အသစ်များ > နိုင်ငံရေးဇာတ်ခုံပေါ်က ဖေ့စ်ဘုတ်(Facebook)

နိုင်ငံရေးဇာတ်ခုံပေါ်က ဖေ့စ်ဘုတ်(Facebook)

2024-01-17

၂၀၂၂ ခုနှစ်အထိ နေ့စဉ်အသုံးပြုသူဦးရေ ၂.၉ ဘီလီယံကျော်သည့် Facebook သည် ကမ္ဘာ့အကြီးဆုံး လူမှုကွန် ရက်ဖြစ်သည်။[1] Meta အုပ်စုပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး Messenger Instagram နှင့် WhatsApp တို့ကိုပါ ပိုင်ဆိုင် ထားသည်။

ဤကဲ့သို့ ကြီးမားကျယ်ပြန့်လှသည့် အသုံးပြုသူနောက်ခံရှိသည့် Facebook သည် နိုင်ငံရေးဆိုင်ရာ ဆက်သွယ် ပြန်ကြားမှုနှင့် ကမ္ဘာ့စင်မြင့်ထက် ချိတ်ဆက်ဆောင်ရွက်မှုများအတွက် အလွန်အရေးပါသည့် ယန္တရားတစ်ခုဖြစ် သည်။ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အစိုးရများသည် မိမိ တို့၏ မဲဆန္ဒရှင်ပြည်သူများကို ဆက်သွယ်ရန်၊ မိမိတို့၏ မူဝါဒများနှင့် သတင်းစကားများကို ထုတ်ပြန်ရန်နှင့် ကမ္ဘာ တစ်လွှားရှိ မိမိတို့ကို ထောက်ခံအားပေးနေကြသူများကို စည်းရုံးလှုပ်ရှားမှုပြုရန် ဤစင်္ကြန်ကို တွင်တွင်ကျယ် ကျယ်အသုံးပြုလျက်ရှိသည်။

ဂျာမဏီနိုင်ငံ၏ Heinrich-Heine-Universität Düsseldorf[2] တက္ကသိုလ်၌ နိုင်ငံရေးဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး ကို အထူးပြုလေ့လာနေသူ အိုလေ ကဲလ်မ်(Ole Kelm)၏ ဂျာမဏီနိုင်ငံတွင်း လေ့လာဆန်းစစ်မှုတစ်ခုအရ နိုင်ငံ ရေးသမားများသည် မဲဆန္ဒရှင်ပြည်သူများ၏ မျှော်လင့်ချက်များကို တုန့်ပြန်ရာ၌ ကျေနပ်နှစ်ခြိုက်မှုရရှိစေမည့် သ တင်းစကားများကို အသုံးပြု၍ Facebook မှတစ်ဆင့် မိမိကိုယ်ကို အများပြည်သူပိုမို ရင်းနှီးသိကျွမ်းလာစေရန်နှင့် မိမိတို့ကို မျက်နှာသာပေးသည့် ထောက်ခံမှုများရရှိလာစေရန် ရည်ရွယ်လေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။

လေ့လာဆန်းစစ်ချက်အရ နိုင်ငံရေးသမားအများအပြားသည် ၎င်းတို့၏ မဲဆန္ဒရှင်ပြည်သူများနှင့် အပြန်အလှန် ဆက်သွယ်ပြောဆိုရန်နှင့် သတင်းအချက်အလက်များကို ထုတ်လွှင့်သွားရန်အတွက် လူမှုကွန်ရက်ကို အသုံးပြုနေ ကြကြောင်း သိရှိခဲ့ရသည်။ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုသည် နိုင်ငံရေးသမားများနှင့် အရပ်သားပြည်သူ များအကြား ပိုမိုရင်းနှီးပွင့်လင်းသည့် ဆက်ဆံရေးမျိုးကို တည်ဆောက်ပေးခြင်းအားဖြင့် ဒီမိုကရေစီခိုင်မာလာစေ ရန် ကျားကန်ပေးနိုင်သည်။

