အသစ်များ > ပါဝင်ဆောင်ရွက်ခြင်း

ပါဝင်ဆောင်ရွက်ခြင်း

2022-09-03

ပါဝင်ဆောင်ရွက်ခြင်းသည် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းမှဖြစ်စေ၊ တရားဝင်အဖွဲ့အစည်းဌာနများနှင့် ကိုယ် စားလှယ်များမှဖြစ်စေ ရှိနိုင်သည်။ နိုင်ငံသားများအတွက် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ပေးအပ်သည်။ နိုင်ငံသားများသည်(လူနည်းစုဝင်များနှင့် အားနည်းသောအုပ် စုများပါဝင်)ဆုံးဖြတ်ချက်ချခြင်းနှင့် စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အစိုးရ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်ခြင်းတို့တွင် ပါဝင်နိုင်သည်ဟူ၍ဆိုလိုသည်။

ကောင်းမွန်သောအုပ်ချုပ်ရေးတွင် မူဝါဒချမှတ်ရာ၌ ပြည်သူများပါဝင်နိုင်မည့်လမ်းကြောင်းများကို ဖန်တီးပေး ခြင်းပါဝင်သည်။ ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များတွင် လူနည်းစုဝင်အစုအဖွဲ့များ ပါဝင်နိုင်သော ယန္တရား များကိုလည်း တည်ဆောက်ပေး၏။ အရပ်ဖက်အဖွဲ့အစည်းနှင့် ဒေသန္တရလူမှုအသိုင်းအဝိုင်းများအား ယင်း တို့အတွက် အရေးကြီးသောကိစ္စရပ်များနှင့်စပ်လျဉ်းသော သဘောထားအမြင်များကို ထုတ်ဖော်ပြနိုင်ရန်ကို လည်း အားပေးထားသည်။

နိုင်ငံရေးပါတီများသည် နိုင်ငံရေးအသိုင်းအဝိုင်း၏အကျိုးစီးပွားများကို စုစည်းဖော်ဆောင်ပေးခြင်းဖြင့် ပါဝင် ဆောင်ရွက်ခြင်းကို မြှင့်တင်ပေးပါသည်။ ပါတီထောက်ခံသူများ၏ လိုလားချက်များ၊ စံနှုန်းများနှင့် အတွေးအ ခေါ်ဝါဒများကိုလည်း နိုင်ငံရေးပါတီများက ကိုယ်စားပြုကာ ထုတ်ဖော်ပေးသည်။ (ဥပမာ ပါလီမန်အတွင်း) ဥ ပဒေပြုခြင်းလုပ်ငန်းစဉ်များနှင့် မူဝါဒများအပြင် အစိုးရ၏ ဘတ်ဂျက်ဦးစားပေးဆောင်ရွက်ချက်များတွင်ပါ နိုင် ငံသားများ ဩဇာညောင်းနိုင်စေမည့်အခင်းအကျင်းတစ်ရပ်ကိုလည်း နိုင်ငံရေးပါတီများက ပေးအပ်သည်။

ထိုတင်မက ပါတီများသည် နိုင်ငံသားများအတွက် နိုင်ငံရေးဦးဆောင်မှုနေရာထဲ ဝင်ရောက်လာနိုင်မည့်လမ်း ကြောင်းတစ်ခုကို ဖွင့်ပေးထားသည်။ နိုင်ငံရေးမျိုးဆက်သစ်များကို ရှာဖွေစုဆောင်း၍ နိုင်ငံရေးသမားများ၏ စွမ်းရည်ကို မြှင့်တင်နိုင်မည့် နေရာလပ်တစ်ခုကိုလည်း ဖန်တီးပေးသည်။ ထိုနိုင်ငံရေးသမားများကို ရွေးချယ်၍ ရွေးကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများအဖြစ် တင်ပေးလိုက်ခြင်းဖြင့် ပါတီများသည် နိုင်ငံသား များနှင့် နိုင်ငံရေးစနစ်ကြား တိုက်ရိုက်ကွင်းဆက်တစ်ခု ဖြစ်နေတော့သည်။

ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ရန် နိုင်ငံရေးပါတီများက ဆော်ဩလှုပ်ရှားလာနိုင်သည့် သီးခြားလုပ်ငန်းများကို အောက်တွင် ဥပမာပေးဖော်ပြထားသည်။

  • ပွင့်လင်းရိုးသား၍ အများနှင့်ယှဉ်ပြိုင်မှုကို အားပေးသောရွေးကောက်ပွဲများ ပုံမှန်ကျင်းပနေစေရန် ရွေးကောက်ပွဲဥပဒေများ နှင့်/သို့ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲခြင်း။
  • မူဝါဒရေးဆွဲခြင်းနှင့် စိစစ်သုံးသပ်ခြင်းတွင် ပြည်သူအား ဆွေးနွေးတိုင်ပင်ရသည့် ယန္တရားများကို တိုး ပွားအောင်လုပ်ခြင်း (သို့) တိုးမြှင့်ပေးခြင်း။ ဤတွင် လူထုဆန္ဒခံယူပွဲပြုလုပ်ခြင်းနှင့် မဲဆန္ဒရှင်လက် မှတ်ကောက်ယူခြင်း1တို့ ပါဝင်နိုင်သည်။
  • နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို နိုင်ငံရေးတွင် ပိုမိုလွယ်ကူစွာ ပါဝင်ဆောင်ရွက် နိုင်စေရန် အသင်းအဖွဲ့ဆိုင်ရာဥပဒေများ ပြဋ္ဌာန်းပေးခြင်း (သို့) ပြင်ဆင်ပေးခြင်း။
  • အမျိုးသမီးများ၊ လူနည်းစုများနှင့် အားနည်းသူအစုအဖွဲ့များအပါအဝင် မတူကွဲပြားသောအစုအဖွဲ့ အားလုံး ပါဝင်ဆောင်ရွက်နိုင်ခြင်းကို မြှင့်တင်ပေးပြီး ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိစေမည့် ကိုယ်ပိုင် အစီအစဉ်များနှင့် လက်တွေ့ကျင့်ထုံးများကို နိုင်ငံရေးပါတီများတွင် ချမှတ်ထားစေခြင်း။

ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သောပါဝင်ဆောင်ရွက်ခြင်းနှင့်ဆိုင်ရာ သာဓက ဖြစ်ရပ်များ

ဖိလစ်ပိုင်

KALAHI-CIDSS သည် ဖိလစ်ပိုင်နိုင်ငံရှိ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းပေးစီမံကိန်းဌာန ဖြစ်သည်။ ထိုဌာနသည် အဆင်းရဲဆုံးသောပြည်နယ်ဒေသများရှိ လူမှုအသိုင်းအဝိုင်းများကို ၎င်းတို့၏လိုအပ် ချက်များနှင့် အကောင်းဆုံးသင့်လျော်မည့် ဝန်ဆောင်မှုကို ပေးပို့နိုင်မည့်နည်းလမ်းနှင့် ဆင်းရဲမွဲတေမှုလျှော့ချ ရေးအစီအမံများကို ရွေးချယ်ရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်နိုင်စေရန် ရည်ရွယ်သည်။ ဌာန၏ဦးတည်ချက် မှာ ဆင်းရဲမွဲတေမှုလျှော့ချရေးစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းတို့တွင် ဒေ သခံလူထုအသိုင်းအဝိုင်းများ ပါဝင်လာစေခြင်းဖြင့် ဒေသခံလူထု၏ဩဇာအာဏာ မြင့်မားစေရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းကို မြှင့်တင်ပေးရေးတို့ပင်ဖြစ်သည်။

