အသစ်များ > ဒီမိုကရေစီ၏အင်္ဂါရပ်များ - ပါဝင်ဆောင်ရွက်ခြင်း

ဒီမိုကရေစီ၏အင်္ဂါရပ်များ - ပါဝင်ဆောင်ရွက်ခြင်း

2022-08-29

ဒီမိုကရေစီစနစ်တွင် နိုင်ငံသားအားလုံးသည် အသိအမြင်ကြွယ်၀ရန်လိုအပ်ပြီး မိမိ၏ကိုယ်စားလှယ်များ လုပ်ကိုင်နေ သည်များကို ဂရုတစိုက်စောင့်ကြည့်ရန်လိုသည်။ ထိုသို့မဟုတ်လျှင် ကိုယ်စားလှယ်များသည် ဆိုးရွားသောဆုံးဖြတ် ချက်များကို ချမှတ်လာနိုင်ပြီး ဒီမိုကရေစီစနစ်လည်း အလုပ်ဖြစ်မည်မဟုတ်တော့ပါ။ မဲပေးမှုကိုလည်း ပြည်သူများ လုံး လုံးအလေးမထားလျှင် ဆိုးရွားသောကိုယ်စားလှယ်များကို ဖယ်ရှားနိုင်ရန်နည်းလမ်းမရှိတော့ပေ။ ထို့ကြောင့် ဒီမိုကရေ စီနည်းကျတာဝန်ခံမှုသည် လူထုပါဝင်ဆောင်ရွက်မှုရှိရန် လိုအပ်ခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံသားများ၏အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်သည်။ နိုင်ငံသားများ ၏အခွင့်အရေးဖြစ်ရုံတင်မကဘဲ နိုင်ငံသားများ၏တာဝန်ယူမှုလည်း ဖြစ်သည်။ ရွေးကောက်ပွဲများတွင် မဲပေးခြင်း၊ အ သိအမြင်နိုးကြားလာခြင်း၊ အရေးကိစ္စရပ်များကို ဆွေးနွေးငြင်းခုံခြင်း၊ လူမှုအသိုင်းအဝိုင်းတွင် လုပ်အားပေးခြင်း၊ အ ခွန်ဆောင်ခြင်းနှင့် ဆန္ဒပြခြင်းအပါအဝင် နိုင်ငံသားပါဝင်ဆောင်ရွက်ခြင်းသည် ပုံသဏ္ဌာန်အမျိုးမျိုးရှိနိုင်ပါသည်။

နိုင်ငံသားပါဝင်ဆောင်ရွက်ခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် အရေးပါရခြင်းဖြစ်သည်။

  • ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံရေးတွင် နိုင်ငံသားများ တက်ကြွစွာ ပါဝင်သောအခန်းကဏ္ဍရှိသည်ဟုအဓိ ပ္ပာယ်ရသည်။ ပါဝင်ဆောင်ရွက်ရာတွင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူ နည်းစုဖြစ်စေ၊ အားနည်းသောအစုအဖွဲ့ဖြစ်စေ လူ့အဖွဲ့အစည်းအတွင်းရှိ မည်သူမဆိုပါဝင်ဆောင်ရွက်ခြင်းဖြစ် သည်။ ပါဝင်ဆောင်ရွက်ခြင်းကြောင့် နိုင်ငံသားများသည် ၎င်းတို့၏ဟစ်သံကို ကြားအောင်လုပ်ခွင့်ရလာသည်၊ လူနည်းစုများကို ဖယ်ကြဉ်ခံရခြင်းမှ ကာကွယ်ပေးနိုင်လာသည်။
  • ကိုယ်စားလှယ်များ လုပ်ကိုင်နေသည်ကို နိုင်ငံသားများက မသိလျှင် ခေါင်းဆောင်များနှင့်ပတ်သက်ပြီး မှန် ကန်ကောင်းမွန်သောရွေးချယ်ချက်များကို နိုင်ငံသားများက လုပ်နိုင်တော့မည်မဟုတ်ပါ။ ဆိုလိုသည်မှာ နိုင်ငံ သားများသည် ၎င်းတို့၏လူထုအသိုင်းအဝိုင်းရင်ဆိုင်နေရသော ပြဿနာရပ်များကို နားလည်ရန်လိုအပ်သည်။ သို့မှသာ ကိုယ်စားလှယ်များ အဆိုပြုတင်ပြနေသောဖြေရှင်းချက်များကို နိုင်ငံသားများနားလည်နိုင်မည်ဖြစ် သည်ဟု အဓိပ္ပာယ်သက်ရောက်သည်။
  • နိုင်ငံသားများက ပါဝင်ဆောင်ရွက်ခြင်းမပြုလျှင် အစိုးရကလည်း နိုင်ငံသားများ၏လိုအပ်ချက်များကို လျစ် လျူရှုမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများသည် ဆုံးဖြတ်ချက်ချခြင်းနှင့် ကိုယ်စားလှယ်များကို တာဝန်ခံမှု ရှိစေရန် ထိန်းကျောင်းရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန်လိုသည်။
  • ပါဝင်ဆောင်ရွက်မှုဟုဆိုရာဝယ် ရွေးကောက်ပွဲများတစ်ခုနှစ်တစ်ခုကာလအတွင်း၌ ကိုယ်စားလှယ်များ တာ ဝန်ခံမှုရှိစေမည့် အသင်းအစုအဖွဲ့များကို နိုင်ငံသားများက စုစည်းထူထောင်ကြခြင်းလည်း ပါဝင်သည်။ သို့မှ သာဒီမိုကရေစီသည် ရွေးကောက်ပွဲကျင်းပနေချိန်တွင်မဟုတ်ဘဲ အချိန်တိုင်းတွင်အလုပ်ဖြစ်နေမည်ဖြစ် သည်။

ဒီမိုကရေစီအစိုးရသည် နိုင်ငံသားများပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ အလုပ်မဖြစ်နိုင်ပါ။ ဒီမိုကရေစီဟူသည် အစိုးရနှင့် ပြည်သူလက်တွဲဆောင်ရွက်ခြင်းဖြစ်၏။ ဒီမိုကရေစီ ရှင်သန်အားကောင်းရန် နှစ်ဖက်စလုံးက တက်ကြွစွာဆောင်ရွက် ရမည်ဖြစ်သည်။ ခိုင်မာအားကောင်းသောဒီမိုကရေစီတစ်ရပ်ဖြစ်ထွန်းရန် နိုင်ငံသားများတွင် အသိအမြင်နိုးကြားပြီး တက်တက်ကြွကြွနှင့် တာဝန်ယူမှုရှိရန် လိုအပ်သည်၊ သို့မှသာ ဒီမိုကရေစီနည်းကျဆုံးဖြတ်ချက်ချရာတွင် နိုင်ငံသားတို့ ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပါဝင်ဆောင်ရွက်ခြင်းမည်သည် အစိုးရအပေါ် နိုင်ငံသားများက ထောက်ခံပြီး အတူတကွအလုပ်လုပ်ဆောင်ခြင်းဟုအ ဓိပ္ပာယ်ရ၏။ ထို့အပြင် အစိုးရ၏အမှားအယွင်းများကို ထောက်ပြခြင်းနှင့် သဘောမတူသော(ဥပမာ နိုင်ငံရေးပါတီများ ၏အစီအစဉ်များတွင်လွှမ်းမိုးဩဇာညောင်းအောင်ပြုလုပ်ခြင်းမှတစ်ဆင့်) အမြင်၊ မူဝါဒနှင့် ဆောင်ရွက်ချက်များကို ကန့်ကွက်ပြီး ပြောင်းလဲရန်အဆိုပြုတင်ပြခြင်းဟုလည်း အဓိပ္ပာယ်ရပြန်သေးသည်။ အထက်ပါအဓိပ္ပာယ်နှစ်ရပ်စလုံး သည် နိုင်ငံသားပါဝင်ဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သော အရေးပါသည့်ပုံစံများဖြစ်ကြသည်။

ပါဝင်ဆောင်ရွက်ခြင်းကို အောက်ပါအတိုင်းတွေ့နိုင်သည်။

၁။ ရွေးကောက်ပွဲများတွင် မဲပေးနိုင်သောပြည်သူဦးရေမြင့်မားခြင်း

၂။ လူထုအသိုင်းအဝိုင်းကို သက်ရောက်နေသောပြဿနာရပ်များအပေါ် အလေးထားစိတ်ဝင်စားသည့် နိုင်ငံသား ဦးရေမြင့်မားခြင်း

၃။ အစိုးရအလုပ်လုပ်ကိုင်ပုံသိနားလည်ပြီး အစိုးရ၏ဆောင်ရွက်ချက်များကို ဂရုတစိုက်စောင့်ကြည့်သော နိုင်ငံ သားဦးရေမြင့်မားခြင်း

၄။ နိုင်ငံရေးပါတီများ၊ အန်ဂျီအိုများ၊ ကိုးကွယ်မှုအခြေခံအဖွဲ့အစည်းများနှင့် ရပ်ရွာလူထုအခြေခံ အဖွဲ့အစည်းများ တွင် အဖွဲ့ဝင်(သို့မဟုတ်) စေတနာ့ဝန်ထမ်းလုပ်ကြသော နိုင်ငံသားဦးရေမြင့်မားခြင်း။

နိုင်ငံရေးပါတီများနှင့် ပါဝင်ဆောင်ရွက်ခြင်း

ကိုယ်စားပြုဒီမိုကရေစီသည် အစိုးရအဖွဲ့အတွင်း နိုင်ငံသားများ တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိစေကာမူ အစုအ ဖွဲ့များနှင့် တစ်သီးပုဂ္ဂလများအတွက် အဆိုပါအစိုးရအဖွဲ့အတွင်း အသံတစ်သံရှိနိုင်မည့်အခွင့်အရေးကိုတော့ ဖန်တီး ပေးပါသည်။

