အစိုးရ၏တစ်ခုတည်းသော အခန်းကဏ္ဍသည် အစိုးရသာ ပေးနိုင်သော(အမျိုးသားလုံခြုံရေး(သို့မဟုတ်) လမ်းမီးများကဲ့သို့သော)အခြေခံဝန်ဆောင်မှုများကို ပေးစွမ်းရန်ဖြစ်သည်ဟု လစ်ဘရယ်များ (နှင့်အစွန်းရောက်လစ်ဘရယ်များ) ကယုံ ကြည်ထားသည်။ သာတူညီမျှမှုရှိစေရန် အစိုးရသည် ဓနဥစ္စာကို ပြန်လည်ခွဲဝေပေးသင့်သည်ဟူသောအမြင်အပေါ် လွတ်လပ်သောစျေးကွက်စီးပွားရေးစနစ်ကို ထောက်ခံသူများက ဆန့်ကျင်ကြသည်။ (အခွန်များနှင့် စည်းမျဉ်းဥပဒေများကဲ့သို့) စီးပွား ရေးကန့်သတ်ချက်များသည် အများပြည်သူကို ၎င်းတို့လိုလားသောရည်မှန်းချက်များ ပြည့်မီစေရန် တားဆီးထားပြီး စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအတွက် အလွန်ပင်ထိခိုက်စရာဖြစ်သည်ဟု လွတ်လပ်စျေးကွက်ထောက်ခံသူများက ပြော သည်။
လွတ်လပ်သောစျေးကွက်စီးပွားရေးစနစ်များကြောင့် ပြည်သူတို့ အလုပ်ပိုကြိုးစားလာသည်ဟု လစ်ဘရယ်များက ဆို သည်။ စီးပွားရေး(သို့မဟုတ်) လူ့အဖွဲ့အစည်းကို အစိုးရက ထိန်းချုပ်ရန်မကြိုးစားပါက ပြည်သူလူထုသည် စီးပွားရေး လုပ်ငန်းများ (သို့မဟုတ်) အရပ်ဘက်လူ့အဖွဲ့အစည်းများကို ကိုယ်ထူကိုယ်ထ ထူထောင်လုပ်ကိုင် လာကြလိမ့်မည်ဟု လစ်ဘရယ်တို့က ယုံကြည်ထားသည်။ ကိုယ်ထူကိုယ်ထဖြင့် ပြုလုပ်သည့်အတွက် ပြည်သူ တို့သည် အောင်မြင်မှုအသီး အပွင့်များကို တိုက်ရိုက်ခံစားရမည်ဖြစ်ရာ အကျိုးဖြစ်ထွန်းမှုကြီးမားလိမ့်မည်ဟု ၎င်းတို့က ဆိုသည်။ စီးပွားရေးကို အစိုးရကထိန်းချုပ်ထားလျှင် ပြည်သူ့အစိုးရဝန်ထမ်းများကြား အလုပ် ကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေလ စာခံစားခွင့်တွင် တူညီနေမည်ဖြစ်ပြီး အကျိုးမရှိကြောင်း လစ်ဘရယ်တို့က ပြောသည်။ အလုပ်ပိုကြိုးစားသူက (ဥပမာ အကျိုးအမြတ်ရှာပေးနိုင်ခြင်းဖြင့်) ဆုလာဒ် ခံစားရခြင်းမရှိသောကြောင့် ပြည်သူ့အစိုးရဝန်ထမ်းများတွင် ပျင်းရိပြီး ရေ သာခိုချင်စိတ်ရှိလာလိမ့်မည်ဟု လစ်ဘရယ်တို့က တင်ပြသည်။ အစိုးရသည်ကုန်ပစ္စည်းစျေးနှုန်းများကိုထိန်းချုပ်သည့် (ဥပမာအနည်းဆုံး လုပ်ခလစာ၊ ဆန်စျေးနှုန်းလျှော့ချခြင်း)အခါလိုလားချက်ပြည့်မီရေးနှင့် ကုန်ထုတ်လုပ်ရေးတွင် အကြီးအမား ကျဆင်းသွားစေနိုင်ကြောင်း လစ်ဘရယ်များက ဆိုသည်။
လူမှုထောက်ပံ့ရေးစနစ်1 များကြောင့် ပြည်သူတို့ အလုပ်ကြိုးစားကြမည်မဟုတ်တော့ကြောင်း၊ အထက်ပါ ဝန်ဆောင်မှု များအားလုံးကို အစိုးရသာပေးနိုင်လျှင်ပြည်သူတို့သည်အစိုးရအတွက် အလုပ်လုပ်ပေးစရာ အကြောင်းမရှိတော့ကြောင်း နှင့် အဆိုပါဝန်ဆောင်မှုများအတွက် ကြိုးစားပမ်းစားအလုပ်လုပ်ပေးရှာသော ပြည်သူထံမှ အခွန်ကောက်ခြင်းသည် မမျှတရာကျ မည်ဖြစ်ကြောင်း လစ်ဘရယ်တို့က တင်ပြသည်။
စည်းမျဉ်းဥပဒေဆိုသည်မှာ အဘယ်နည်း။ စည်းမျဉ်းဥပဒေဆိုသည်မှာ စီးပွားရေးလုပ်ဆောင်ချက်အတွက် ကန့်သတ်ထားသော(သို့မဟုတ်) ထိန်းချုပ်ထားသော ဥပဒေများနှင့် မူဝါဒများကို ရည်ညွှန်းသည်။ စည်းမျဉ်းဥပဒေသည် အစားအသောက်(သို့မဟုတ်) စွမ်းအင်ကဲ့သို့သော ကုန်ပစ္စည်းများ (သို့မဟုတ်) ဝန်ဆောင်မှုများအတွက် သတ်မှတ်ထားသောစျေးနှုန်းများကို ထိန်းချုပ်နိုင်သည်။ ထို့အ ပြင် စက်မှုလုပ်ငန်းတွင် မည်သည့်ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုသည်(မပြုသည်)ကိုလည်း စည်းမျဉ်းဥပဒေက ထိန်းချုပ်နိုင်သည်။ |
လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်များသည် လူ့အဖွဲ့အစည်းအတွင်း ဥစ္စာဓနကြွယ်၀မှုကို မြင့်မားစေသည်ဟု ၎င်းတို့ကမြင်သည်။ ထို့အပြင် စီးပွားရေးသရုပ်သကန်တစ်ရပ်ဖြစ်သော လူချမ်းသာအလွှာမှ လူဆင်းရဲအလွှာသို့ ငွေ ကြေးဥစ္စာစီးဆင်းပြန့်နှံ့သွားသောစီးပွားရေးပုံစံ(Trickle-down economics) ကိုလည်းလစ်ဘရယ်တို့က ထောက်ခံကြ သေးသည်။ အဆိုပါစီးပွားရေးပုံစံ၏အဓိပ္ပာယ်မှာ အရင်းအမြစ်များသည် လူဆင်းရဲအလွှာထံသို့ မလွဲမသွေ ‘စီးဆင်းပြန့် နှံ့’သွားသောအခါ စီးပွားရေးလုပ်ငန်းများတွင် အကျိုးအမြတ်များဖြစ်ထွန်းပြီး လူ့အဖွဲ့အစည်းအတွင်း ပိုချမ်းသာလာသူ များက ပိုဆင်းရဲသောလူများကို သွယ်ဝိုက်၍အကျိုးပြုလိမ့်မည်ဟူ၍ဖြစ်သည်။ဥပမာ (ပိုချမ်းသာသော)လူများအတွက် အောင်မြင်သောစီးပွားရေး လုပ်ငန်းကို ပိုမိုလွယ်ကူအောင် လုပ်ဆောင်(ဥပမာ အသင်းအဖွဲ့ဆိုင်ရာကော်ပိုရိတ်အခွန်များ ကိုလျှော့ပေါ့ ပေးခြင်းဖြင့်)နိုင်မည်ဆိုပါက (ပိုဆင်းရဲသော)လူများအတွက် လစာဝင်ငွေပိုကောင်းသောအလုပ်များ ပိုမို များပြား လာမည့်သဘောပင်ဖြစ်သည်။
လူ့အဖွဲ့အစည်းအတွင်း ဓနဥစ္စာကို ပြန်လည်ခွဲဝေပေးရန်ကြိုးပမ်းသည့် လူမှုထောက်ပံ့ရေးစနစ်ကို ထဲထဲဝင်ဝင် အသုံး ချခြင်းသည် ကုန်ကျစရိတ်များလွန်းပြီး ထိရောက်မှုမရှိဟု လစ်ဘရယ်တို့က ဆိုသည်။ ဓနဥစ္စာကို အစိုးရက ပြန်လည်ခွဲ ဝေရန်ကြိုးပမ်းသောအခါ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဆင်းရဲတွင်းပိုနက်သွားစေမည်ဟု ၎င်းတို့က ယူဆသည်။ အခွန် အခနှင့် စည်းမျဉ်းဥပဒေကို အလွန်လျှော့ချပေးထားသင့်ကြောင်း၊ သို့မှသာ စီးပွားရေးလုပ်ငန်းများမှ လုံလောက်သောဓ နဥစ္စာ ဖြစ်ထွန်းလာနိုင်မည်ဖြစ်ရာ ဆင်းရဲမွဲတေမှုမှာ ပြဿနာတစ်ရပ်ဖြစ်တော့မည်မဟုတ်ဟု လစ်ဘရယ်တို့က ပြော ကြသည်။ အဆိုပါစီးပွားရေးအမြင်ကို တစ်ခါတစ်ရံ ‘လေဇယ် ဖဲယား’2(လုပ်ခွင့်ပြုသည်)ဟု ခေါ်တွင်ကြပြီး လစ်ဘရယ် အရင်းရှင်စနစ်အတွေးအခေါ်တွင် အလွန်အရေးပါသောအမြင်တစ်ရပ်ဖြစ်သည်။ ပြည်သူများသည် စီးပွားရေးလုပ်ငန်း များလုပ်၍ မိမိစိတ်တိုင်းကျ လွတ်လပ်စွာငွေကြေးရှာနိုင်မည်ဆိုလျှင် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပိုမိုချမ်းသာလိမ့်မည် ဟု လစ်ဘရယ်အရင်းရှင်ဝါဒီများက ပြောတတ်ကြသည်။
1 ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံညွန့်ပေါင်းအစိုးရက ကျင့်သုံးခဲ့သောစနစ်ဖြစ်သည်။အခက်အခဲ အကျပ်အတည်းကြုံတွေ့နေရသော အလုပ်ရှင်များနှင့် အလုပ်သမားများအား အစိုးရငွေကြေး ထောက်ပံ့ပေးခြင်း ဖြစ်သည်။
2 လေဇယ်ဖဲယားဟူသည် စီးပွားရေးကျင့်စဉ်တစ်ခုဖြစ်ပြီး ပြင်သစ်စကားလုံးဖြစ်သည်။ ‘လုပ်လိုရာလုပ်ခွင့်ပေးသည်’ဟု အဓိပ္ပာယ်ရကာ တိုင်းပြည်၏ စီးပွားရေးကိစ္စအားလုံးတွင် အစိုးရကပါဝင်စွက် ဖက်ခြင်း၊ ထိန်းချုပ်ခြင်း လုံး၀မပြုဘဲ လွှတ်ပေးထားခြင်းကို ဆိုလိုသည်။