မည်သို့ဆိုစေ နိုင်ငံရေးသမားများသည် သတင်းအချက်အလက်များကို လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အဓိကထုတ် ပြန်ရာ၌ သတင်းအများစုသည် ၎င်းတို့၏ နိုင်ငံရေးလုပ်ငန်း(နှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဘဝပုံရိပ် အနည်းအကျဉ်းမျှ) အတွက်သာ အဓိကရည်ရွယ်ခြင်းဖြစ်ပြီး လူမှုကွန်ရက်ပေါ် အပြန်အလှန်စကားပြောဆိုမှု မရှိသလောက်ရှားပါးနေ သဖြင့် ဤအချက်သည် များစွာလူကြိုက်များ တွင်ကျယ်မှုမရှိသလိုဖြစ်နေသည်။ အဓိကအင်အားကြီးပါတီများမှ ကိုယ်စားလှယ်များထက်စာလျှင် ပါတီငယ်များမှ နိုင်ငံရေးသမားများသည် အပြန်အလှန်ဆက်သွယ်ပြောဆိုမှုအ တွက် Facebook အသုံးပြုသည့် အကြိမ်အရေအတွက် ပို၍များပြားနေလေ့ရှိသည်။

ပါတီငယ်များ၏ နိုင်ငံရေးသမားများက ၎င်းတို့၏ Facebook ပရိသတ်များအနေဖြင့် ၎င်းတို့ကို အခြားနိုင်ငံရေးသ မားများ သို့မဟုတ် သတင်းထောက်များကို ဝေဖန်ထောက်ပြရန် ပို၍လိုလားသည်ဟု အခိုင်အမာယူဆထားလေ့ရှိ သည်။ ၎င်းသည် လူမှုရေးကွဲပြားမှုကို ဖြစ်ပေါ်စေသည်။

နိုင်ငံရေးဇာတ်ခုံပေါ်မှ Facebook ဝိရောဓိများ

Facebook သည် ဝေဖန်ထောက်ပြမှု အများအပြားလက်ခံရရှိနေသည့် ဝိရောဓိဆန်သည့် စင်္ကြန်တစ်ခုဖြစ်နေသည်။ ၎င်း၏ တည်ထောင်သူ မာ့ခ်ဇူကာဘတ် (Mark Zuckerberg)သည် ဒီမိုကရေစီနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်အတွက် စည်းရုံးအရေးဆိုလျက်ရှိပြီး Facebook သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏[3] အမာခံထောက် တိုင်တစ်ခုဖြစ်သည်ဟု ပြောဆိုနေသော်လည်း တစ်ပြိုင်တည်းလိုလို၌ Facebook သည် ဒီမိုကရေစီကို ဆန့်ကျင်နေ သည့် အကြီးစား လုပ်ကြံသတင်းများနှင့် သတင်းမှားများကို ထုတ်လွှင့်ရန် အသုံးချခံနေရသည်။

အထင်ရှားဆုံး သာဓကများအဖြစ် ၂၀၁၆ ခုနှစ်အတွင်း ယူကေ၌ ခေါ်ယူကျင်းပခဲ့သည့် Brexit လူထုဆန္ဒခံယူပွဲနှင့် တစ်နှစ်ထဲ၌ ဖြစ်ပျက်သွားခဲ့သည့် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်ရွေးကောက်ပွဲတို့သည် Facebook ပေါ်မှ စု ဆောင်းရရှိခဲ့သည့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြု၍ သတင်းမှားထုတ်ပြန်သည့်ကမ်ပိန်း၏ ပစ်မှတ်များ ဖြစ်ခဲ့ကြသည်။[4] Cambridge Analytica ဟုခေါ်သည့် ဗြိတိသျှနိုင်ငံရေး အတိုင်ပင်ခံအဖွဲ့သည် ဥရောပသမဂ္ဂမှ ဗြိတိန်၏ နှုတ်ထွက်မှုဆီသို့ ဦးတည်သွားစေသည့် လူထုဆန္ဒခံယူပွဲအပေါ် ဦးစွာလွှမ်းမိုးစွက်ဖက်နိုင်စေရန်နှင့် နောက်ပိုင်း အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ရွေးကောက်တင်မြှောက်ခံရအောင် ပံ့ပိုးကူညီသွားရန် ၈၇ သန်းကျော်သော Facebook အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြုခဲ့ကြသည်။[5] 

