အသစ်များ > လွတ်လပ်ခွင့်

လွတ်လပ်ခွင့်

2022-08-29

လွတ်လပ်ခွင့်’ဆိုသည်မှာ လူသားတစ်ဦးအနေဖြင့် မိမိတို့၏စိတ်ဆန္ဒရှိသည့်အတိုင်း လုပ်ငန်းတစ်ရပ်ရပ်ကို အနှောင့်အယှက်ကင်းကင်း၊ အချုပ်အချယ်ကင်းကင်းဖြင့် ဖော်ဆောင်ခွင့်ရခြင်းကိုဆိုလိုသည်။ ယင်းအဓိပ္ပာယ် တွင် လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် အခြားနိုင်ငံသား ဆိုင်ရာလွတ်လပ်ခွင့်များပါဝင်သည်။ ‘ခွင့်တူညီမျှရေး’ဘက်တော်သားများက နိုင်ငံသားတို့၏ပုဂ္ဂလလွတ်လပ် ခွင့်ကို ကာကွယ်ပေးရန်အစိုးရတွင် အဓိကတာဝန်ရှိသည်ဟုဆိုသည်။ သက်ဆိုင်ရာလူ့အဖွဲ့အစည်းနှင့်နိုင်ငံရေး ဆိုင်ရာအခွင့်အရေးများ ရရှိနိုင်ရန် အစိုးရကဖော်ဆောင်ပေးနိုင်ပါက အစိုးရ၏အခန်းကဏ္ဍပြီးမြောက်ပြီဟု ၎င်းတို့ကယူဆသည်။ အစိုးရသည် အဓမ္မအခွန်စည်းကြပ်ခြင်း၊ အစိုးရကျောင်းတွင်သာ ပညာသင်ရမည်ဟုချ မှတ်ခြင်း၊ အတင်းအကြပ်စစ်မှုထမ်းစေခြင်းစသောလုပ်ရပ်တို့ကို ပြုလုပ်လာပါက နိုင်ငံသား၏လွတ်လပ်ခွင့် နှင့် အခွင့်အရေးများကို ကန့်သတ်ရာရောက်သည်ဟု ခွင့်တူညီမျှဘက်တော်သားများကထောက် ပြကြသည်။ နိုင်ငံရေးလွတ်လပ်ခွင့်ကိုသာ တစ်ဖက်စောင်းနင်းအဓိကထားကြသူများကို အစွန်းရောက်လွတ်လပ်မှုဝါဒီများ (Libertarians)1 ဟုခေါ်သည်။ ထိုဝါဒီများ၏အမြင်အရ လူသားတိုင်း ကိုယ့်ဘ၀ကိုယ် အလုံးစုံစီမံပိုင်ခွင့်ရှိရ မည်၊ တပါးသူ၏လွတ်လပ်ခွင့်ကို မထိပါးသရွေ့ကိုယ့်လွတ်လပ်ခွင့်ကို အပြည့်အ၀ခံစားနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် အစိုးရ၏ထိန်းကွပ်ကြပ်မတ်မှုကို မလိုအပ်ဘဲထိုထိန်းကွပ်မှုသည် လူသား၏လွတ်လပ်မှုအတွက် အန္တရာယ်ပင်ဖြစ်နိုင်သည်ဟုပင် လွတ်လပ်မှုကို အစွန်းရောက်ချဲ့ထွင်မြင်ကြသည်။ လူတိုင်းသည် ၎င်းတို့အ တွက် ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသင့်ပြီး ထိုရွေးချယ်မှုအတွက် အကျိုးရလဒ်တစ်ခုခုဖြစ် လာပါကလည်း ကိုယ်တိုင်တာဝန်ယူမှုရှိသည်ဟု လက်ခံသင့်ကြောင်း အစွန်းရောက်လစ်ဘရယ်သမားများက မြင်သည်။ တန်းတူညီမျှရေးရှိရန်အရေးပါသည်ဟု လက်ခံထားသော်လည်း အစွန်းရောက်လစ်ဘရယ်များ၏ တန်းတူညီမျှရေးအမြင်ဆိုသည်မှာ ခွင့်တူညီမျှရေးကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ ခွင့်တူညီမျှရေးကို မြှင့်တင် ရန် မည်သည့်အစိုးရမဆို ကြိုးစားတိုင်း အစွန်းရောက်လစ်ဘရယ်သမားများက ကန့်ကွက်မြဲဖြစ်သည်။