နှိုင်းယှဉ်လေ့လာချက်၊ ဘရာဇီးနိုင်ငံရှိ ပြည်သူပါဝင်ဆုံးဖြတ်ကာဘတ်ဂျက်ရေးဆွဲခြင်း1

2 ပြည်သူ့ဘဏ္ဍာငွေကို မည်သို့သုံးစွဲမည်ဟူ၍ဆုံးဖြတ်ချက်ချသောလုပ်ငန်းစဉ်တွင် နိုင်ငံသားများ ပါဝင်ရသော နိုင်ငံသားအခြေပြုပါဝင်ဆောင်ရွက်ခြင်းပုံစံတစ်ခုဖြစ်သည်။

ပေါ်တိုအယ်လာဂရီ (Porto Alegre) သည် ဘရာဇီးနိုင်ငံရှိမြို့ကြီးတစ်မြို့ပင်ဖြစ်သည်။ အဆိုပါမြို့သည် ပြည်သူပါဝင်ဆုံးဖြတ်ကာ ဘတ်ဂျက်ရေးဆွဲခြင်းစနစ်ကြောင့် ထင်ရှားပြီး ထိုစနစ်ကို ၁၉၉၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိကျင့်သုံးခဲ့သည်။ပြည်သူပါဝင်ဆုံးဖြတ်ကာဘတ်ဂျက်ရေးဆွဲခြင်းစနစ်အရဒေသခံနိုင်ငံသားများသည် ၎င်းတို့မြို့တွင် အစိုးရက ဘဏ္ဍာငွေကို မည်သို့သုံးစွဲမည်ဟူ၍ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ပါဝင်ခွင့် ရှိသည်။ ယနေ့ချိန်တွင် ကမ္ဘာ့တစ်ဝန်းမြို့ပေါင်း(၁၅၀၀)၌ ယင်းစနစ်ကို အသုံးပြုနေသည်။

ပေါ်တိုအယ်လာဂရီ စနစ်တွင် မြို့တော်နယ်မြေတွင်းရှိ မြို့နယ်ပေါင်း ၁၆ ခုအနက် တစ်မြို့နယ်ချင်းစီသည် နှစ် တိုင်း နှစ်ကြိမ်အစည်းအဝေးလုပ်ကြသည်။ ပုံမှန်အားဖြင့် ပထမဆုံးအစည်းအဝေးသည် အတော်ပင် ကြီး ကျယ်သည်။ တချို့မြို့နယ်များတွင် လူအယောက်(၁၀၀၀)ကျော် ပါဝင်သည်။ ထိုအစည်းအဝေးများတွင် လူထု သည် မြို့နယ်၏အသုံးစရိတ်ကို ၎င်းတို့ ကိုယ်စားဆွေးနွေးရန် ကိုယ်စားလှယ်များကို ရွေးကောက်သည်။

အစည်းအဝေးပြီးသည်နှင့် ထိုကိုယ်စားလှယ်များသည်ယင်းတို့မြို့နယ်တွင်းနေထိုင်သော အခြားမြို့သူမြို့သား များနှင့် အကြိမ်များစွာ အစည်းအဝေးလေးများကို ပြုလုပ်ရသည်။ မြို့ခံလူထု၏ လိုအပ်ချက်များနှင့် အလေး ထားချက်များကို ဆွေးနွေးကြပြီး နောက်တစ်နှစ်အသုံးစရိတ်အတွက် အကြံပြုချက်များတင်ပြကြသည်။

သုံးလကြာလျှင် တစ်မြို့နယ်ချင်းစီသည် ဒုတိယအကြိမ်အစည်းအဝေးကို အကြီးအကျယ်ပြုလုပ်သည်။ ဤ တစ်ကြိမ်အစည်းအဝေးတွင် ကိုယ်စားလှယ်များက စုစည်းတင်ပြလာသော အကြံပြုချက်များစွာထဲမှ အ ကောင်းဆုံးကို မြို့ခံလူထုက ရွေးချယ်သည်။ မြို့နယ်အတွက် မြူနီစီပယ်ကောင်စီဖွဲ့ကာ ထိုအဖွဲ့တွင် တာဝန် ထမ်းမည့် ကောင်စီဝင်များကို မြို့ခံလူထုက မဲပေးရွေးကောက်ကြသည်။