၂၀၁၈ ခုနှစ် အမေရိကန်အထက်လွှတ်တော်၌ ဇူကာဘတ်က Facebook သည် မိမိစင်္ကြန်ပေါ်ရှိ အချက်အလက် များအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိသည်ဟု ပြောဆိုသွားခဲ့သည်။ အများအားဖြင့် အင်တာနက်ကုမ္ပဏီများသည် ၎င်းတို့၏ ဝန်ဆောင်မှုများကိုအသုံးပြု၍ အများပြည်သူမျှဝေကြသည့် အချက်အလက်များအတွက် တာဝန်မရှိသည့် ကြားနေစင်္ကြန်များအဖြစ်သာ ၎င်းတို့ကိုယ်ကို ရှုမြင်ကြလေ့ရှိသဖြင့် ၎င်း၏ပြောဆိုမှုသည် အနည်းငယ်ထူးဆန်းနေ ခဲ့သည်။ ဇူကာဘတ်၏ ပြောဆိုချက်အရ Facebook သည် အစွန်းရောက်အကြမ်းဖက်မှုကို လှုံ့ဆော်ပေးသည်ဟု သံ သယရှိသည့် အကြောင်းအရာများကို အခြားမည်သူတစ်ဦးတစ်ယောက်မျှ တွေ့မြင်မှုမရှိအောင် ဖယ်ရှားရှင်းလင်းမှု များ ပြုလုပ်နေကြောင်း သိရှိခဲ့ရသည်။[6]

မည်သို့ဆိုစေ Facebook သည် အင်္ဂလိပ်၊ စပိန်နှင့် တရုတ်မန်ဒရင်းကဲ့သို့သော ကမ္ဘာသုံးဘာသာစကားများမှလွဲ၍ အခြားဘာသာစကားများဖြင့် အမုန်းပွားစေသည့် သို့မဟုတ် မှားယွင်းသည့်အချက်အလက်ဖြန့်ဝေမှုများကို တုန့်ပြန် ရန် ပျက်ကွက်မှုကြောင့် မကြာခဏဆိုသလို ဝေဖန်ထောက်ပြခံနေရဆဲဖြစ်သည်။[7]

မြန်မာ့ Facebook လောက

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် ဆက်သွယ်ရေးလုပ်ငန်းများ ဖြေလျှော့မှုအပြီး၌ ဖုန်းကဒ်များကို အလွယ်တကူဝယ်ယူ လာနိုင်ခဲ့ခြင်းကြောင့် အင်တာနက်အသုံးပြုသူဦးရေ ရုတ်ချည်းမြင့်တက်လာခဲ့သည့်နောက်ပိုင်း Facebook သည် အွန်လိုင်းစတင်အသုံးပြုမည့် လူသစ်များကို ဒီဂျစ်တယ်လောကနှင့် စတင်မိတ်ဆက်ပေးခဲ့သည့် ပင်မစင်္ကြန်တစ်ရပ် ဖြစ်လာခဲ့သည်။[8]

ဗဟိုအစိုးရနှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင်တော်လှန်ရေး အစုအဖွဲ့များအပါအဝင် နိုင်ငံတစ်နံတစ်လျားရှိ နိုင် ငံရေးအင်အားစုများနှင့် ရုံးဌာနများကလည်း ဤစင်္ကြန်ကို အလျင်အမြန်ပင် စတင်အသုံးပြုလာခဲ့ကြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟုခေါ်သည့် စစ်အာဏာရှင် အစိုးရသည် မြန်မာနိုင်ငံအတွင်း Facebook အသုံးပြုမှုကို ပိတ်ပင်နိုင်ရန်ကြိုးပမ်းလာခဲ့သည်။ မည်မျှပင်ကြိုးစားခဲ့ စေကာမူ လူထုလူတန်းစားများသည် တင်းကျပ်ပြင်းထန်လွန်းလှသည့် ကန့်သတ်ချုပ်ချယ်မှုများကို VPNs(ယောင်ပြ ပုဂ္ဂလိကကွန်ရက်များ) အသုံးပြု၍ အလိုက်သင့်ကျော်ခွသုံးစွဲခြင်းဖြင့် ပြန်လည်တုန့်ပြန်ခဲ့ကြသဖြင့် Facebook သည် လူသုံးအများဆုံး လူမှုကွန်ရက်အခြေပြု မီဒီယာစင်္ကြန်အဖြစ် ဆက်လက်ရှင်သန်နေခဲ့သည်။ အခြားတစ်ဖက် ၌လည်း Meta ဖက်မှ စစ်အာဏာရှင်အစိုးရနှင့် အဆွယ်အပွားများကို ၎င်းတို့၏ Facebook နှင့် Instagram သုံးစွဲခွင့် မရရှိစေရန် ပြန်လည်ပိတ်ပင်ခဲ့သည်။

