ကမ္ဘာ့ကုလသမဂ္ဂ၏ အဆိုအရ အမုန်းစကားဟူသည် “ဘာသာအယူဝါဒ၊ လူမျိုးဖြစ်တည်မှု၊ နိုင်ငံသားဖြစ်တည်မှု၊ လူမျိုးနွယ်စုဝင်ဖြစ်မှု၊ အသားအရောင်၊ မျိုးရိုးဖြစ်တည်မှု၊ လိင်ကွဲပြားမှု၊ သို့မဟုတ် အခြားထင်ရှားပေါ်လွင်သည့် အမှတ်လက္ခဏာအပေါ်မူတည်၍ လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လူအုပ်စုတစ်စုစုအား ကဲ့ရဲ့စကား သို့မဟုတ် ခွဲခြားဆက်ဆံသည့်စကားကို စာဖြင့်ရေးသား၍ဖြစ်စေ သို့မဟုတ် အမူအရာဖြင့်ဖြစ်စေ အသုံးပြုပြောဆိုသော သို့မဟုတ် တိုက်ခိုက်ပြောဆိုသော ဆက်သွယ်ပြောဆိုမှုတမျိုးမျိုး”ကို ဆိုပါသည်။[1] အမုန်းစကားသည် ပြောဆိုတိုက်ခိုက်ခံရသူအား ဆန့်ကျင်၍ အကြမ်းဖက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို ဖြစ်စေပါသည်။
ဥပဒေမူဘောင်များသည် အမုန်းစကားကို တိုက်ဖျက်ရာတွင် အရေးကြီးအခန်းကဏ္ဍတွင် ရှိနိုင်ပါသည်။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်နှင့် ယူကေကဲ့သို့သော နိုင်ငံများသည် အမုန်းစကားကို ဆန့်ကျင်ရန် ဥပဒေများ ပြဋ္ဌာန်းထားရှိကြပြီးဖြစ်ပါသည်။ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် စင်ကာပူ နိုင်ငံများသည် လူမှုရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးဆိုင်ရာသဟဇာတဖြစ်မှုကို ဖော်ဆောင်နိုင်ရေးအတွက် သဟဇာတဖြစ်စေရန် ရည်ရွယ်၍ ဥပဒေကြမ်းများကို ပြင်ဆင်ထားကြပြီးဖြစ်ပါသည်။ အခြားသောနိုင်ငံများသည်လည်း အမုန်းစကားနှင့် ပတ်သက်၍ အသရေဖျက်မှု၊ တရားမဲ့ခြိမ်းခြောက်မှု သို့မဟုတ် အကြမ်းဖက်အားပေးမှုများအဖြစ် တည်ဆဲဥပဒေ များတွင် ထည့်သွင်းပြဋ္ဌာန်းထားကြပါသည်။
သို့သော် ဥပဒေကိုလည်း မူလရေးဆွဲစဉ်ကတည်းက အသုံးပြုရန် သို့မဟုတ် ပြည်သူ့အကြား အသုံးပြုရန် ရည်ရွယ်ချက်မရှိ ဖြစ်နိုင်ပါသည်။ ဥရောပနိုင်ငံအများစုတွင် လူမှုရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ က တရားမျှတသောအကြောင်းခြင်းရာများအတွက် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုကြသည့်အခါ ၎င်းတို့သည် အမုန်းစကားကြောင့် တရားစွဲဆိုခံကြရပြီး၊ ပြစ်ဒဏ်များ ပေးခံကြရသည်။[2] ကင်ညာနှင့် ရဝန်ဒါ ကဲ့သို့ သောနိုင်ငံများတွင် အမုန်းစကားဆိုင်ရာဥပဒေများကို အစိုးရအားဝေဖန်ကြသော အတိုက်အခံ နိုင်ငံရေးသမား များအား ပြစ်ဒဏ်ပေးနိုင်ရန်အတွက် အသုံးပြုခဲ့ကြသည်။[3]
မြန်မာနိုင်ငံတွင် ၂၀၂၂ခုနှစ်အထိ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မအသစ်များနှင့် ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းပါရှိသော ၅၀၅(က)အား အသုံးပြု၍ စစ်အစိုးရအားဆန့်ကျင်ပြောဆိုသူများကို ဖမ်းဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် အသုံးပြု လေ့ရှိသည်။ အဆိုပါဆက်သွယ်ရေးဥပဒေတွင် “လူပုဂ္ဂိုလ်တစ်ဦးဦးအား ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” များအတွက် ရာဇဝတ်ပြစ်ဒဏ်များ ပြဋ္ဌာန်းထားရှိသည်။ အဆိုပါပြဋ္ဌာန်းချက်သည် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အင်တာနက်ပေါ်တွင် ဝေဖန်ရေးအမြင်ဖော်ထုတ်ကြသူများအား ပစ်မှတ်ထားရန် အစိုးရအာဏာပိုင်များက အသုံးပြုသည့်လက်နက်များအနက်တစ်ခု ဖြစ်ခဲ့ပါသည်။ ဝေဖန်သံများကို နှိပ်ကွပ်ရန် အကြောင်းပြချက်တစ်ခုအဖြစ် အမုန်းစကားကို အသုံးပြုကြပါသည်။
နိုင်ငံရေးနှင့် အမုန်းစကား
နိုင်ငံရေးသမားများသည် ၎င်းတို့အား အခိုင်အမာထောက်ခံမှုရရှိရန်အတွက် ခွဲခြားမှုရှိသော ဘာသာစကားကို အသုံးပြုလေ့ရှိကြသောကြောင့် နိုင်ငံရေးနယ်ပယ်သည် အမုန်းစကားပေါ်ပေါက်လာစေနိုင်သည့် ရေခံမြေခံဖြစ် နိုင်ပါသည်။ အမုန်းတရားများပါရှိသော သတင်းစကားများသည် သတင်းတုများ၊ ဝါဒဖြန့်စကားများနှင့် အမြဲလိုလိုဆက်စပ်လေ့ရှိပြီး၊ ၎င်းတို့သည် စိတ်ခံစားမှုများကို နှိုးဆွနိုင်သောကြောင့် အလျင်အမြန် ပြန့်နှံ့တတ် ပါသည်။
အောက်စဖို့တက္ကသိုလ်မှ ဒဿနိကဗေဒပါမောက္ခဖြစ်သူ Seumas Miller ၏ အဆိုအရ နိုင်ငံရေးအရ လှုံ့ဆော်သော အမုန်းစကားသည် ပစ်မှတ်အုပ်စုတစ်စုအားဆန့်ကျင်စေသောအမုန်းတရားကို ဖြစ်ပွားစေပြီး နိုင်ငံရေးရည်ရွယ်ချက်တစ်ခုခုကို အကျိုးပြုနိုင်ရန် လုပ်ဆောင်ပေးပါသည်။ ဥပမာအားဖြင့် လက်ယာနိုင်ငံရေး သမားတစ်ဦးသည် လူမျိုးစုငယ်တစ်စုတွင် ပါဝင်ကြသော ရွှေ့ပြောင်းနေထိုင်သူများအပေါ် မကောင်းပြောဆိုခြင်း ဖြင့် ရွေးကောက်ခံရစေရန် နည်းလမ်းရှာနိုင်ပါသည်။ နိုင်ငံရေးအရ လှုံ့ဆော်သောအမုန်းစကားတို့သည် မကြာခဏဆိုသလို အရိုင်းအစိုင်းစကားများ ဖြစ်တတ်ပြီး၊ ပစ်မှတ်ထားအုပ်စုအား ဆန့်ကျင်သောအမုန်းတရားကို သိသာထင်ရှားစွာ ပေါ်ပေါက်စေပါသည်။
နိုင်ငံရေးအရလှုံ့ဆော်သောအမုန်းစကားသည် တိုက်ခိုက်ခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် အုပ်စုများအား အန္တရာယ်ရှိစေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါအမုန်းစကားသည် အမှားဖြစ်နေနိုင်သောကြောင့် ဖြစ်ပါသည်။ အမုန်းစကားသည် လူအဖွဲ့အစည်းတို့တွင် အမုန်းတရားမျိုးစေ့များ ဖြစ်စေနိုင်သောကြောင့် အန္တရာယ်ရှိသောအရာဖြစ်ပါသည်။
နိုင်ငံရေးခံယူချက်အရ ဆက်သွယ်ပြောဆိုရာတွင် အမုန်းစကားကို နိုင်ငံရေးဆိုင်ရာဝါဒဖြန့်ချိရေး အစိတ်အပိုင်း တစ်ခုဖြစ် အသုံးပြုလေ့ရှိကြသည်ဟု ပါမောက္ခ Miller က ဆိုပါသည်။ ခေတ်သစ်ဝါဒဖြန့်ချိရေး စကားများသည် အမှားများ၊ အမှန်တဝက်-အမှားတဝက်အကြောင်းအရာများနှင့် အမုန်းစကားများကို အခြေခံလေ့ရှိကြသည်။