ထို့နောက် မြူနီစီပယ်ကောင်စီသည် မြို့ခံလူထု၏အကြံပြုတင်ပြချက်များအပေါ်အခြေခံကာ အသုံးစရိတ်ကို ရေးဆွဲသည်။ ထိုအသုံးစရိတ်ကို ကောင်စီက မြို့တော်အစိုးရထံ တင်ပြသည်။ မြို့တော်အစိုးရက အသုံးစရိတ် ကို ခွင့်ပြုကြောင်း အတည်ပြုပေးနိုင်သလို၊ ပြင်ဆင်ရန် မြူနီစီပယ်ကောင်စီထံ ပြန်ပို့လိုက်နိုင်သည်။ သို့ရာ တွင် မြူနီစီပယ်ကောင်စီ၏ မဲ ၆၆ ရာခိုင်နှုန်းကျော်က အသုံးစရိတ်ကို မပြင်ဆင်ဘဲ လက်ခံကြောင်း အတည် ပြုလျှင်မြို့တော်အစိုးရက လက်ခံပေးရမည်ဖြစ်သည်။

နှစ်တိုင်း ထိုလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် ပြည်သူအယောက် (၂၀၀၀၀ခန့်ရှိသည်။ ဆုံးဖြတ်ချက် ချရာတွင် အပယ်ခံအုပ်စုများ(ဥပမာ အမျိုးသမီး၊ ဆင်းရဲသားနှင့် ပညာမတတ်သူများ)လည်း ပါဝင်သည်။ ဤနည်းလမ်းကြောင့် ပြည်သူ့ဘဏ္ဍာငွေကို လူချမ်းသာများအတွက်သာ သုံးစွဲခြင်းမျိုးမဖြစ် စေတော့ပေ။

ဤစနစ်သည် အကျိုးရလဒ်ကောင်းသည်။ ဤစနစ်ကြောင့် ၁၉၉၁ မှ ၂၀၀၄ ခုနှစ်အထိ

  • ဘတ်စ်ကားများသည် ဆင်းရဲနွမ်းပါးသောအရပ်ဒေသများအထိ စတင်ပြေးဆွဲလာသည်။
  • ရေပေးဝေရေးစနစ်ကို ရရှိသောမြို့နေလူထုအရေအတွက်သည် ၇၅ ရာခိုင်နှုန်းမှ ၉၈ရာခိုင်နှုန်းအထိရှိ လာသည်။
  • ဒေသန္တရအစိုးရစာသင်ကျောင်းများအရေအတွက်သည် ၃ ဆတိုးလာသည်။

ကိုးကား၊ Empowerment Case Studies: Participatory Budgeting in Brazil

1 Citizens initiatives ကို popular initiatives ဟုလည်း နိုင်ငံရေးသိပ္ပံတွင်သုံးသည်။ လူထုဦးဆောင်လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ အစိုးရကို ဥပဒေပြဋ္ဌာန်းနိုင်စေရန်ဖြစ်စေ၊ ဥပဒေပြုလွှတ် တော်တွင်း အများပြည်သူဆန္ဒမဲအတိုင်းဆောင်ရွက်နိုင်စေရန်ဖြစ်စေ တရားဝင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်အရေအတွက်တစ်စုက လက်မှတ်ထိုး၍တောင်းဆိုလွှာတင်သောနည်းလမ်းတစ်ခု ဖြစ်သည်။

2 ပြည်သူ့ဘဏ္ဍာငွေကို မည်သို့သုံးစွဲမည်ဟူ၍ဆုံးဖြတ်ချက်ချသောလုပ်ငန်းစဉ်တွင် နိုင်ငံသားများ ပါဝင်ရသော နိုင်ငံသားအခြေပြုပါဝင်ဆောင်ရွက်ခြင်းပုံစံတစ်ခုဖြစ်သည်။