စစ်တပ်ဝါဒဖြန့်ချိရေးနှင့် ဒီမိုကရေစီလိုလားသည့် စည်းရုံးလှုပ်ရှားမှု နှစ်ဖက်စလုံးအတွက် အဓိကအကျဆုံး ပင်မ စင်္ကြန်တစ်ရပ်အဖြစ် အလုပ်အကျွေးပြုနေသည့် လူမှုကွန်ရက်အခြေပြု မီဒီယာနှင့်အတူ အင်တာနက်သည် မြန်မာ နိုင်ငံအတွင်း လွန်ဆွဲအားပြိုင်မှုပြင်းထန်သည့် အဓိကနယ်ပယ်တစ်ခုဖြစ်လာခဲ့သည်။ စစ်အာဏာသိမ်းရန် ကြိုးပမ်း မှုကို ဆန့်ကျင်နေကြသည့် အင်အားစုများသည် SAC ကို အယုံအကြည်ကင်းမဲ့သွားစေရန် လူသိရှင်ကြားရှုံ့ချ၍ ဆန္ဒထုတ်ဖော်ပွဲများ၊ CDM နှင့် လက်နက်ကိုင်တော်လှန်ရေးတို့ကို ဟန်ချက်ညီညီညှိနှိုင်းဆောင်ရွက်ကြရန် အား ပေးတိုက်တွန်းခြင်းဖြင့် အောက်ခြေမြေပြင်၌ တော်လှန်ရေးကမ်ပိန်းများ စည်းရုံးဖော်ဆောင်ရန် လူမှုကွန်ရက်အ ခြေပြုမီဒီယာများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိသည်။[9]

အလားတူပင် နိုင်ငံရေးသမားများနှင့် အရပ်သားပြည်သူများအနေဖြင့်လည်း မိမိတို့၏ ယုံကြည်ချက်ကို ထုတ်ဖော် ပြောဆိုရန်နှင့် အပြန်အလှန်ဆက်သွယ်ရန် Facebook ကို ကြားခံအထောက်အပံ့တစ်ခုအဖြစ် ကောင်းစွာအသုံးချ လာကြသည်။ သို့သော်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် မြန်မာနိုင်ငံအတွင်း၌ ဆိုးဆိုးရွားရွားခြိမ်း ခြောက်ခံနေရသည်။ ၂၀၂၂ ခုနှစ်အထိ ဆက်သွယ်ရေးဥပဒေပါ ပြဌာန်းချက်အသစ်များနှင့် အထူးသဖြင့် ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၅၀၅(ခ) တို့ကို အသုံးပြု၍ စစ်အာဏာရှင်အား ဆန့်ကျင်ပြောဆိုသူမှန်သမျှကို လိုက်လံဖမ်းဆီး၍ ထောင်သွင်းပြစ်ဒဏ်ချမှတ်ခဲ့ကြသည်။[10]

ဤလုပ်ရပ်ကို တုန့်ပြန်သည့်အနေဖြင့် Facebook သည် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ဝင်ရောက် ကြည့်ရှုခွင့် ပိတ်ပင်မှုအပါအဝင် ပုဂ္ဂလိကလုံခြုံရေးဆက်တင်ကို ချိန်ညှိနိုင်စေမည့် အင်္ဂါရပ်တစ်ခုကို မြန်မာသုံးစွဲသူ များအတွက် မိတ်ဆက်ပေးခဲ့သည်။ သို့သော်ငြားလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအရွေ့များကို ပွင့်ပွင့်လင်းလင်း မညှာတမ်း ဝေဖန်ပြောဆိုမှုကြောင့် လူထုလူတန်းစားများ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်။

လူထုလှုပ်ရှားမှုများကို ပေါင်းကူးတံတားထိုးပေးလျက်ရှိသည့် Facebook

ကမ္ဘာ့မျက်နှာစာပေါ်၌ Facebook သည် နိုင်ငံတကာနှင့် ပြည်တွင်း NGOs များအပါအဝင် လူထုလှုပ်ရှားမှုများအ တွက် အလွန်အရေးပါသည့် ဆက်သွယ်ရေးနှင့် အမြင်ဖွင့်ပညာပေးရေး စင်္ကြန်တစ်ရပ်ဖြစ်နေသည်။ NGOs များ၏ အဖွဲ့အစည်းပုံရိပ်တည်ဆောက်ရေး၊ လူထုဆက်ဆံရေးနှင့် ပညာပေးလုပ်ငန်းများ၌ Facebook ကို တွင်တွင်ကျယ် ကျယ် အသုံးပြုလျက်ရှိသည်။ အချို့ NGOs များသည် Facebook မျက်နှာဖုံးဘောင်အမျိုးမျိုး ရေးဆွဲဖန်တီးလျက်ရှိ သကဲ့သို့ အခါအားလျော်စွာ ရန်ပုံငွေရှာဖွေရေးလမ်းကြောင်းတစ်ခုအဖြစ်လည်း Facebook ကို အသုံးပြုလျက်ရှိ သည်။

