အသစ်များ > ရွေးကောက်ပွဲစနစ်များ၊ နိုင်ငံရေးပါတီများအတွက် အဓိကပြဿနာရပ်များ

ရွေးကောက်ပွဲစနစ်များ၊ နိုင်ငံရေးပါတီများအတွက် အဓိကပြဿနာရပ်များ

2022-10-01

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲစနစ်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သို့မဟုတ် ဥပဒေ ရေးရာမူဘောင်များ ချမှတ်ရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးခြင်း သို့မဟုတ် စေ့စပ်ညှိနှိုင်းခြင်းများ ပြုလုပ်သည့်အခါ အဓိကပြဿနာရပ်တချို့ကို သိနားလည်ထားခြင်းသည် ၎င်းတို့အတွက် အထောက်အကူဖြစ်ပါလိမ့်မည်။

၁။ ပါတီမှသတ်မှတ်ထားသည့်အကျိုးစီးပွားကို ဖြည့်ဆည်းပေးနိုင်မည့်အရာနှင့် ထိုအရာက မည်သည့်ကာလ အထိ ဖြည့်ဆည်းပေးနိုင်မည်ဆိုသည်နှင့်စပ်လျဉ်း၍ ဓမ္မဓိဋ္ဌာန်တကျရှုမြင်သုံးသပ်ပါ။

ပါတီများသည် ယင်းတို့၏အကျိုးစီးပွားများကို နှောင့်နှေးကြန့်ကြာစေမည့် ရွေးကောက်ပွဲအပြောင်းအလဲကို ပံ့ပိုးပေးသောသာဓကများရှိသည်။ သို့မဟုတ် ရွေးကောက်ပွဲအပြောင်းအလဲ၏ ရေတို၊ ရေရှည်အကျိုးသက်ရောက်ချက်များတွင် ကွဲပြားခြားနားမှုရှိသည်ကို ပါတီများ အသိအမှတ်မပြုသည့် သာဓကများလည်းရှိသည်။ စနစ်သည် ပါတီကို အာဏာရချိန်၊ မရချိန်တွင် မည်သို့သက်ရောက်မှုရှိမည်ကို စဉ်းစားပါ။

၂။ ရွေးကောက်ပွဲစနစ်သည် ပံ့ပုံးပေးသူသာဖြစ်သည်၊ အဆုံးအဖြတ်ပေးသူမဟုတ်ပါ။

ရွေးကောက်ပွဲစနစ်သည် ဒီမိုကရေစီကူးပြောင်းဖော်ဆောင်မှု ဦးတည်ချက်ကို ကူညီပေးနိုင်သော်လည်း အာမခံမပေးနိုင် သို့မဟုတ် အဆုံးအဖြတ်မပေးနိုင်ပါ။

၃။ ရွေးကောက်ပွဲစနစ်များသည် တန်ဖိုးများအပေါ်အခြေခံထားသည်ကို အသိအမှတ်ပြုပါ။

ပြီးပြည့်စုံသော ရွေးကောက်ပွဲစနစ်ဟူ၍ ရှိလိမ့်မည်မဟုတ်ပါ၊ ရွေးကောက်ပွဲစနစ်တစ်ရပ်စီတွင် မတူသောအဂတိတရားများအစုံလိုက်ရှိပြီး အခြားစနစ်များထက် ပိုကောင်းမွန်သော ရည်မှန်းချက်တချို့ကို အမြဲဖြည့်ဆည်း ပေးလိမ့်မည်။

၄။ရိုးရှင်းလွယ်ကူခြင်း၏အားသာချက်များကို အသိအမှတ်ပြုပါ။

ရိုးရှင်းလွယ်ကူသော ရွေးကောက်ပွဲစနစ်များသည် အကျိုးရလဒ်ပိုင်း၌ ပိုပြီးခန့်မှန်း၍ရနိုင်သည်၊ အကောင်အထည်ဖော်ရာတွင် အကုန်အကျနည်းနိုင်သည်၊ ထို့အပြင် လေ့လာဆန်းစစ်ရပိုလွယ်ကူပြီး ချို့ယွင်းချက်များ ပေါ်လွင်နေပါက အနာဂတ်တွင် ညှိနှိုင်းပြင်ဆင်ရန်လည်း ပိုလွယ်ကူပါသည်။ ထိုစနစ်များသည် ပွင့်လင်းမြင် သာမှုဟူသောအားသာချက်များလည်း ရှိနေပြန်သည်။ မဲဆန္ဒရှင်များက စနစ်သည် ယင်းတို့၏ဆန္ဒမဲများကို မည်သို့ ပြန်ဆက်ဆံပေးသည်ကို နားမလည်လျှင် ရွေးကောက်ပွဲရလဒ်အပေါ် မဲပေးသူများ လက်ခံပေးနိုင်ဖွယ် မရှိပေ။ တစ်ချိန်တည်း သို့ ပြိုင်တူအချိန်တွင်း ရွေးကောက်ပွဲစနစ်သစ်များစွာနှင့် မဲပေးရန်အတွက်စည်းမျဉ်း သစ်များစွာကို တင်သွင်းကျင့်သုံးပါက အထူးသဖြင့် အကျိုးရလဒ်ပိုင်းတွင် ရှုပ်ထွေးဝေဝါးသွားနိုင်သည်။

