အသစ်များ > အင်စတာဂရမ်နှင့် နိုင်ငံရေး

အင်စတာဂရမ်နှင့် နိုင်ငံရေး

2024-03-18

အင်စတာဂရမ်သည် ရုပ်ပုံများနှင့် ဗွီဒီယိုများကို အဓိကဖော်ပြသော လူမှုမီဒီယာတမျိုးဖြစ်ပြီး၊ အင်စတာဂရမ်အသုံးပြုသူများသည် ၎င်းတို့၏ အတွေ့အကြုံများ၊ စိတ်ဝင်စားမှုများနှင့် ရှုမြင်ခံစားမှုများကို မျှဝေနိုင်ကြသည်။ ၂၀၁၀ခုနှစ်တွင် အင်စတာဂရမ်ကို စတင်ဖော်ထုတ်ခဲ့ပြီး၊ ၂၀၁၂ခုနှစ်တွင် ဖေ့ဘွတ်ကုမ္ပဏီက လွှဲပြောင်းရယူခဲ့ပါသည်။ Statista က ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်အရ  ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် အင်စတာဂရမ်ကို လစဉ်အသုံးပြုသူဦးရေသည် ကမ္ဘာအနှံ့ သန်း(၂)ထောင်ကျော်ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် လူကြိုက် အများဆုံးလူမှုကွန်ယက်များအနက် တစ်ခုဖြစ်လာခဲ့သည်။

         အင်စတာဂရမ်၏လုပ်ဆောင်ချက်များ (features)ထဲတွင် ရုပ်ပုံကို ပြုပြင်ပေးနိုင်ခြင်း (filters)၊ အထူး စိတ်ဝင်စားမှုရစေရန် ဟက်ချ်ခံ၍ စာများရေးနိုင်ခြင်း (hashtags)၊ ရုပ်ပုံနှင့် ဗွီဒီယိုများကို အချိန်တိုတိုနှင့် စိတ်ဝင်စားဖွယ်တင်ပြနိုင်ခြင်း (stories)၊ ပြုပြင်ထားသော ဗွီဒီယိုအပိုင်းအစများကို တင်ပြနိုင်ခြင်း (Reels) နှင့် တိုက်ရိုက်စာတိုပေးပို့နိုင်ခြင်း (direct messaging) များပါဝင်ပြီး၊ အင်စတာဂရမ်အား ပုဂ္ဂိုလ်ရေးဆိုင်ရာခံစား ချက်များ၊ ဖန်တီမှုများနှင့် ဆက်သွယ်ရေးတို့ကြောင့် ပိုမိုလူကြိုက်များသော လူမှုမီဒီယာပလက်ဖောင်းတစ်ခု ဖြစ်လာစေပါသည်။ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအပေါ် အင်စတာဂရမ်၏ လွှမ်းမိုးမှုသည် ကြီးမားလှပြီး၊ အထူးသဖြင့် ဖက်ရှင်၊ အနုပညာနှင့် လူနေမှုဘဝပုံစံ များအပေါ်  သက်ရောက်မှု ကြီးမားပါသည်။

အင်စတာဂရမ်နှင့် နိုင်ငံရေး

အင်စတာဂရမ်ကို နိုင်ငံရေးဆိုင်ရာဆက်သွယ်မှုနှင့် ထိတွေ့ဆောင်ရွက်မှုတို့တွင် ပိုမိုသုံးစွဲလာကြသည်။ အင်စတာဂရမ်ကို အသုံးပြု၍ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အစိုးရများသည် ၎င်းတို့၏ မူဝါဒများကို ဖြန့်ဝေခြင်း၊ မဲဆန္ဒရှင်များနှင့်ဆက်သွယ်ခြင်း၊ ထောက်ခံသူများကို စုရုံးစေခြင်းများ ပြုလုပ်လာခဲ့ကြသည်။ ရုပ်ပုံနှင့် ဗွီဒီယိုများကို အချိန်တိုတိုနှင့် စိတ်ဝင်စားဖွယ်တင်ပြနိုင်ခြင်း၊ (stories)နှင့် တပြိုင်နက်ဗွီဒီယိုရိုက်ကူးတင်ပြနိုင်ခြင်း (live videos) ကဲ့သို့သော ရုပ်သံနှင့်တကွ အပြန်အလှန်ဆက်သွယ် နိုင်သောအင်စတာဂရမ်၏ နည်းပညာအစွမ်း (features) သည် နိုင်ငံရေးဆိုင်ရာ စည်းရုံးလှုံဆော်ခြင်းနှင့် အကြောင်းအရာတင်ပြခြင်းများအတွက် အားကောင်းသောလက်နက်တစ်ခု ဖြစ်လာခဲ့ပါသည်။

