အသစ်များ > တန်းတူညီမျှမှု

တန်းတူညီမျှမှု

2022-08-29

တန်းတူညီမျှမှု’ဆိုသည်မှာ ကျောသားရင်သားမခွဲခြားဘဲ တစ်ပြေးတည်းဆက်ဆံခံရခြင်းကို ဆိုလိုသည်။ နိုင်ငံရေး ဆိုင်ရာတန်းတူညီမျှခြင်းဟူသည် နိုင်ငံသားတိုင်းတွင် အသိအမှတ်ပြုခံရခြင်း၊ အခွင့်အရေးများ (သို့) လွတ်လပ်ခွင့်များကို တစ်ပြေးတည်းအတူတူ ရရှိခြင်းဟု အဓိပ္ပာယ်ရသည်။ အဆိုပါသဘောတရားကို ဒီမိုကရေစီ စနစ်၏အခြေခံဖြစ်သော နိုင်ငံသားတစ်ဦးလျှင် မဲတစ်မဲပေးခွင့်ရှိသည့် လက်တွေ့နည်းကျ နိုင်ငံရေးပုံစံတွင် အထင်အရှားတွေ့နိုင်သည်။ သို့ရာတွင် ‘တန်းတူညီမျှမှု’ကို တိကျစွာအဓိပ္ပာယ်ဖွင့်ဆိုသောအခါ မည်သို့သော တန်းတူညီမျှမှုက အရေးပါဆုံးဟူ၍ ဆုံးဖြတ်ရာတွင် သဘောထားကွဲလွဲတတ်ကြသည်။ ထို့သို့သဘောထားကွဲ လွဲရာမှ အခွင့်အရေးတူညီစွာရရှိမှု(သို့) ခွင့်တူညီမျှ(equality of opportunity) နှင့် အကျိုးတူညီစွာခံစားရမှု (သို့) သာတူညီမျှမှု(equality of outcome) ဟူသောအယူအဆနှစ်ရပ်ထွက်ပေါ်လာသည်။

ခွင့်တူညီမျှမှု

ခွင့်တူညီမျှမှု’သဘောအရ နိုင်ငံသားတိုင်းအပေါ် စည်းမျဉ်းများ၊ ဥပဒေများနှင့် အညီတန်းတူဆက်ဆံရန်လို အပ်သည်။ မည်သူ့ကိုမှ ခွဲခြားဖိနှိပ်ခြင်းနှင့် မျက်နှာသာပေးဆက်ဆံခြင်းမျိုး မရှိရပါ။ ‘ခွင့်တူညီမျှမှု’ဟူသည် နိုင်ငံသားတိုင်း နိုင်ငံရေးဆိုင်ရာအခွင့်အလမ်းများကို တန်းတူရရှိခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် နိုင်ငံ သားတိုင်းတွင် တန်းတူအခွင့်အရေးများဖြစ်သော လွတ်လပ်စွာထုတ်ဖော်ဝေဖန်ခွင့်၊ မဲပေးခွင့်နှင့် ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ရရှိရန်လိုအပ်သည်။ သို့ရာတွင် ဆင်းရဲချမ်းသာကွာဟမှုနှင့် ပညာအရည်အချင်းမ တူခြင်းကလည်း ညီမျှမှုကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေနိုင်သည်။ ဥပမာပြရသော် ဆင်းရဲပြီးပ ညာမဲ့သူနှင့် ချမ်းသာပြီးပညာတတ်သူနှစ်ဦးတို့ မဲပေးခွင့် အတူတူရှိကြသော်လည်း ရွေးကောက်ပွဲဝင်ပြိုင်သည့် အခါလူချမ်းသာပညာတတ်ကသာလျှင် အထောက်အပံ့ကောင်းခြင်းနှင့် နောက်ခံအသိုင်းအဝိုင်းတောင့်တင်း ခြင်းတို့ကြောင့် အရွေးခံရဖို့များသည့်သဘောဖြစ်သည်။