အခါအားလျော်စွာ နိုင်ငံရေးသမားများသည် အမုန်းစကား၏ သားကောင်ဖြစ်နိုင်သလို ကျူးလွန်သူ လည်းဖြစ် နိုင်ပါသည်။ နိုင်ငံရေးသမားများ၏ အမုန်းစကားနှင့် စိတ်နှိုးဆွပေးသည့်မှတ်ချက်များသည် အမေရိကမှ အီသီယိုးပီးယားအထိ နိုင်ငံများစွာတွင် နိုင်ငံရေးဆိုင်ရာအကြမ်းဖက်မှုများနှင့် ပြည်တွင်းအကြမ်းဖက်မှုများအထိ ဖြစ်ပေါ်စေခဲ့ပါသည်။ သုတေသနပြုလေ့လာချက်အရ နိုင်ငံရေးသမားများက အသုံးပြုသော အမုန်းစကားသည် နိုင်ငံရေးဆိုင်ရာကွဲပြားမှုများကို နက်ရှိုင်းစွာဖြစ် ပေါ်စေပြီး၊ အကျိုးဆက်အနေဖြင့် ပြည်တွင်းအကြမ်းဖက်မှုများ တိုးပွားလာစေမည့် အခြေအနေများကို ဖန်တီးမွေးထုတ်ပေးပါသည်။[4]
အမုန်းစကားသည် အစစ်အမှန်ကမ္ဘာကို အန္တရာယ်ကျရောက်စေနိုင်ပါသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ပိုပေါ့၏ ခမာနီလှုပ်ရှားမှုသည် ပြင်းထန်သောဝါဒဖြန့်ချိရေး လှုပ်ရှားမှုများမှတဆင့် ကျေးလက်နေပြည်သူများကို စည်းရုံး၍ အာဏာရယူနိုင်ခဲ့သည်။ အမုန်းတရားပါသောဟောပြောမှုသည် ပညာတတ်များ၊ ဆန့်ကျင့်သူများနှင့် မြို့ပြနေထိုင်သူများကိုသာမက ကမ္ဘောဒီးယားရှိ လူမျိုးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း လူနည်းစုများကိုလည်း ကမ္ဘောဒီယားပြည်သူ၏ ရန်သူများအဖြစ် စနစ်တကျပုံဖော်ခဲ့ပါသည်။ ၁၉၇၅ခုနှစ်မှ ၁၉၇၉ခုနှစ်အတွင်း ခမာနီအစိုးရလက်အောက်တွင် ကမ္ဘောဒီးယားပြည်သူ ၁.၅ သန်းမှ ၂ သန်းအထိ သေကျေခဲ့ရ သည်။
လူမှုမီဒီယာနှင့် အမုန်းစကား (Social media and hate speech)
ကမ္ဘာပေါ်တွင် လူမှုမီဒီယာသည် အမုန်းစကားအတွက် အဓိကအခြေတည်ရာနေရာတစ်ခုဖြစ်သည်။ လူမှုမီဒီယာကုမ္ပဏီများအား အမုန်းတရားအခြေခံအကြောင်းအရာများကို ပိုမိုကောင်းမွန်သောထိန်းညှိမှုများ ပြုလုပ်စေရန် တိုက်တွန်းနှိုးဆော်မှုများ ဆက်တိုက်ပြုလုပ်လာကြသည်။ အမုန်းစကားကို ထိန်းညှိရန်အတွက် ကုမ္ပဏီများက အချို့သောလုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြသော်လည်း အကန့်အသတ်ဖြင့်သာ ရှိနေသေးသလို၊ ကမ္ဘာလုံးအတိုင်းအတာအရလည်း မညီမျှမှုများ ရှိနေပါ သေးသည်[5]။
အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် သို့မဟုတ် စပိန်စကားများကဲ့သို့ ဥရောပတွင် ကျယ်ကျယ်ပြန့်ပြန့်မပြောဆို ကြသော ဘာသာစကားများကို ပြောဆိုကြသည့် နိုင်ငံများစွာတွင် ဖေ့ဘွတ် သို့မဟုတ် တယ်လီဂရမ် ကဲ့သို့ လူမှုမီဒီယာများသည် အမုန်းစကားများ၊ သတင်းမှားများ နှင့် အခြားသောအန္တရာယ်ဖြစ်စေသော အကြောင်းအရာများကို ထိန်းသိမ်းနိုင်ရန် အခက်အခဲများစွာ ရှိနေကြပါသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရထောက်ခံသူများရော၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများပါ အမုန်းစကားကို လူမှုမီဒီယာအမျိုးမျိုးတွင် ဆိုးဆိုးဝါးဝါး ပြောဆိုနေကြပြီး၊ လူမှုမီဒီယာများဖြစ်သော ဖေ့ဘွတ်နှင့် တယ်လီဂရမ် တို့ကို အဓိကအသုံးပြုကြသည်။[6][7]သိုသော် မြန်မာနိုင်ငံတွင် တွတ်တာ/အက်စ် (Twitter/X) ကဲ့သို့ လူမှုမီဒီယာ ကို အသုံးပြု၍လည်း စနစ်တကျဖန်တီထားသောအမုန်းစကားလှုံ့ဆော်ခြင်းများကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် ဖေ့ဘွတ်နှင့် တယ်လီဂရမ်တို့သည် လူမျိုးရေးဆိုင်ရာစော်ကားပြောဆိုခြင်းနှင့် ရန်ပြုရန် ရည်ရွယ်သောစော်ကားပြောဆိုခြင်းများကို