပေးခြင်း
  • မြို့တော်တွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် လမ်းများ၊ မြို့ကြီးများတွင် လမ်းမများ ဖောက်လုပ်ပေးခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း
  • မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ သိမ်းယူ၊ စွန့်ပစ်ပေးခြင်း
  • မီးသတ်ဌာနနှင့် ရဲအဖွဲ့
  • စျေးများ၊ ဆိပ်ကမ်းများနှင့် ရေစီးရေလာကောင်းအောင်ဆောင်ရွက်ခြင်း၊ ရေဆိုးရေညစ်ဖောက်ထုတ် ခြင်းနှင့် သောက်သုံးရေးရရှိအောင်ဆောင်ရွက်ပေးခြင်း
  • လူမှုဖူလုံရေးထောက်ပံ့ပစ္စည်းအမျိုးမျိုးကို ပေးခြင်းနှင့် ရပ်ရွာလုံခြုံရေး။
  • အပန်းဖြေနားနေစရာများနှင့် အားကစားနည်းအမျိုးမျိုးအတွက် အထောက်အကူပြုပစ္စည်းများထား ရှိပေးခြင်း
  • အနုပညာနှင့် ပညာရေး
  • ကုမ္ပဏီများအတွက် လိုင်စင်နှင့် လုပ်ပိုင်ခွင့်ပါမစ်များ ချပေးခြင်း၊ အဆောက်အဦးများ၊ နိုင်ငံကူးလက် မှတ်များ၊ မှတ်ပုံတင်ကတ်များနှင့် ယာဉ်မောင်းလိုင်စင်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း

ကိုးကား၊ The Dutch Political System in a Nutshell

နှိုင်းယှဉ်လေ့လာချက်၊ အိန္ဒိယနိုင်ငံတွင်း ဗဟိုချုပ်ကိုင်မှုလျှော့ချရေ

လွတ်လပ်ရေးရချိန်တွင် အိန္ဒိယနိုင်ငံသည် ဗဟိုဦးစီးစနစ်ကို အသားပေးသောအုပ်ချုပ်ရေးပုံစံအ​ပေါ် အခြေခံ သည့် အစိုးရအုပ်ချုပ်မှုလမ်းစဉ်တစ်ရပ်ကို ကျင့်သုံးခဲ့သည်။ ဤသို့ဗဟိုချုပ်ကိုင်မှုလမ်းစဉ်ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ နိုင်ငံတွင်း တိုင်းရင်းသား၊ ဘာသာစကားနှင့် နယ်မြေအလိုက်ဖြစ်ပွားသောပြဿနာရပ်များ ကို ရင်ဆိုင်ဖြေရှင်းပေးရန် ဗဟိုအစိုးရအား အာဏာကုန်လွှဲထားရေးအတွက်ပင် ဖြစ်သည်။

သို့ရာတွင် ဤစနစ်သည် အထက်ကပြောသည့်ပြဿနာရပ်အများအပြားကို ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ပါ။ ဤ သို့မဖြေရှင်းနိုင်သဖြင့် ဗဟိုဦးစီးချုပ်ကိုင်သောအုပ်ချုပ်ရေးပုံစံကို ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာ ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို တောင်းဆိုသံများ မြင့်မားလာခဲ့သည်။ ဤသို့ဆန့်ကျင်ကန့်ကွက်မှုများ ကြောင့်အိန္ဒိယနိုင်ငံအစိုးရသည် နိုင်ငံတွင်း ပန်ချာရတီ ရာ့ချ်များ(ဒေသန္တရအစိုးရများ) အားကောင်းခိုင်မာလာ စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး(၇၃ကြိမ်မြောက်နှင့် ၇၄ကြိမ်မြောက်ပြင်ဆင်ချက်များ) ကို မဖြစ်မ နေလုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် ‘ကျေးရွာအဆင့်နှင့် အခြားသောအဆင့်(သို့)အဆင့်များရှိ ပန်ချာဂတီ ရာ့ချ်များ(ဒေသန္တရအစိုးရများ)ကို တိုက်ရိုက်ရွေးကောက်ပွဲများအပေါ်အခြေခံပြီး ဖွဲ့စည်းတည်ထောင်ရန် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။ တိုက်ရိုက်ရွေးကောက်ပွဲများကို အဆင့်အားလုံးရှိ ပန်ချာရတီ ရာ့ချ် များ၏ ရွေးချယ်ခံနေရာအားလုံးအတွက်ပါ အခြေခံထားသည်။

၇၃ကြိမ်မြောက်ပြင်ဆင်ချက်ပါ အဓိကပြဋ္ဌာန်းချက်အနှစ်ချုပ်(၇၄ ကြိမ်မြောက်ပြင်ဆင်ချက်တွင်လည်း မြူနီ စီပယ်(မြို့ပြဆိုင်ရာ)ဒေသန္တရအစိုးရအတွက်အလားတူပြဋ္ဌာန်းချက်များပင် ပါဝင်သည်)