၅။ အတိတ်တုန်းက ပါတီတစ်ခုကို အောင်မြင်မှုယူလာပေးသော ရွေးကောက်ပွဲစနစ်တစ်ခုသည် ပိုမိုပွင့်လင်း သောလူ့အဖွဲ့အစည်းတွင် အဆိုပါရလဒ်များကို ဆက်ယူဆောင်ပေးလိမ့်မည်ဟု မမျှော်လင့်ပါနှင့်။

အင်အားအကြီးဆုံးပါတီတစ်ခုကို မျက်နှာသာပေးထားသော စနစ်များသည် ပိုမိုပွင့်လင်းသောယှဉ်ပြိုင်မှု အောက်တွင် အခြားမတူသောအင်အားအကြီးဆုံးပါတီတစ်ရပ်ကိုပင် မျက်နှာသာပေးသွားနိုင်သည်။

၆။ ပါတီစနစ်များနှင့် ဆက်စပ်နေသောအားသာချက်များသည် ရွေးကောက်ပွဲစနစ်သစ်များအောက်တွင် အလားတူအတိုင်း ဆက်ရှိနေလိမ့်မည်ဟု မမျှော်လင့်ပါနှင့်။

ရွေးကောက်ပွဲစနစ်သစ်များသည် ပါတီဖွဲ့စည်းမှုပုံစံသစ်များ၊ စနစ်များနှင့် အမူအကျင့်တို့ကို ဖန်တီးပေးသည်။

၇။ရွေးကောက်ပွဲစနစ်၏စည်းမျဉ်းများတွင် မည်ရွေ့မည်မျှအထိ ပြုလွယ်ပြင်လွယ်ရှိပါက သင့်တော်မည်ကို သေချာစဉ်းစားပါ။

အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ တန်းမြင့်အသုံးချကိရိယာများတွင် မည်ရွေ့မည်မျှ အသေးစိတ်ကျ ရန်လိုအပ်သည်ကို စဉ်းစားရမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခိုင်မာစွာအမြစ်တွယ်နေသော ရွေးကောက်ပွဲဆိုင်ရာပြဋ္ဌာန်းချက်များသည် အဖျက်အင်အားစုများ လက်လှမ်းမမီနိုင်အောင် ကာကွယ်ထားပြီးဖြစ် သော်လည်း အကောင်အထည်ဖော်ခြင်းနှင့် အထူးသဖြင့် နောင်တစ်ချိန် လိုအပ်သော ပြုပြင်ပြောင်းလဲရေးများကို ပြုလုပ်ရာတွင် များစွာအခက်အခဲဖြစ်စေနိုင်သည်။

၈။ ကျယ်ပြန့်သောအကြံဉာဏ်ကို ရယူခြင်းဖြင့် ကမ္ဘာ့အမြင်အတွေ့အကြုံမှ လေ့လာသင်ယူပါ။

စာတွေ့ လက်တွေ့နှစ်ရပ်စလုံးကို အခြေခံ၍လေ့လာသင်ယူပါ။ အတိုင်ပင်ခံပညာရှင်များစွာနှင့်တူသော ရွေး ကောက်ပွဲဒီဇိုင်းကျွမ်းကျင်သူတစ်ဦးစီတွင် ကိုယ်ပိုင် နှစ်သက်ရာစနစ်များရှိပြီး အတွေ့အကြုံအရ အကန့်အသတ်များလည်း ရှိနေသည်။

၉။ သင့်လျော်သော ရွေးကောက်ပွဲစနစ် ဖွံ့ဖြိုးလာရေး/ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တစ်ခုကို စဉ်းစားပါ။

ထို့သို့သောရွေးကောက်ပွဲစနစ်ကို မည်သူက မောင်းနှင်နေသည်၊ မည်သူပါဝင်ဆောင်ရွက်နေသည်ကို စဉ်းစားပါ။ ရွေးကောက်ပွဲစနစ်များသည် ထင်သာမြင်သာဖြင့် နိုင်ငံရေးကစားကြသူများကိုသာမဟုတ်ပါ၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ်သက်ရောက်နေခြင်းဖြစ်သည်။ အရပ်ဖက်လူ့အဖွဲ့အစည်း၏ကျွမ်းကျင်မှုကို ပါဝင်စေခြင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် ပြုပြင်ပြောင်းလဲရေးညွန့်ပေါင်းအဖွဲ့များ တည်ထောင်ခြင်းတို့သည် နိုင်ငံရေးပါတီ၏ ပညာဗဟုသုတနှင့် စွမ်းဆောင်ရည်ပိုင်း လစ်ဟာမှုများကို ဖြည့်ဆည်းပေးနိုင်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပိုမိုကျယ်ပြန့်သော အခြေခံဖြစ်သည့်ထောက်ခံမှုကို ပေးနိုင်ပါသည်။

