အသစ်များ > တရားဝင်မှုနှင့် ထိရောက်မှု

တရားဝင်မှုနှင့် ထိရောက်မှု

2022-08-29

နိုင်ငံသားများသည် အစိုးရတစ်ရပ်ကို တရားဝင်သည်ဟု လက်ခံတော့မှ ယင်းအစိုးရနှင့် ပူးပေါင်းလုပ်ဆောင် တတ်ကြသည်။ အစိုးရကို တရားဝင်မှုရှိသည်ဟု ယုံကြည်သည်နှင့် နိုင်ငံသားများသည် အခွန်ဆောင်ခြင်း၊ ရဲ နှင့် ဥပဒေကို စောင့်ထိန်းလိုက်နာခြင်းတို့ကို နိုင်ငံသားအဖြစ်ခံယူရမည့်တာဝန်၀တ္တရားများအဖြစ် မြင်သည်။ ထိုကဲ့သို့ အစိုးရအပေါ်စောင့်ထိန်းလိုက်နာခြင်းသည် လုပ်သင့်လုပ်ထိုက်သည်ဟု ပြည်သူက ခံယူတော့မှ အ စိုးရဘက်ကလည်း ပြည်သူ၏ပူးပေါင်းဆောင်ရွက်ခြင်းကို ယုံကြည်စိတ်ချစွာ အားကိုးနိုင်တော့သည်။ ပူးပေါင်း ဆောင်ရွက်မှုရှိမှ အစိုးရသည် တိုင်းပြည်ကို အုပ်ချုပ်ရေးလုပ်ငန်းကိစ္စအ၀၀ကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင် မည်ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် တရားဝင်မှုမရှိသောအစိုးရသည် ပြည်သူ၏ပူးပေါင်းဆောင်ရွက်မှုကို မရရှိပါ။ တရား ဝင်မဟုတ်သောအစိုးရသည် လာဘ်စားပြီး ပြည်သူ့လိုအပ်ချက်များကို လျစ်လျူရှုသည်ဟု နိုင်ငံသားများက မြင်သည့်အတွက် အစိုးရထံ အခွန်ဆောင်ခြင်း၊ တရားဥပဒေကို လိုက်နာစောင့်ထိန်းခြင်းစသဖြင့် တာဝန်များ ကို နိုင်ငံသားများကလည်း ဥပက္ခာပြုလိုက်ကြသည်။ ထိုအခါ တရားမဝင်သောအစိုးရသည် အခွန်ဆောင်ရန် နှင့်ဥပဒေလိုက်နာရန် ပြည်သူအပေါ်အဓမ္မဖိအားပေးလုပ်ဆောင်တော့သည်။

နိုင်ငံရေးပါတီများ၊ တရားဝင်မှုနှင့် ထိရောက်မှု

နိုင်ငံရေးပါတီအချင်းချင်းဖြစ်စေ၊ ပါတီတွင်းဖြစ်စေဆက်ဆံရေးများသည် အစိုးရ၏တရားဝင်မှုနှင့် ထိရောက်မှု ကို တိုင်းတာရာတွင် အရေးပါသည်။ ဥပမာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဥပဒေပြုရေးမဏ္ဍိုင်က အားပေးထောက်ခံ လျှင် အစိုးရယန္တရားများ ပိုမိုထိရောက်စွာလည်ပတ်နိုင်မည်။ အကယ်၍ အတိုက်အခံပါတီများက အုပ်ချုပ် ရေးမဏ္ဍိုင်ကိုတရားဝင်သည်ဟု မသတ်မှတ်လျှင် လွှတ်တော်ယန္တရား ထိရောက်စွာ လည်ပတ်နိုင်ရေးတွင်အ ဟန့်အတားဖြစ်လာနိုင်သည်။ တစ်ဖက်တွင်လည်း အာဏာရပါတီ (သို့မဟုတ်) ညွန့်ပေါင်းအစိုးရအဖွဲ့သည် ရွေးကောက်ပွဲအရ လုပ်ပိုင်ခွင့်အာဏာကို ပြတ်ပြတ်သားသားရထားပြီးဖြစ်ရာ အတိုက်အခံပါတီများနှင့် ဆက် ဆံရေးကောင်းရှိမည်ဆိုပါက အစိုးရ၏တရားဝင်မှုကို မြှင့်တင်ပေးနိုင်သလို အုပ်ချုပ်ရေးယန္တရား ထိရောက်စွာ လည်ပတ်နိုင်ရေးကိုလည်း အထောက်အကူပေးနိုင်သည်။ အတိုက်အခံပါတီများသည် လွှတ်တော်တွင်း အစိုး ရ၏မူဝါဒအဆိုပြုချက်များနှင့် မတူသော အဆိုကြမ်းများကို အပြီးသတ်ရေးသားကာ တင်သွင်းတတ်ကြသည်။ ၎င်းတို့တင်သွင်းသောအဆိုကြမ်းကို လွှတ်တော်က အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပါတီကမူ တာ ဝန်ရှိသောကိုယ်စားပြုခြင်းအလုပ်အတိုင်း ဆောင်ရွက်ခြင်းသာဖြစ်သည်။

ပါတီများသည် အင်အားနည်းပြီး စည်းကမ်းလျော့ရဲနေပါက (သို့မဟုတ်) လွှတ်တော်တွင်း ပါတီများအချင်း ချင်း ရန်စောင်နေပါက သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်သည် ဥပဒေပြုရေးမဏ္ဍိုင်တွင်း ထောက်ခံမှုကို အမြဲ ရနိုင်ရန်မလွယ်ကူပေ။ အာဏာရပါတီသည် လွှတ်တော်တွင်း အမတ်နေရာ အများအပြားကိုရထားစေကာမူ စည်းကမ်းလျော့ရဲခြင်းကြောင့် ဥပဒေပြုရာတွင် လွှတ်တော်၏ထောက်ခံမှုကိုရရန် ပိုခက်ခဲနိုင်သည်။

ထို့ကြောင့် ပါတီ၏အခြေခံမူကို အတိမ်းအစောင်းမခံဘဲ ခိုင်မာစွာယုံကြည်မှုရှိပြီး ပါတီစည်းလုံးမှုအားကောင်း သော နိုင်ငံရေးပါတီများဖြစ်မှသာ လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် တည်ငြိမ်မှုနှင့် ဥပဒေစိုးမိုးရေး ကို ဆောင်ကြဉ်းပေးနိုင်မည်။ ထိုအခါ အစိုးရသည် အရေးပါသော ဥပဒေပြုရေးကိစ္စကို ပိုမိုထိရောက်စွာလုပ် ဆောင်နိုင်မည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများနှင့်စပ်လျဉ်းသော အဓိကကိစ္စရပ်များကို လွှတ်တော်တွင်းအစု အဖွဲ့များက ထိရောက်စွာဖြေရှင်းပေးနိုင်ရန် ယင်းအစုအဖွဲ့များအတွင်း တည်ငြိမ်သောဆက်ဆံရေးများနှင့်ရှင်း လင်းတိကျသောလုပ်ငန်းစဉ်များရှိရန်လိုအပ်သည်။ ယင်းလိုအပ်ချက်သည် အစိုးရ၏တရားဝင်မှုကို တည် ဆောက်ရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။(Payne, Zovatto, and Diaz 2007:150)