 

နိုင်ငံအများအပြားတွင် အင်စတာဂရမ်အသုံးပြုခြင်းနှင့်ပတ်သက်သော လေ့လာမှု ၃၇ ခုအပေါ် အခြေခံ ၍ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်သော သုံးသပ်ချက်တစ်ခုအရ အင်စတာဂရမ်သည် နိုင်ငံရေးဆိုင်ရာကြော်ငြာခြင်း အတွက် ကောင်းစွာအသုံးတည့်ပါသည်။ အင်စတာဂရမ်အသုံးပြုသူများသို့ တိုက်ရိုက်ထိတွေ့နိုင်ပြီး လူငယ် မဲဆန္ဒရှင်များအကြား အသုံးပြုမှုများပြားသည်။ ယေဘုယျအားဖြင့် အင်စတာဂရမ်ပေါ်တွင် နိုင်ငံရေးသမားများ သည် ၎င်းတို့၏ ပေါ်လစီများ၊ နိုင်ငံသားများနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းများ သို့မဟုတ် မဲဆန္ဒရှင်များအား စည်းရုံးလှုံ့ဆော်ခြင်းများကို တင်ပြကြသည်ထက် ၎င်းတို့၏ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်ပတ်သက်သည့် ပုံရိပ်ကောင်းများကို မြှင့်တင်နိုင်ရန်သာ ဦးတည်အသုံးပြုကြသည်။  

၎င်းတို့သည် မိသားစုပုံများကို ဖေ့ဘွတ်ပေါ်မှာထက် အင်စတာဂရမ်ပေါ်တွင် ပိုမိုတင်ပြလေ့ရှိကြသည်။ နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို အင်စတာဂရမ်တွင် တင်ပြကြသည့်အခါ ထိုအကြောင်းအရာများကို တကိုယ်ရေအသုံးပြုသည့်အနေအထားဖြင့်သာ (private settings) မကြာခဏ တင်ပြလေ့ရှိကြသည်။ ၎င်းလေ့လာမှုအရ ဗဟိုနှင့်လက်ယာယိမ်းနိုင်ငံရေးပါတီဝင် နိုင်ငံရေးသမားများသည် နိုင်ငံ‌ရေးနှင့်မသက်ဆိုင် သော အကြောင်းအရာများကို အင်စတာဂရမ်၌ ပိုမိုတင်ပြလေ့ရှိကြပြီး၊ ဗဟိုလက်ဝဲနှင့် လက်ဝဲနိုင်ငံရေးပါတီများ ရှိ နိုင်ငံ‌ရေးသမားများက နိုင်ငံရေးအကြောင်းအရာများကို ပိုမိုတင်ပြလေ့ရှိကြသည်။[1]

အင်စတာဂရမ်က အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်မည့်နည်းလမ်းများကို ပေးထားသော်လည်း နိုင်ငံရေး သမားများသည် အင်စတာဂရမ်မှတဆင့် ဆွေးနွေးပြောဆိုမှုများတွင် ယေဘုယျအားဖြင့် ပါဝင်လေ့မရှိကြပါ။ အခြားလေ့လာမှုတခုအရ လူငယ်အင်စတာဂရမ်အသုံးပြုသူများသည် နိုင်ငံရေးသမားများထံမှ ပုဂ္ဂိုလ်ရေး ရာများနှင့် နှစ်ဦးကြားပြောဆိုဆက်ဆံမှုများ(two-communication)ကိုသာ မျှော်လင့်လေ့ရှိကြသည်။[2]     