ထိန်းသိမ်းရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဖေ့ဘွတ် တွင် မြန်မာစကားသုံးပြောဆိုကြသည့်အကြောင်းအရာများကို ထိန်းညှိပေးနိုင်သူ အလုံအလောက်မရှိ ဖြစ်နေပါသည်။ အသုံးပြုသူအများစုသည် တားမြစ်ထားသည့်စကားလုံးအချို့ကို ရှောင်ရှား၍ ထိုစကားလုံးများအစား ဗန်းစကားများဖြင့် အစားထိုးအသုံးပြုနေကြသည်။ ထို့ကြောင့် အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာအများ အပြားကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပါချေ။
ဥပမာအနေဖြင့် ဖော်ပြရမည်ဆိုလျှင် အီသီယိုးပီယားနိုင်ငံတွင် အွန်လိုင်းကွန်ယက်များတွင် ပါဝင်၍ အမုန်းစကား အကြောင်းအရာများကို ဖွင့်ချဖော်ထုတ်ခြင်းတို့သည် အန္တရာယ်ရှိသောအမြင်များကို ဆုတ်ကိုင်ထားသူများ အကြား လက်တွေ့အကြမ်းဖက်မှုများအထိ ဦးတည်စေနိုင်သည်။ အွန်လိုင်းကွန်ယက်များသည် ပူးပေါင်းကြံစည် သောအကြမ်းဖက်လုပ်ရပ်များအတွက် အဓိကနေရာများ ဖြစ်လာနိုင်ပါသည်။[8] ကမ္ဘာ့ကုလသမဂ္ဂ ၏ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းဖော်ထုတ်သူများနှင့် သတင်းဌာနကြီးဖြစ်သော Reuters ၏ စုံစမ်းဖော်ထုတ်ရေး အဖွဲ့တို့၏ ထုတ်ဖော်ပြောဆိုချက်များအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများဖြစ်ပွားစေနိုင်သော အမုန်းစကား များဖြန့်ဝေရာတွင် ဖေ့ဘွတ်ကိုအသုံးပြုခြင်းသည် အဓိကအခန်းကဏ္ဍတွင် ရှိနေခဲ့ပါသည်။[9],[10],[11]
အမျိုးသမီးများသို့ဦးတည်သော အမုန်းတရာများ (More hate towards women)
၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သော သုတေသနလေ့လာချက်အရ အမျိုးသမီးများ သည် ၎င်းတို့၏နိုင်ငံရေးအမြင်များဖော်ထုတ်ရေးကြရာတွင် အစွမ်းထက်သည့်နည်းလမ်းတခုအဖြစ် လူမှုမီဒီယာကို အပြည့်အဝ အသုံးပြုကြသည်။ ကမ္ဘာလုံးအတိုင်းအတာအရလည်းကောင်း၊ မြန်မာနိုင်ငံတွင်လည်းကောင်း အမျိုးသမီးများသည် အမျိုးသားများထက် အမုန်းစကားများကို ပိုမိုရင်ဆိုင်နေကြရသည်။[12]
အဆိုပါလေ့လာချက်တွင် လွဲမှားစွာအသုံးချသောစာအများစု(posts)ကို မြန်မာစစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသော အမျိုးသားလူမှုမီဒီယာအသုံးပြုသူများက အများစုရေးသားတင်ပြခဲ့ကြပြီး၊ အများစုက အာဏာ သိမ်းမှုကို ဆန့်ကျင်သောအမျိုးသမီးများကို ပစ်မှတ်ထားတိုက်ခိုက်ကြပါသည်။ လွဲမှားစွာအသုံးချမှုနှင့်ပတ်သက် သောအဓိကပုံစံသည် ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များကို ဖော်ထုတ်ဖွင့်ချခြင်းဆိုသော ဖွင့်ချခြင်းပုံစံ (Doxxing) ဖြစ်ပါသည်။ ဖြစ်စဉ်အားလုံးလိုလိုတွင် တလွဲအသုံးပြုသူများသည် အမျိုးသမီးများကို ဖမ်းဆီးစေရန် သို့မဟုတ် ၎င်းတို့၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းစေရန် အလိုရှိကြသည်။ တခါတရံတွင် အမုန်းစကားဖြင့် တိုက်ခိုက်ခံရပြီးနောက် ထိုအဖြစ်မျိုး ဖြစ်လာတတ်ပါသည်။