တစ်ဖက်တွင် သာတူညီမျှရေးဘက်တော်သားများက အထက်ပါလွတ်လပ်ခွင့်အယူအဆများကို ဝေဖန်ကန့် ကွက်ကြသည်။ ၎င်းတို့၏အမြင်အရ နိုင်ငံသားများတွင် အလုပ်အကိုင်၊ ဥစ္စာဓနနှင့် ပညာရေးအစရှိသော အရင်းအမြစ်များမရှိဘဲ လွတ်လပ်ခွင့်အကြောင်းပြောခြင်းသည် အဓိပ္ပာယ်မရှိကြောင်းနှင့် ဆင်းရဲချမ်းသာကွာ ဟချက်ရှိနေသရွေ့ လူမှုအသိုင်းအဝိုင်းတစ်ရပ်တွင် လွတ်လပ်ခွင့်များကို မျှမျှတတရနိုင်စရာမရှိကြောင်းဆို သည်။ အစိုးရဘက်က ဘေးဖယ်ထုတ်ခံအစုအဖွဲ့များအတွက် တန်းတူလွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်များကို ဖန်တီးပေးနိုင်ရန် အဆိုပါအစုအဖွဲ့များ၏အကျိုးစီးပွားကို ပိုမိုအားစိုက်ဖော်ဆောင်ပေးရမည် သာတူညီမျှရေး သမားများက ယူဆသည်။ တစ်နည်းအားဖြင့် ခိုင်မာသောအစုအဖွဲ့များနှင့် လူပုဂ္ဂိုလ်များထံမှ အရင်းအမြစ် များနှင့် အခွင့်အလမ်းများကို ခွဲဝေပေးရန်လိုအပ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

မြန်မာ့သမိုင်းတွင်တွေ့ရသည့် ‘တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် လွတ်လပ်မှု’ဆိုင်ရာဖော်ပြချက်များ

စာတမ်း () - ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ

ဥပဒေနိဒါန်း

နယ်စပ်ဒေသများနှင့် ကယားနယ်များအပါအဝင် မြန်မာနိုင်ငံတော်၏နိုင်ငံတော်၏နိုင်ငံသားများဖြစ်ကြသော ကျွန်ုပ်တို့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံကို အခိုင်အခံ့အညီအညွတ်တည်ထောင် ရန် သန္နိဌာန်ချ၍၎င်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို အခြေပြုကာ၊ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္နိဌာန် ချ၍၎င်း၊ လူမှုဆက်ဆံရေး၊ တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ်စွာတွေး ကြံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်မှု၊အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တ ရားဥပဒေအရာတွင် ညီမျှမှုတို့ကို နိုင်ငံသားအားလုံးတို့ရရှိခံစားနိုင်စေခြင်းငှာ အခိုင်အမာ ခံဝန်ပြုရန်သန္နိဌာန် ချ၍၎င်း၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ သီတင်းကျွတ်လဆန်းဆယ်ရက်နေ့ (ခရစ်သက္ကရာဇ် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ နှစ်ဆယ့်လေးရက်နေ့)တွင်၊ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျွန်ုပ်တို့၏တိုင်းပြည် ပြုလွှတ်တော်၌ ကျွန်ုပ်တို့သည် လက်ခံ၍၊ ဥပဒေအဖြစ်အတည်ပြုပြီးလျှင်၊ ကျွန်ုပ်တို့အားနှင်းအပ်လိုက်သည်။

စာတမ်း () - ပြည်ထောင်စုဗမာနိုင်ငံတော် တော်လှန်ရေးကောင်စီ၊ ‘ကျွန်ုပ်တို့၏ယုံကြည်ချက်’

ဤလောက၌ လူလူချင်း ခေါင်းပုံဖြတ်၍ မတရား အမြတ်ရှာစားသော စီးပွားရေးစနစ်ဆိုးများတည်ရှိနေသရွေ့ ကာလပတ်လုံး လူအပေါင်းကို လူမှုဒုက္ခများမှ လွတ်မြောက်စေလိမ့်မည်ဟု မယုံကြည်။ ဤပြည်ထောင်စု မြန် မာနိုင်ငံတွင် လူလူချင်းခေါင်းပုံဖြတ်၍ တရားမျှတမှုရှိသော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှ သာလျှင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုအပေါင်းသည် အစားဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်းဒု က္ခ၊ အူမ မတောင့်သဖြင့် သီလမစောင့်နိုင်သော ဒုက္ခအစရှိသည့် လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက် ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြမည့် သာယာ၀ပြောသော လောကသစ်ကြီးဆီသို့ ရောက်ရှိနိုင်မည်ဟုယုံ ကြည်သည်။

1 အချုပ်အချယ်မဲ့လွတ်လပ်ခွင့်ဝါဒဟု သုံးတတ်ကြသည်။ အရင်းရှင်လစ်ဘရယ်သဘောတရား၏ အစွန်းရောက်အယူအဆဖြစ်သည်။အမေရိကန်တွင်သမ္မတရော်နယ်ရေဂင်၊ဗြိတိန်တွင် ဝန်ကြီးချုပ်မာဂရက်သက်ချာစသော နိုင်ငံရေးခေါင်းဆောင်များ၏ လက်ထက်တွင် နိုင်ငံရေးနှင့်စီးပွားရေးတွင် အချုပ်အချယ်မဲ့လွတ်လပ်ခွင့်ရှိရမည်ဟုဆိုကာ ဤဝါဒကို အားပေးအား အားမြှောက်ပြုခဲ့ကြသည်။