မြန်မာနိုင်ငံတွင် အင်စတာဂရမ်အသုံးပြုမှု

အင်စတဂရမ်သည် မြန်မနိုင်ငံရှိ ထင်ရှားကျော်ကြားသူများ၊ အမျိုးသမီးများနှင့် လူငယ်များ အကြား တွင် ရေပန်းစားသော လူမှုမီဒီယာတစ်ခုဖြစ်သည်။ ၂၀၂၃ခုနှစ်တွင် မြန်မာနိုင်ငံ၌ အင်စတာဂရမ်အသုံးပြုသူဦးရေ ၁.၇ သန်းကျော် ရှိလာသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အစိုးရသည် ဖေ့ဘွတ် (Facebook) ကို ပိတ်ဆို့ လာခဲ့ပြီး၊ အင်တာနက်ဆိုင်ရာဖိနှိပ်မှုများကို တိုးချဲ့လုပ်ဆောင်လာခဲ့သည်။ ဆက်သွယ်ရေးကွန်ယက်များနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများကို တွီတား/ အက်စ် (Twitter/X) နှင့် အင်စတာဂရမ်တို့ကို အသုံးမပြုနိုင် စေရေး ပိတ်ထားရန် အမိန့်ပေးစေခိုင်းခဲ့ပါသည်။[3]

အင်စတာဂရမ်အသုံးပြုမှုနှင့် စစ်အစိုးရအားဆန့်ကျင်သည့် အကြောင်းအရာများတင်ပြခြင်းသည် ဆက်သွယ် ရေးဥပဒေပါ ပုဒ်မ ၆၆ နှင့် ညှိစွန်းနိုင်သော်လည်း မြန်မာနိုင်ငံရှိ ပြည်သူတို့သည် ၎င်းတို့၏ ပျော်ရွှင် ဖွယ်အခိုက်အတန့်များနှင့်ပတ်သက်သော ဗွီဒီယိုများ၊ ဓာတ်ပုံများကို တင်ပြရန် အင်စတာဂရမ်ကို အဓိက သုံးစွဲနေ ကြဆဲဖြစ်ပါသည်။

နည်းပညာဆိုင်ရာဖန်တီးမှုများလုပ်ကိုင်နေသော ဖန်တီးရာ[4] (Phandeeyar) ဆိုသည့် အဖွဲ့တစ်ခုက လေ့ လာသည့် လေ့လာမှုတစ်ခု အရ အင်စတာဂရမ်ကို ၎င်း၏ ကျော်ကြားသူ သို့မဟုတ် “ဆယ်လီ” အကြောင်း အရာအများကြောင့် မြန်မာနိုင်ငံမှာထက် အခြားသော အရှေ့တောင်အာရှနိုင်ငံများတွင် ပိုမိုလူကြိုက်များ ကြသည်။ အဆိုပါလေ့လာမှုတွင် မြန်မာနိုင်ငံမှ လူငယ်များသည် “ဆယ်လီ” အသုံးပြုသူများကို စိတ်ပျက်နေ ကြကြောင်း မကြာခဏတွေ့ရသည်။ စည်းစိမ်ချမ်းသားများ၊ သောက်စားမှုများနှင့် အနောက်တိုင်းဝတ်စုံများကို ကြွားကြွားဝါဝါထုတ်ဖော်ပြသမှုများက ၎င်းတို့အပေါ် ဆိုးဝါးသည့်လွှမ်းမိုးမှုများရှိသည်ဟု ထိုလူငယ်များက ထုတ်ဖော်ပြောဆိုကြသည်။ ၎င်းတို့အဆိုအရ အဆိုပါပုံရိမ်များကို  ကြည့်ခြင်းအားဖြင့် လူငယ်များ၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေနိုင်ပါသည်။ Save the Children အဖွဲ့၏ လေ့လာမှုတွင်လည်း
“ဆယ်လီ”အသုံးပြုသူများသည် မြန်မာတို့၏ ဂုဏ်သိက္ခာကို နိမ့်ပါးစေသလို၊ အမျိုးသမီးများအပေါ် မလျော်မကန်ပြုကျင့်မှုများကိုလည်း အားပေးရာရောက်သည်ဟု အချို့သောလူငယ်များက ပြောဆိုကြသည်။ နှိုင်းယှဉ်ခြင်းအားဖြင့် အချို့သောလူငယ်များသည် လူမှုမီဒီယာများက ၎င်းတို့ကို ပေးသော ဖက်ရှင်နှင့် ‌ပေါ့ယဉ်ကျေးမှုတို့ကို ပိုမိုကျယ်ပြန့်စွာ
ထိတွေ့လိုကြပါသည်။[5] စစ်အစိုးရနှင့်ဆက်စပ်မှုရှိသော အချို့သော ထင်ရှားကျော်ကြားသူများကို ဖေ့ဘွတ် (Facebook) က ပိတ်ပင်ထားခဲ့ပြီးဖြစ်သော်လည်း အင်စတာဂရမ်ပေါ် တွင်တော့ ၎င်းတို့ရှိနေဆဲပင်ဖြစ်ပါသည်။   