အမျိုးသမီးများအား ဆိတ်ငြိမ်သွားစေရန်နှင့် အရှက်ရစေရန်အတွက် အမျိုးသမီးများကို လိင်မှုဆိုင်ရာ တိုက်ခိုက်ပြောဆိုနည်းများကိုလည်း အသုံးပြုလေ့ရှိကြသည်။ နိုင်ငံရေးအရတက်ကြွသော အမျိုးသမီးများကို ချိုးနှိမ်ရန်အတွက် လိင်မှုဆိုင်ရာသတင်းမှားများကို အသုံးပြုကြသည်။ ထိုသို့ တလွဲအသုံးချခြင်းနှင့် တိုက်ခိုက် ခြင်းများသည် အမျိုးသမီးများအား ဆိတ်ငြိမ်သွားစေနိုင်ပြီး၊ လူမြင်ကွင်းမှ နောက်ပြန်ဆုတ်စေနိုင်သော အကျိုးဆက်ရှိနိုင်ပါသည်။
[1] UN: Understanding hate speech, https://www.un.org/en/hate-speech/understanding-hate-speech/what-is-hate-speech
[2] The Intercept: In Europe, Hate Speech Laws are Often Used to Suppress and Punish Left-Wing Viewpoints, https://theintercept.com/2017/08/29/in-europe-hate-speech-laws-are-often-used-to-suppress-and-punish-left-wing-viewpoints/
[3] Scheffler, Andrea (2015), The Inherent Danger of Hate Speech Legislation, Friedrich Ebert Stiftung, https://library.fes.de/pdf-files/bueros/africa-media/12462.pdf
[4] James A. Piazza (2020) Politician hate speech and domestic terrorism, International Interactions, 46:3, 431-453, DOI: 10.1080/03050629.2020.1739033
[5] Facebook, Telegram, and the Ongoing Struggle Against Online Hate Speech - Carnegie Endowment for International Peace. Accessed 13th September 2023.
[6] Global Witness: Exposing social media platforms’ failures to protect their users, https://www.globalwitness.org/en/blog/exposing-social-media-platforms-failures-to-protect-their-users/
[7] Telegram: the Junta’s Platform for Amplifying Hate Speech in Myanmar (irrawaddy.com). Accessed 10th October 2023
[8] Facebook, Telegram, and the Ongoing Struggle Against Online Hate Speech - Carnegie Endowment for International Peace. Accessed 13th September 23.
[9] https://www.reuters.com/world/asia-pacific/rohingya-refugees-sue-facebook-150-billion-over-myanmar-violence-2021-12-07/
[10] https://www.reuters.com/investigates/special-report/myanmar-facebook-hate#article-hatebook
[11] UN: Hate speech and real harm, https://www.un.org/en/hate-speech/understanding-hate-speech/hate-speech-and-real-harm
[12] Myanmar Witness (2023), Digital Battlegrounds: Politically Motivated Abuse of Myanmar Women Online.