သာတူညီမျှမှု

သာတူညီမျှမှု’ ဆိုသည်မှာ နိုင်ငံသား၏အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး၊ အလုပ်အကိုင်ရရှိရေး နှင့် ပညာရေးတို့တွင် တန်းတူရပိုင်ခွင့်ရှိခြင်းကို ဆိုလိုသည်။ သာတူညီမျှမှုကို ထောက်ခံကြသူများက တရားဥ ပဒေသည် လူတိုင်းအပေါ်တန်းတူဆက်ဆံပေးရုံမျှဖြင့် နိုင်ငံရေးအရသာတူညီမျှမှုရပြီဟူသောအဆိုကို ကန့်ကွက်ကြသည်။ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးရရုံဖြင့် နိုင်ငံရေးတန်းတူညီမျှမှုဖြစ်ပြီဟု မဆိုနိုင် ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

ဥပမာဆိုရသော် အရွယ်ရောက်ပြီးသူတိုင်း မဲပေးခွင့်ရှိသည်မှန်သော် လည်း မဲစာရွက်တွင်ရေးထားသမျှကို မဖတ်တတ်သော၊နားမလည်နိုင်သော သူများဖြစ်နေပါက ယင်းဖြစ်ရပ်ကို ‘သာတူညီမျှ’ရှိပြီဟု ဆိုမရပေ။ နိုင်ငံရေးအရသာတူညီမျှမှုဆိုသည်မှာ လူတိုင်း နိုင်ငံရေးတွင်တန်းတူပါဝင်ခွင့် ရှိပြီး ထို့သို့ပါဝင်နိုင်ရန်လိုအပ်သောအခြေခံအရင်းအမြစ်များကို ရခွင့်ရှိသည်ဟု ဆိုလိုသည်။ ‘သာတူညီမျှရေး’ ကိုထောက်ခံကြသူများက ပြည်သူတို့သည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရပိုင်ခွင့်ဖြစ်သော ဝင်ငွေ၊ အိမ်ယာ၊ ပညာရေး၊ အလုပ်အကိုင် အစရှိသည့်အခွင့်အလမ်းများနှင့် အရင်းအမြစ်များကို အစိုးရက ခွဲဝေပေး ရန်တာဝန်ရှိသည်ဟု ဆိုသည်။ ထို့သို့အရင်းအမြစ်များကို ခွဲဝေပေးရန်လိုအပ်သဖြင့် သာတူညီမျှရေးတွင်အ ငြင်းပွားစရာများဖြစ်လာရသည်။ ဤသို့နှင့် သာတူညီမျှရေးဟုဆိုသည့်အခါ လူချမ်းသားများထံမှ အရင်း အမြစ်များကို ဖဲ့ယူပြီး အခွင့်အရေးရရှိမှုအချိုးအစားနည်းပါးသောအုပ်စုများ(ဆင်းရဲသား၊ မသန်စွမ်း၊ အနှိမ်ခံ အုပ်စုအစရှိသဖြင့်)ကို ပိုပေးလိုက်ရန်ဖြစ်သည်ဟု မြင်လာကြသည်။