အင်စတာဂရမ် တက်ကြွမှု

အင်စတာဂရမ်သည် ဒစ်ဂျစ်တယ်တက်ကြွမှုနှင့်ပတ်သက်၍ အင်စတာဂရမ်းအသုံးပြုခြင်းအား ကန့်သတ်သည့် အနေဖြင့် ပြန်လည်မျှဝေခြင်း (Share) သို့မဟုတ် ပြန်လည်တင်ပြခြင်း (Reposts)နှင့်ပတ်သက်၍ အနည်းငယ်သောလုပ်ဆောင် ချက်များ( Features)ကိုသာ ခွင့်ပြုထားပါသည်။ သို့သော်လည်း ဟောင်ကောင်တွင် မကြာသေးမီကလေ့လာခဲ့သော လေ့လာမှုတစ်ခုအရ နိုင်ငံရေးတက်ကြွသည့် အင်စတာဂရမ်အသုံးပြုသူများ သည် အင်စတာဂရမ်ပေါ်တွင် ၎င်းတို့၏တက်ကြွမှုကိုလည်း မျှဝေလေ့ရှိကြသည်။ လူမှုရေးဆိုင်ရာဆန္ဒထုတ် ဖော်ပြသမှုများတွင် ပါဝင်ကြသူများသည် ဆန္ဒထုတ်ဖော်ပြသမှုနှင့်ပတ်သက်သော အကြောင်းအရာများကို တင်ပြရန် စိတ်အားထက်သန်ကြသည်။ ထို့ပြင် ဆန္ဒထုတ်ဖော်ပြသမှုများနှင့်ဆက်စပ်သော များစွာသော သင်္ကေတများကိုလည်း အသုံးပြုလေ့ရှိကြသည်။ ဤနည်းအားဖြင့်လည်း ၎င်းတို့၏ ဆန္ဒပြမှုများနှင့်ပတ်သက် သော ကွန်ယက်ချိတ်ဆက်အသိပေးဖြန့်ဝေမှုကို တိုးမြှင့်ရန် အင်စတာဂရမ်ကို အသုံးပြု‌လေ့ရှိကြသည်။[6]  

အင်စတာဂရမ်တက်ကြွမှုနှင့်ပတ်သက်သော အခြားသော ဖြစ်နေကြပုံစံတခုမှာ hashtags များကို အသုံးပြုလေ့ရှိကြပြီး၊ တွီတာ/အက်စ် (Twitter/X) ပေါ်တွင် ပိုမိုခေတ်စားပါသည်။ Hashtags များကို တန်းတူညီမျှမှု (equality)မှ လူ့အခွင့်အရေးများ(human rights)အထိ လူမှုရေးဆိုင်ရာအကြောင်းအရာများကို စိတ်ဝင်စားကြစေရန် အသုံးပြုလေ့ရှိကြသည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သော အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရန် အင်စတာဂရမ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါသည်။[7]   