၁။ ကျေးရွာ၊ ရပ်ကွက်နှင့် ခရိုင်အဆင့်ရှိ ရွေးကောက်ခံအဖွဲ့များပါဝင်သော သုံးဆင့်ဖွဲ့စည်းပုံတစ်ရပ်ကို ထူထောင်ခြင်း( လူဦးရေ ၂ သန်းထက်နည်းသောပြည်နယ်များတွင် ရပ်ကွက်အဆင့် ပန်ချာရတီ ရာ့ချ် များကို ဖွဲ့စည်းကျင့်သုံးရန်မလိုအပ်ပါ)

၂။ ဂရမ် ဆက်ဘာ (ကျေးရွာကောင်စီ) မှ ကျေးရွာအဆင့်ရှိ ညှိနှိုင်းတိုင်ပင်ရေးအဖွဲ့တစ်ဖွဲ့ ထူထောင်ဖွဲ့ စည်းထားသည်ကို အသိအမှတ်ပြုခြင်း

၃။ အဆင့်အားလုံးရှိ ကောင်စီဝင်များအားလုံးအတွက် ငါးနှစ်သက်တမ်းကို တိုက်ရိုက်ရွေးကောက်ခြင်း။

၄။ ကိုယ်စားလှယ်နေရာအားလုံး၏ သုံးပုံတစ်ပုံကို အမျိုးသမီးများအတွက် ခွဲတမ်းချပေးထားခြင်း၊ အကာအကွယ်ပေးရန်လိုသောဇာတ်အနိမ့်ဆုံးလူတန်းစားများ(ဘေးဖယ်ထုတ်ခံအုပ်စု)များနှင့် အကာအကွယ်ပေးရန်လိုသော လူမျိုးစုနွယ်များ(လူနည်းစုဝင်တိုင်းရင်းသားလူမျိုးစုများ)အတွက် သီးသန့်လျာထားပေးရေးသည် အဆိုပါအစုအဖွဲ့များ၏ လူဦးရေအချိုးအစားအပေါ် မူတည်သည်။

၅။ ပန်ချာရတ်များ(ဆာပန်ချာများ)၏ဥက္ကဌများအတွက် သီးသန့်နေရာလျာထားပေးရေးသည် တစ်ထပ်တည်း တူညီသော လမ်းညွှန်းချက်များနှင့်အညီအတိုင်း ဆောင်ရွက်သည်။

၆။ ပြည်နယ်ဥပဒေပြုလွှတ်တော်များသည် အခြားသောဘေးဖယ်ထုတ်ခံအစုအဖွဲ့များအတွက် သီးသန့် နေရာလျာထားပေးခြင်းများကို ဆောင်ရွက်ပေးနိုင်သည်။

၇။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် (SEC) သည်အဆင့်အားလုံးရှိ ပန်ချာရတ်ရွေးကောက်ပွဲများကို ကြီးကြပ်ရန်၊ စီစဉ်ရန်နှင့် ကွပ်ကဲရန် တာဝန်ရှိမည်ဖြစ်သည်။

၈။ ပြည်နယ်ဘဏ္ဍာရေးကော်မရှင် (SFC) သည် ပန်ချာရတ်များ၏ ဘဏ္ဍာရေးအနေအထားကို ငါးနှစ် တိုင်းတွင် ပြန်လည်စိစစ်သုံးသပ်ရန်နှင့် ပြင်ဆင်ရန်၊ ထို့နောက် ပန်ချာရတ်ရန်ပုံငွေများ ခွဲဝေပေးမှု နှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရထံ ထောက်ခံချက်ပေးရန် ဆောင်ရွက်ရလိမ့်မည်ဖြစ်သည်။

ကိုးကား၊ Decentralisation in India: Poverty, Politics and Panchayati Raj

1 လစ်ဘရယ်ဒီမိုကရေစီနှင့် ကိုယ်စားပြုဒီမိုကရေစီတို့ကိုရည်ညွှန်းသောစကားလုံးဖြစ်သည်။ ဗဟုဝါဒအခြေပြုနိုင်ငံရေး (pluralistic politics) သည် အထူးအများ အပြား သောနိုင်ငံရေးစနစ်များ ယှဉ်ပြိုင်တည်ရှိခြင်းကို အားပေးသည်။ အစိုးရပုံစံတစ်ရပ်အဖြစ်လည်း ယူဆသုံးနှုန်းတတ်ကြသည်။ ယင်းအဓိပ္ပာယ်တွင်မူ အာဏာကိုတစ်နေရာ တည်း၊ တစ်စုံတစ်ဖွဲ့တည်းက ထိန်းချုပ်ထားခြင်းမဟုတ်ဘဲ အာဏာလာရာနေရာဌာန အများအပြား ဖော်ထုတ်ခွင့်ရှိသောစနစ်ဖြစ်သည်။