ပုံမှန်အားဖြင့် Facebook သည် NGOs များအတွက် အပြန်အလှန်ဆက်သွယ်ရေး စင်္ကြန်တစ်ရပ်ထက်စာလျှင် တစ် လမ်းသွား ဆက်သွယ်ပြန်ကြားရေး လမ်းကြောင်းတစ်ခုအဖြစ် အသုံးတော်ခံလေ့ရှိသည်။ ဥပမာအားဖြင့် ၂၀၂၀ ခု နှစ်အတွင်း ဖော်ဆောင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လေ့လာဆန်းစစ်ချက်တစ်ခုအရ ရာသီဥတုပြောင်းလဲမှုနှင့်ပတ် သက်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်NGOs များသည် ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာခဲ့သည့် ပြ ဿနာများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ထောက်ပံ့ပေးခြင်းအားဖြင့် ဆက်သွယ်ရေးဆိုင်ရာလူ ထုလှုပ်ရှားမှုကမ်ပိန်း အမြောက်အများပြုလုပ်ခဲ့ကြောင်း လေ့လာသိရှိရသည်။[11]

လူထုလှုပ်ရှားမှုများနှင့် လူထုအရေးအရာများကို တက်တက်ကြွကြွဆောင်ရွက်နေသူများသည် ၎င်းတို့နေထိုင် သည့် နိုင်ငံပေါ်မူတည်၍ ၎င်းတို့၏ တက်ကြွလှုပ်ရှားမှုများအတွက် Facebook ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလျက် ရှိသည်။ ဥပမာအားဖြင့် ဘရာဇီးနိုင်ငံ၌ Facebook ကို တက်တက်ကြွကြွအသုံးပြုနေသူများသည် တော်လှန်ပြောင်း လဲလိုသည့် နိုင်ငံရေးအမြင်သဘောထားရှိသည့် တက်ကြွလှုပ်ရှားသူများ ဖြစ်နေလေ့ရှိကြောင်း ပြသလျက်ရှိသော် လည်း[12]  Facebook ပေါ် အမြဲတမ်းလိုလိုရှိနေတတ်သည့် အာဖဂန်နစ္စတန်လူငယ်များသည် Facebook ပေါ်၌ နိုင်ငံ ရေးပြုလုပ်သူများ မဟုတ်ခဲ့ကြပေ။ အာဖဂန်နစ္စတန်လူငယ်များသည် သမ္မတလောင်းများကို မျက်ခြေမပြတ်စောင့် ကြည့်၍ ၎င်းတို့၏ အကြံအစည်များကို လေ့လာတီးခေါက်ကာ ရံဖန်ရံခါ၌ ၎င်းတို့တင်ထားသည့် အကြောင်းအရာ များအောက်၌ သွားရောက်မှတ်ချက်ပေးလေ့ရှိသော်လည်း ရွေးကောက်ပွဲအစီအစဉ်များအတွင်း ၎င်းတို့၏ ပါဝင် ဆောင်ရွက်မှုသည် ပျမ်းမျှအောက်၌သာရှိနေခဲ့သည်။

နိုင်ငံရေးအတွက် Facebook အသုံးပြုမှု၏ နောက်ဆက်တွဲအရဲစွန့်ရမှုအန္တရာယ်များ

လူမှုကွန်ရက်သုံး မီဒီယာများသည် အများပြည်သူအတွက် သတင်းအချက်အလက်များကို လက်လှမ်းမီလာစေရန်၊ အမြင်သဘောထားများကို ထုတ်ဖော်ပြောဆိုရန်နှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များအတွင်း ပါဝင်ဆောင်ရွက်နိုင်စေ မည့် အခွင့်အလမ်းသစ်များကို ထောက်ပံ့ပေးသကဲ့သို့ ဒီမိုကရေစီကို လှိုက်စားအားနည်းသွားစေပြီး အများပြည်သူ အတွက်ရော နိုင်ငံရေးသမားများအတွက်ပါ အရဲစွန့်ရမှုအန္တရာယ်များကို ဆောင်ကျဉ်းလာနိုင်သည်။