ခွဲခြားဆက်ဆံမှုနှင့် အနှိမ်ခံများကို ပြန်အရေးပေးဆက်ဆံခြင်း

ခွဲခြားဆက်ဆံမှုဆိုသည်မှာ အခြေအနေတစ်ရပ်တည်းအောက်တွင် လူတစ်စုနှင့် တစ်စု ဆက်ဆံခံရပုံမတူညီ ခြင်းကို ဆိုလိုသည်။ လူတိုင်းသည် အသက်အရွယ်၊ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ တိုင်းရင်းသား၊ နိုင်ငံရေးသဘောထား၊ လူမျိုး၊ ဘာသာ၊ လိင်၊ လိင်စိတ်ထူးခြားမှု၊ ယဉ်ကျေးမှုအပြင် အခြားအကြောင်းရင်းပေါင်းများစွာကိုအ ခြေခံကာ ခွဲခြားဆက်ဆံခံရနိုင်သည်။ အဆိုပါလူအုပ်စုများကို ကျန်တခြားသူတွေထက် ပိုဆိုးရွားစွာ နှိမ့်ချ ဆက်ဆံနေပါက ယင်းဆက်ဆံရေးကို တရားလက်လွတ်ခွဲခြားဆက်ဆံမှုဟု ခေါ်နိုင်သည်။ဤသို့ဖြင့် အတိတ်ကာလ အစိုးရအဆက်အသီးသီးသည် အစုအဖွဲ့တစ်ရပ်အပေါ် တရားလက်လွတ်ခွဲခြားဆက်ဆံခဲ့ခြင်းကို ပြန်လည်ကုစားပေးသည်အနေဖြင့်အနှိမ်ခံအုပ်စုများကို ပြန်အရေးပေးဆက်ဆံခြင်း(Affirmative action) ကို ဖော်ဆောင်ပေးတတ်ကြသည်ထိုဖြစ်စဉ်ကိုကောင်းကျိုးရှေးရှုသောခွဲခြားဆက်ဆံမှု(positive discrimination) ဟုခေါ်သည်။ ယင်းဖြစ်စဉ်တွင် တစ်ချိန်က ခွဲခြားဆက်ဆံခံရသူများအားလုံး အကျိုးခံစားခွင့်ရနိုင်မည့် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို ထည့်သွင်းချမှတ်ပေးထားသည်။ အထူးသဖြင့် ပညာရေး၊ အလုပ်အ ကိုင်နှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများရနိုင်စေရန်ဖြစ်သည်။

အတိတ်တုန်းက ခွဲခြားဖိနှိပ်ခံရ၍ဖြစ်ပေါ်ခဲ့သော အကျည်းတန်အကျိုးဆက်များကို သင်ပုန်းချေနိုင်ရန် အဆိုပါကောင်းကျိုးရှေးရှုသောခွဲခြားဆက်ဆံမှုကို လိုအပ်သည်ဟု ထောက်ခံသူတို့ကဆိုကြသည်။ ကာလရှည်ကြာဖိနှိပ်ခံရသူများသည် ပြန်ဦးမော့လာနိုင်ကာ ၎င်းတို့ထက်အားကြီးသူများနှင့် ရင်ဘောင်တန်းဆက်ဆံလာနိုင်ကြပြီး ညီညွတ်မျှတမှုကို ဖြစ်ထွန်းစေသည်ဟု ၎င်းတို့ကဆိုသည်။ တစ်ဖက်တွင် ကန့်ကွက်ကြသူများကမူ ကောင်းကျိုးရှေးရှုသောခွဲခြားဆက်ဆံမှုဟူသည် ခွဲခြားဆက်ဆံမှုတစ်မျိုးသာဖြစ်နေပြီး လူတစ်ဦးချင်းစီ၏လွတ်လပ်မှုကို ထိပါးရာရောက်သည်ဟု ဝေဖန်ကြ သည်။ ကန့်ကွက်သူများ၏သဘောထားက လူ့အဖွဲ့အစည်းတွင် အခွင့်အရေးများကို သတ်မှတ်ကျင့်သုံးရာ၌ အသားအရောင်၊ ဘာသာစကား၊ ကျား/မလိင်ကွဲပြားမှုနှင့် ဘာသာတရားတို့ကို အခြေခံအဖြစ်ထည့်မစဉ်းစား သင့်ကြောင်း၊လူ့အဖွဲ့အစည်းတွင် တန်းတူညီမျှအခွင့်အရေးများကို ရနေသရွေ့ ‘အနှိမ်ခံအုပ်စုများကိုပြန်အရေးပေး ဆက်ဆံမှု’ကိုပင် မလိုအပ်ကြောင်းယူဆထားသည်။