သို့ရာတွင် အဓိပ္ပာယ်ပြည့်၀သောဒီမိုကရေစီဟုပြောရန် ကိုယ်စားပြုဌာနအဖွဲ့အစည်းများချည်း ထီးတည်းတည်ရှိနေရုံ ဖြင့်မရပါ။ လူ့အဖွဲ့အစည်း၏ ထွေပြားများပြားလှသည့်မူဝါဒလိုလားချက်များနှင့် အုပ်ချုပ်မည့်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကြား ချိတ်ဆက်မှုရှိရန် ဖန်တီးပေးဖို့လိုသည်။ ဤချိတ်ဆက်မှုအတွက် နိုင်ငံသားများနှင့် အစိုးရဌာ နအဖွဲ့အစည်းများကြား ထိန်းညှိဆောင်ရွက်ပေးမည့်သူများကို လိုအပ်သည်။ နိုင်ငံရေးပါတီများသည် ယခုတင်ပြသော ထိန်းညှိဆောင်ရွက်ရေးလုပ်ငန်းကို အောက်ပါအရေးပါသည့်နည်းလမ်းသုံးရပ်ဖြင့် ဆောင်ရွက်သည်။

၁။ နိုင်ငံရေးပါတီများသည် လူမှုရေးအကျိုးစီးပွားနှင့် လိုလားချက်များကို စုစည်းပေါင်းစပ်နိုင်ရန်၊ စနစ်တကျစီမံ ဆောင်ရွက်နိုင်ရန်နှင့် လှုံ့ဆော်ဖော်ထုတ်ပေးနိုင်ရန် နည်းလမ်းများကို ပေးသည်။ စနစ်တကျကောင်းမွန်စွာစု ဖွဲ့ထားသောပါတီများသည် ပါတီဝင်များ၊ အခြားနိုင်ငံသားများနှင့် ရွေးကောက်ပွဲကာလတွင်သာမက အဆက် အသွယ်မပြတ်ဘဲ အစဉ်ရှိ၏။ ပါတီများသည် နိုင်ငံသားများ၏လိုအပ်ချက်များကို နားထောင်ပြီး မတူသောသ ဘောထားအမြင်အမျိုးမျိုးကို ညှိနှိုင်းဖြန်ဖြေပေးကာ ကိုယ်စားပြုဌာနအဖွဲ့အစည်းများအတွင်း နိုင်ငံသားများ ကို အသံတစ်သံထွက်နိုင်အောင် လုပ်ပေးသည်။ ဒီမိုကရေစီနိုင်ငံများတွင် အထက်ပါလုပ်ငန်းတာဝန်ကို ပါတီ အားလုံး ဖြည့်ဆည်းနိုင်မည်မဟုတ်သည်မှာ သေချာသော်လည်း ပါတီများမရှိလျှင် ဤလုပ်ငန်းတာဝန်သည် များစွာအားနည်းသွားမည်ဖြစ်သည်။

၂။ ပါတီများသည် နိုင်ငံရေးတွင် နိုင်ငံသားများအားလုံး တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ပိုမိုကြီးမားသောအခွင့်အ လမ်းများကို ပေးသည်။ ပါတီများသည် မည်သည့်နိုင်ငံသားတိုင်းမဆို ရွေးကောက်ပွဲတွင် ပိုမိုယှဉ်ပြိုင်နိုင်စေ မည့် အသင်းအဖွဲ့ဆိုင်ရာအခြေခံအဆောက်အဦကို ပေးသည်။ ပါတီအခြေခံအဆောက်အဦသာမရှိလျှင် ချမ်း သာပြီးဩဇာကြီးသောတစ်သီးပုဂ္ဂလများသာ မဲဆွယ်စည်းရုံးရေးကို ထိရောက်စွာ ပိုမိုဆောင်ရွက်သွားနိုင်စရာ ရှိသည်။ ဒီမိုကရေစီနည်းကျဖွဲ့စည်းထားသောပါတီများတွင် ပါတီဝင်အားလုံး၌ နိုင်ငံရေးအစီအစဉ်အပေါ်ဩ ဇာညောင်းနိုင်ပြီး ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်သည့်အခွင့်အရေးရှိသည်။

၃။ နိုင်ငံရေးပါတီများသည် ပြည်သူ့သဘောထားအမြင် ဖြစ်ထွန်းအောင် ပံ့ပိုးပေးပြီး အဆိုပါသဘောထားအမြင် ပေါ်ပေါက်လာစေနိုင်မည့် နိုင်ငံရေးသတင်းအချက်အလက်ကို ဖြန့်ဝေပေးသည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံသားများ၌ တစ်ခုတည်းသောပြဿနာရပ်၊ တစ်ဦးတည်းသောကိုယ်စားလှယ်လောင်း နှင့်စပ်လျဉ်းသော သဘောထားအမြင်ဟူ၍ မရှိနိုင်ပါ။ ပါတီအစီအစဉ်များနှင့် ပါတီအမှတ်တံဆိပ်များသည် ရွေးကောက်ပွဲဆိုင်ရာ ရွေးချယ်မှုကို လွယ်ကူရှင်းလင်းစေသည်။(Riegner and Stacey 2014:8)