ဥရောပသမဂ္ဂလွှတ်တော်၏ လေ့လာဆန်းစစ်ချက်အရ Facebook နှင့် အခြားလူမှုကွန်ရက်သုံး မီဒီယာများကို နိုင် ငံရေးအတွက် အသုံးချရာ၌ ကြုံတွေ့လာနိုင်ခြေရှိသည့် အဓိကအရဲစွန့်ရမှု အန္တရာယ်ငါးခုရှိကြောင်းသိရှိရသည်။[13]

၁။ လူမှုကွန်ရက်သုံး မီဒီယာများသည် အစိုးရအတွက် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသည့် နိုင်ငံသားများ ကို ဦးတည်ပစ်မှတ်ထား၍ အတိုက်အခံအမြင်သဘောထားများကို နှုတ်ပိတ်ပစ်ရန် အသုံးချလာနိုင်သည့် လူထုလူတန်းစားများကို အွန်လိုင်းပေါ်မှ စောင့်ကြည့်အကဲခတ်ရန် ပိုမိုထိရောက်သည့် နည်းလမ်းသစ်များ ကို ထောက်ပံ့ပေးထားသည်။

၂။ လူမှုကွန်ရက်သုံး မီဒီယာပေါ်၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများကိုသာ အားပေးမြှင့်တင်ခြင်းက မိမိတို့၏ ကိုယ်ပိုင်အမြင်သဘောထား တည်ဆောက်နိုင်သည့် စွမ်းဆောင်ရည်ကို အားနည်းသွားစေသည့် သတင်းအချက်အလက်ပူဖောင်းများအကြား လူထုလူတန်းစားများကို ပိတ်မိသွားစေသည်။

၃။ လူမှုကွန်ရက်သုံး မီဒီယာပေါ်၌ သတင်းမှားများထုတ်ပြန်ခြင်းသည် လူထုလူတန်းစားများ၏ နိုင်ငံရေး အမြင်သဘောထားတည်ဆောက်၍ ထုတ်ဖော်ပြောဆိုနိုင်သည့် စွမ်းဆောင်ရည်ကို ချိနှဲ့အားနည်းသွားစေ နိုင်သည်။

၄။ အွန်လိုင်းပေါ်မှ လုပ်ကြံသတင်းများနှင့် အခြားသောဖျားယောင်းသွေးဆောင်မှုပုံစံများကို ကိုင်တွယ်ဖြေ ရှင်းသွားမည့် လူမှုကွန်ရက်သုံး မီဒီယာစင်္ကြန်များ၏ ကြိုးပမ်းအားထုတ်မှုများသည် လွတ်လပ်စွာထုတ် ဖော်ပြောဆိုပိုင်ခွင့်ကို အားနည်းသွားစေနိုင်ပြီး အများပြည်သူ၏ အမြင်သဘောထားအပေါ် လွှမ်းမိုးထိန်း ချုပ်နိုင်သည့် အခွင့်အလမ်းမျိုးရရှိလာစေနိုင်သည်။  

၅။ လူမှုကွန်ရက်သုံး မီဒီယာစင်္ကြန်များသည် လူတစ်ဦးချင်းစီ၏ အကြိုက်ကိုပုံဖော်၍ ဦးတည်ပစ်မှတ်ထား သည့် ထုတ်ကုန်ကြော်ငြာကို ရောင်းချရန် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်အမျိုးမျိုးအပေါ် မှီခို အားထားကြသည်။     

Facebook ပေါ် ဆွေးနွေးပြောဆိုမှုများသည် အများအားဖြင့် လူသိရှင်ကြားဖြစ်ပြီး အလွယ်တကူဖြန့်ဝေနိုင်သဖြင့် နိုင်ငံအများအပြား၌ နိုင်ငံရေးဆွေးနွေးရန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို စီစဉ်နေရာချရန်အတွက် WhatsApp Instagram နှင့် Signal ကဲ့သို့သော ပုဂ္ဂလိကစာတိုပို့စင်္ကြန်များကို ပိုမိုအားထားလာကြသည်။