နိုင်ငံရေးတွင် အင်စတာဂရမ်အသုံးပြုခြင်း၏ အန္တရာယ်များ

နိုင်ငံရေးတွင် အင်စတာဂရမ်အသုံးပြုခြင်း၏ အန္တရာယ်တစ်ခုမှာ နိုင်ငံရေးဆိုသည်မှာ အင်စတာဂရမ် အသုံးပြုသူများအဖို့ စိတ်ဝင်စားဖွယ်ရာမဟုတ်သည့်အချက်ဖြစ်သည်။ မစ္စဆိုရီကိုလံဘီယာတက္ကသိုလ် (University of Missouri-Columbia) ၏ လေ့လာမှုတစ်ခု၏ အဆိုအရ အင်စတာဂရမ်အသုံးပြုသူ အများစုသည် လူမှုရေးသတင်းများနှင့် ဖျော်ဖြေမှုများအတွက် အင်စတာဂရမ်ကို အသုံးပြုလေ့ရှိကြပြီး၊ နိုင်ငံရေး ဆိုင်ရာ သို့မဟုတ် အငြင်းပွားဖွယ်ရာပုံရိမ်များနှင့်ပတ်သက်၍ ထိတွေ့လိုမှုအားနည်းကြသည်ကို တွေ့ရပါသည်။

အချို့သောအင်စတာဂရမ်အသုံးပြုသူများက ဝမ်းနည်းဖွယ်အဖြစ်အပျက်တခုခုနှင့်ပတ်သက်သော ပုံရိပ်တစ်ခုခုကို နှစ်သက်မှုပေး“liking” ကြသည်နှင့်ပတ်သက်၍ ဆိုးရွားသည့်ခံစားမှုရကြောင်း ပြောဆိုကြ သလို၊ အချို့သောသူများက အရေးပါသောသတင်းများတွေ့သည့်အခါ ၎င်းတို့၏ သတင်းရင်းမြစ်ရှိရာဆီသို့ ဝင်ရောက်ရှာဖွေလေ့ရှိကြောင်း ပြောကြသည်။ များစွာသော အင်စတာဂရမ်အသုံးပြုသူများက အင်စတာဂရမ် ကို နေ့စဉ်ဘဝတွင် ရင်ဆိုင်ကြုံတွေ့ကြရသော ဒုက္ခများနှင့် စိုးရိမ်မှုများမှ လွတ်မြောက်ရာနေရာတစ်ခုအဖြစ် ရှုမြင်ကြသည်ဟု စာရေးဆရာ တီဂျေသွမ်ဆင်၏ ပြောဆိုမှုကို Science Daily သတင်းစာတွင် ဖော်ပြဖူးပါသည်။[8]  

အင်စတာဂရမ်တွင် ရုပ်ပုံအတုများနှင့် ဗွီဒီယိုဖိုင်အတုများကို ဉာဏ်ရည်တုနည်းပညာအသုံးပြုဖန်တီး ထုတ်လုပ်၍ သတင်းတု၊ သတင်းမှားများ ပြန့်နှံ့စေရန်ရည်ရွယ်အသုံးပြုလာကြမှုနှင့်ပတ်သက်၍လည်း စိုးရိမ်မှု များ တိုးပွားလာနေပါသည်။[9]  သို့သော်လည်း အင်စတာဂရမ်သည် ဖေ့ဘွတ် (Facebook)နှင့် တွီတာ/အက်စ် (Twitter/X) ကဲ့သို့သော အခြား လူမှုမီဒီယာများကဲ့သို့မဟုတ်ဘဲ အမုန်းစကားများ၊ သတင်းမှားများနှင့်ပတ်သက် ၍ အငြင်းပွားမှု နည်းပါးပါသည်။ The Guardian သတင်းစားကြီးက အင်တာဗျူးထားသော ဗြိတိသျှနိုင်ငံရေး သမားများ၏ ပြောကြားချက်အရ အင်စတာဂရမ်သည် အင်တာနက်ပေါ်တွင် အလွယ်တကူ လျှင်လျှင် မြန်မြန် ပြန့်နှံ့လွယ်သော ပုံ၊ ဗွီဒီယိုနှင့် သတင်း အချက်အလက်များဖြင့် ပုံဖော်ထားသည့် အမုန်းတရားများကို ပိုမိုကောင်း မွန်စွာ ကာကွယ်နိုင်သည့်သဘောရှိပါသည်။ တွီတာ/အက်စ် ကဲ့သို့ ပုံများကို ဖြန့်ဝေနိုင်သော လူမှုမီဒီယာတစ်ခု ပေါ်၌ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်များကို အနှောက်အယှက်ပေးရန် စိတ်အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာများ(Trolls)ကို ပိုမိုပြုလုပ်၍ သတင်းသမားများက ၎င်းတို့အား ပိုမိုသတိထားသိရှိလာနိုင်ပြီး၊ ၎င်တို့ အားဂရုပြုလာလေ့ရှိပါသည်။