Facebook ပေါ်၌ သတင်းမှားထုတ်လွှင့်မှုနှင့် ဝါဒဖြန့်မှု

Facebook ၌ နိုင်ငံရေးဆန်သည့် အကြောင်းအရာများနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုကဲ့သို့သော ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် တိကျမှန်ကန်မှုရှိစေပြီး အသုံးပြုသူ၏ လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ရန် ရည်ရွယ်ပြင်ဆင်ထားသည့် မူဝါဒအများအပြားကို ချမှတ်ထားရှိသည်။ နိုင်ငံရေးဆန်သည့် အကြောင်းအ ရာများနှင့်ပတ်သက်၍ Facebook သည် နိုင်ငံရေးသဘောသက်ဝင်မှုရှိသည့် ကြောငြာများအားလုံးကို အမည်နာမ တိတိကျကျသတ်မှတ်ဖော်ပြရန် ပြဌာန်းထားပြီး အဆိုပါ ကြော်ငြာများနှင့်ပတ်သက်၍ မည်သူကငွေကြေးမတည် ပေးထားပြီး မည်မျှသုံးစွဲထားသည် စသည့်အချက်အလက်များကို အသုံးပြုသူများကိုယ်တိုင် ဝင်ရောက်ကြည့်ရှုနိုင် သည့် အများပြည်သူလက်လှမ်းမီသည့် ကြော်ငြာလမ်းညွှန်စာကြည့်တိုက်ကိုပါ ပြင်ဆင်ပေးထားသည်။ ထို့အပြင် နိုင်ငံရေးမဲဆွယ်ကမ်ပိန်းများနှင့် ကြော်ငြာဖန်တီးသူများအား ကြော်ငြာမထုတ်လွှင့်မီ ၎င်းတို့၏ သရုပ်သကန်နှင့် တည်နေရာကို ဦးစွာစိစစ်အတည်ပြုရမည်ဟုလည်း ပြဌာန်းထားရှိသည်။

သို့သော်လည်း Facebook ပေါ်၌ နိုင်ငံရေးဆန်သည့် အကြောင်းအရာများကို မျှဝေခြင်းအားဖြင့် သတင်းမှားထုတ် လွှင့်ခြင်းနှင့် ဝါဒဖြန့်ချိခြင်း၊ လူ့အဖွဲ့အစည်းကို အစွန်းနှစ်ဖက်သို့ရောက်ရှိသွားစေရန် တွန်းပို့၍ အကွဲအပြဲဖြစ်စေ ခြင်း၊ ရွေးကောက်ပွဲများ၌ ဝင်ရောက်စွက်ဖက်ခြင်းနှင့် သုံးစွဲသူများ၏ လုံခြုံရေးနှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ခြိမ်း ခြောက်ခြင်းကဲ့သို့သော အရဲစွန့်ရမှုအန္တရာယ်များကို ပေါ်ပေါက်လာစေနိုင်သည်။ ထို့အပြင် Facebook ၏ ပြဿနာ ဖြေရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် အန္တရာယ်ကြီး၍ ချဲ့ကားလှုံ့ဆော်ထားသည့် အကြောင်းအရာများ ကို အားပေးအားမြှောက်ပြုနေသည်ဟုလည်း ဝေဖန်ထောက်ပြနေကြသည်။[14]

ဤအရဲစွန့်ရမှုအန္တရာယ်များကို နိုင်ငံပေါင်းစုံနှင့် နိုင်ငံရေးရေခံမြေခံအမျိုးမျိုး၌ လေ့လာတွေ့ရှိရခြင်းက လူမှုကွန် ရက်သုံးမီဒီယာများကို နိုင်ငံရေးရည်ရွယ်ချက်များအတွက် အသုံးပြုရာ၌ ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုရှိရန်၊ တာဝန်ယူမှုတာဝန်ခံမှုရှိရန်နှင့် စည်းကမ်းတင်းကျပ်မှုပြုရန် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။ ၂၀၂၂ ခုနှစ်အတွင်း ဥရောပသမဂ္ဂသည် ဥရောပသားသုံးစွဲသူများကို အမုန်းစကားပွားခြင်း၊ လုပ်ကြံသတင်းလွှင့်ခြင်း နှင့် ဘေးအန္တရာယ်ရှိသည့် အခြားအွန်လိုင်းအကြောင်းအရာများမှ ပိုမိုထိထိရောက်ရောက် အကာအကွယ်ပေးနိုင် စေရန် ဂူဂဲလ်နှင့် Facebook ၏မိဘဖြစ်သည့် Meta ကဲ့သို့သော ကုမ္ပဏီများအား မိမိတို့အသီးသီး၏ အွန်လိုင်း စင်္ကြန်များကို ပိုမိုတင်းကျပ်စွာစောင့်ကြည့်ထိန်းကျောင်းရန် တာဝန်ရှိလာစေသည့် ဥပဒေပြဌာန်းခဲ့သည်။[15]