အစွန်းရောက်သူများသည် အဆိတ်အတောက်ဖြစ်စေသည့်အတွေးအမြင်များကို ဖလှယ်ကြရန် ၎င်းတို့ ချည်းသီးသန့်ရှိစေမည့် ဖေ့ဘွတ်အသိုင်းအဝိုင်းငယ်များ (Facebook groups)အတွင်း စည်းရုံးရသည်ကို ပိုမို သဘောတွေ့ကြသည်။ အင်စတာဂရမ်တွင်မူ အခြားသူတစ်ဦးဦး၏ တင်ပြချက်များ(Posts)ကို ပြန်လည်မျှဝေ နိုင်သော လုပ်ဆောင်ချက် (Feature) မပါရှိသည့်အတွက် အဆိုပါတင်ပြချက်အား ပယ်ချရန် သို့မဟုတ် တိုက်ခိုက် ရန် မိမိပရိတ်သတ်များ (followers)အား  လှုံ့ဆော်နိုင်ဖို့ ပိုမိုခက်ခဲပါသည်။ သို့သော်လည်း အခြားသူများ၏ တင်ပြချက်များ (Posts) ကို မှန်သားပြင်ဓာတ်ပုံ (screenshots)များ ရိုက်၍ ပြန်လည်မျှဝေနိုင်သော်လည်း ပရိတ်သတ်အဖြစ်လည်းကောင်း၊ ကြိုက်နှစ်သက်သူအဖြစ်လည်းကောင်း ရွေးချယ်ထားသူများ (follow and like)သာ ဤပြန်လည်မျှဝေထားမှုများကို အဓိကအားဖြင့်တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အင်စတာဂရမ်ပေါ် တွင် အနိုင်အထက်ပြုကျင့်မှုများကို လျှော့ချနိုင်ပါသည်။[10]

အင်စတာဂရမ်၏ မူဝါဒများ

အင်စတာဂရမ်သည် ပွင့်လင်းမြင်သာမှု၊ မှန်ကန်တိကျမှုနှင့် အသုံးပြုသူအကာအကွယ်ပေးမှုတို့ကို သေချာခိုင်မာစေရန်အတွက် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများ၊ ပုဂ္ဂိုလ်ရေးရာများနှင့်ပတ်သက်သော မူဝါဒအချို့ကို ချမှတ်ထားပါသည်။ အင်စတာဂရမ်တွင် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများအားလုံးကို နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများဖြစ်ကြောင်း ခွဲခြားပြရန်လိုအပ်ပါသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်သည့်အချက်အလက်များဖြစ်သော ဘယ်သူကကြော်ငြာခပေး၍ ဘယ်လောက်ကုန်ကျ သည်ဆိုသည် ကို အသုံးပြုသူများအား ကြော်ြငာအခန်းတစ်ခုဖွင့်၍ ကြည့်ရှု့ခွင့်ပြုထားပါသည်။ အင်စတာဂရမ်က သတင်းတု၊ သတင်းမှားများပြန့်နှံ့မှုကို လျှော့ချရန် ပိုင်းဖြတ်ထားကြောင်းလည်း ထုတ်ဖော်ပြောဆိုထားပါသည်။

 

Facebook ကုမ္ပဏီတဖြစ်လဲ မီတာ(Meta) ကုမ္ပဏီသည် သတင်းတု၊ သတင်းမှားများပါရှိနိုင်သော တင်ပြချက် များ(posts)နှင့် အကောင့်များ (accounts)ကို ခွဲခြားသိနိုင်ရန် အသုံးပြုသူများထံမှ တုန့်ပြန်မှတ်ချက်ပြုမှုကိုလည်း ကောင်းနှင့် နည်းပညာကိုလည်းကောင်း နှစ်ခုလုံး အသုံးပြုပါသည်။ မီတာကုမ္ပဏီသည် သတင်းတု၊ သတင်းမှား များကို ခွဲခြားနိုင်ရန်၊ ပြန်လည်သုံးသပ်နိုင်ရန်နှင့် သတ်မှတ်နိုင်ရန်အတွက် ဘာသာစကား(၆၀)ကျော်ဖြင့် ရေးသား ဖော်ပြကြသောအကြောင်းအရာများကို ပြန်လည်သုံးသပ်ရသော၊  ဘက်မလိုက်သည့်နိုင်ငံတကာသတင်းအချက် အလက်စစ်ဆေးရေးကွန်ယက်မှတဆင့် အသိအမှတ်ပြုထားသော သတင်းအချက်အလက်စိစစ်သူများနှင့်လည်း အလုပ်လုပ်နေပါသည်။

ပုဂ္ဂိုလ်ရေးရာများနှင့်ပတ်သက်၍မူ အသုံးပြုသူများအား မိမိနှင့်ပတ်သက်သောအချက်အလက်များကို ပိုမိုထိန်း ချုပ်နိုင်ရန် ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာအစီအမံများ (privacy settings)၊ ကြော်ငြာမှုဆိုင်ရာစိတ်ကြိုက်ရွေး ချယ်နိုင်မှုများ (ad preferences) နှင့် မိမိအချက်အလက်များအားရယူသိမ်းဆည်းနိုင်မှုများ (data download) ကဲ့သို့ မိမိကိုယ်တိုင်ထိန်းသိမ်းရမည့် ကိရိယာများ(Tools)ကိုလည်း မီတာကုမ္ပဏီက ပေးအပ်ထားပါသည်။

 

 

[1] Bast, Jennifer (2021). Politicians, Parties, and Government Representatives on Instagram: A Review of Research Approaches, Usage Patterns, and Effects. Review of Communication Research9

[2] John H. Parmelee, Stephynie C. Perkins & Berrin Beasley (2022) Personalization of politicians on Instagram: what Generation Z wants to see in political posts, Information, Communication & Society, DOI: 10.1080/1369118X.2022.2027500

 

[3] CNN: Myanmar blocks Twitter and Instagram, https://edition.cnn.com/2021/02/05/tech/myanmar-blocks-twitter-instagram/index.html

[4] Oo, T. S., & Thant, Y. M. (2019). Exploring digital and mobile cultures in Myanmar 2019, https://www.digitalculturesmm.com/

[5] Save the Children: Impact of Social Media on Youth Living in Conflict-Affected Regions of Myanmar: A Report by Save the Children and The University of Sydney, https://www.savethechildren.es/sites/default/files/imce/docs/mobile_myanmar_report_short_final.pdf

[6] Ehsan-Ul Haq, Tristan Braud, Yui-Pan Yau, Lik-Hang Lee, Franziska B. Keller, and Pan Hui. 2022. Screenshots, Symbols, and Personal Thoughts: The Role of Instagram for Social Activism. In Proceedings of the ACM Web Conference 2022 (WWW '22). Association for Computing Machinery, New York, NY, USA, 3728–3739. https://doi.org/10.1145/3485447.3512268

[7] A Priadana and S P Tahalea 2021, Hashtag activism and message frames: social network analysis of Instagram during the COVID-19 pandemic outbreak in Indonesia, J. Phys.: Conf. Ser. 1836 012031, DOI 10.1088/1742-6596/1836/1/012031

[8] Science Daily: Instagram users less likely to engage with political or controversial images, https://www.sciencedaily.com/releases/2018/02/180201123207.htm

[9] The New York Times: The People Onscreen Are Fake. The Disinformation Is Real, https://www.nytimes.com/2023/02/07/technology/artificial-intelligence-training-deepfake.html

[10] The Guardian: How Instagram became the politicians’ playground, https://www.theguardian.com/technology/2019/mar/10/how-instagram-became-the-politicians-playground