ဥရောပဒေသတွင်း အသုံးများသည့် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် သို့မဟုတ် စပိန်ကဲ့သို့သော ဘာသာစကားများကို တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးနှုန်းမှုမရှိသည့် အခြားဘာသာစကားပြော နိုင်ငံအများအပြား၌ သတင်းအမှားဖြန့် ဝေခြင်းနှင့် အန္တရာယ်ရှိသည့် အကြောင်းအရာများကို စည်းကြပ်ထိန်းကျောင်းရန် Facebook အတွက် များစွာအ ခက်အခဲရှိနေသည်။ Facebook အနေဖြင့်မြန်မာနိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှုနှင့် အခြားရန်လိုသည့် မဟုတ်မ တရား စွပ်စွဲပြောဆိုချက်များကို စည်းကြပ်ထိန်းကျောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း Facebook ၌ ဗမာစ ကားပြော အကြောင်းအရာစိစစ်တည်းဖြတ်သူများ အလုံအလောက်ရှိမနေသဖြင့် သုံးစွဲသူများသည် ထောက်လှမ်းမှု စနစ်ကိုရှောင်လွဲရန် ဘန်းစကားအသုံးအနှုန်းများဖြင့် တားမြစ်ထားသည့် စကားလုံးများကို အစားထိုးသုံးစွဲကာ ဆက်လက်ရှောင်လွဲအသုံးပြုနေကြဆဲဖြစ်သည်။[16] ထို့ကြောင့် အန္တရာယ်ကြီးသည့် အကြောင်းအရာအများအပြား သည် ထောက်လှမ်းဖော်ထုတ်မခံရဘဲ ဆက်လက်ပြန့်ပွားနေခြင်းဖြစ်သည်။

 

[1] Number of monthly active Facebook users worldwide as of 4th quarter 2022, https://www.statista.com/statistics/264810/number-of-monthly-active-facebook-users-worldwide/

[2] Ole Kelm (2020), Why do politicians use Facebook and Twitter the way they do? Studies in Communication and Media, 9.Jg.,1/2020, S. 8–34

[3] The Guardian: Zuckerberg defends Facebook as bastion of 'free expression' in speech, https://www.theguardian.com/technology/2019/oct/17/mark-zuckerberg-facebook-free-expression-speech

[4] The Guardian: Revealed: 50 million Facebook profiles harvested for Cambridge Analytica in major data breach, https://www.theguardian.com/news/2018/mar/17/cambridge-analytica-facebook-influence-us-election

[5] The New York Times: Cambridge Analytica and Facebook: The Scandal and the Fallout So Far, https://www.nytimes.com/2018/04/04/us/politics/cambridge-analytica-scandal-fallout.html

[6] PBS News Hour: Facebook is ‘responsible for the content’ on its platform, Zuckerberg says, https://www.pbs.org/newshour/nation/facebook-is-responsible-for-the-content-on-its-platform-zuckerberg-says

[7] Time: Facebook Says It’s Removing More Hate Speech Than Ever Before. But There’s a Catch, https://time.com/5739688/facebook-hate-speech-languages/

[8] Brooten L, McElhone JM, Venkiteswaran G (2019) Introduction: Myanmar media historically and the challenges of transition. In: Venkiteswaran G, McElhone JM, Brooten L (eds) Myanmar Media in Transition: Legacies, Challenges and Change. ISEAS–Yusof Ishak Institute, pp.1–56. 

[9] Faxon, H. O., Kintzi, K., Tran, V., Wine, K. Z., & Htut, S. Y. (2023). Organic online politics: Farmers, Facebook, and Myanmar’s military coup. Big Data & Society10(1). https://doi.org/10.1177/20539517231168101

[11] Hong Tien Vu et al (2021), Social Media and Environmental Activism: Framing Climate Change on Facebook by Global NGOs, Science Communication 2021, Vol. 43(1) 91–115

[12] Cleno Couto & João Gabriel Modesto (2020), The influence of Facebook on Political Activism and Radicalism. Psico-USF 2020, Bragança Paulista, v. 25, n. 4, p. 637-64

[13] European Parliament (2021), Key social media risks to democracy, https://www.europarl.europa.eu/RegData/etudes/IDAN/2021/698845/EPRS_IDA(2021)698845_EN.pdf

[16] BBC: The country where Facebook posts whipped up hate, https://www.bbc.com/news/blogs-trending-45449938