၁၀။ စနစ်သွင်ပြင်လက္ခဏာအားလုံး၏ သက်ရောက်လာနိုင်မှုများကို စဉ်းစားပါ။

အပေါ်ယံကြည့်လျှင် ရိုးရှင်းသည်ဟု ထင်ရသောစနစ်တစ်ရပ်သည် အသေးစိတ်ကြည့်လျှင် နောက်ကွယ်၌ ပုန်း ကွယ်နေသော သက်ရောက်မှုများ သိသာထင်ရှားစွာရှိနေတတ်သည်။ ဥပမာ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ခွင့်ရဆန္ဒမဲခရိုင် သို့မဟုတ် မဲခရိုင်နယ်မြေအရွယ်အစားကျဉ်းမှုကို အခြေခံသည့်စနစ်များတွင် ရွေးကောက်ပွဲခရိုင် သတ်မှတ်ရန်အတွက် မည်သို့ဖြစ်စဉ်ရှိသည်၊ အချိုးကျကိုယ်စားပြုစနစ်(PR) တွင်ကိုယ်စားပြုခွင့်အတွက် ထောက်ခံမဲအနိမ့်အဆင့်ကို မည်သို့သတ်မှတ်ထားသည် စသဖြင့် အသေးစိတ်အချက်အလက်များသည် ပါတီ တစ်ရပ်၏ရွေးကောက်ပွဲအောင်မြင်အပေါ် အကြီးအမားသက်ရောက်မှုရှိနိုင်သည်။

၁၁။ စနစ်တစ်ရပ်ကို မဆိုစလောက်တို့ထင်ပြင်ဆင်ကာ မပြောပလောက်သောတိုးတက်မှုများသာ ဖော်ဆောင်ပေးရန်ကြိုးစားခြင်းသည် အခြားသောနိုင်ငံရေးအင်အားစုများဘက်မှ အလားတူတုံ့ပြန်မှုမျိုးပေါ်ထွက်လာအောင်လှုံ့ဆော်ပေးသည်။

ဤအချက်သည် ရွေးကောက်ပွဲစနစ်ကို အလွန်အမင်းရှုပ်ထွေးစေရုံသာမက၊ နိုင်ငံရေးအင်အားစုအသီးသီးက မတူကွဲပြားသော ယင်းတို့၏အကျိုးစီးပွားအကြံအစည်များအပေါ် အခြေခံသောတန်ပြန်ပြင်ဆင်ပြောင်းလဲမှု အမျိုးမျိုးကို ပြုလုပ်လာ၍ ရွေးကောက်ပွဲစနစ်သည်လည်း မူလဦးတည်ချက်မှ သွေဖည်ထွက်သွားနိုင်သည်။

၁၂။ အဆိုပြုလိုက်သောရွေးကောက်ပွဲစနစ်ကို မျှမျှတတနှင့် တိတိကျကျအကောင်အထည်ဖော်နိုင်စေရေး ကြိုးပမ်းရာတွင် နိုင်ငံအတွက်နှင့် ပါတီများအတွက် ငွေကြေးပိုင်းနှင့် တတ်ကျွမ်းမှုပိုင်းကုန်ကျစရိတ်များကို စဉ်းစားပါ။ ရွေးကောက်ပွဲစနစ်သည် ရေရှည်တည်တံ့နိုင်ပါသလား။

တချို့စနစ်များသည် ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာပုံရသည်ကို နားလည်ထားပီ။ ဥပမာ ကိုယ်စားလှယ်တစ်ဦးသာ ရွေးချယ်နိုင်သောဆန္ဒမဲခရိုင်များကို အခြေခံသည့် ဗဟု/အများစုစနစ်များတွင် နောက်ကွယ်၌ပုန်း ကွယ်နေသော ငွေကြေးကုန်ကျစရိတ်များ၊ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ပြဿနာများ နှင့် ပါတီများအတွက် အခက်အခဲများ သိသိသာသာရှိနေနိုင်သည်။

၁၃။ မမိသောငါးက ပိုကြီးသည်(အခြားတဖက် မြက်ကပိုစိမ်းသည်) ဟူသောစိတ်အစွဲမျိုးမဖြစ်အောင် သတိ ထားဆင်ခြင်ပါ။

အမှန်စင်စစ်တွင်မူ အခြားစနစ်များသည် တည်ဆဲစနစ်များထက် ပိုကောင်းချင်မှကောင်းနိုင်သည်။ တည်ဆဲ ရွေးကောက်ပွဲစနစ်သည် ပြီးပြည့်စုံချင်မှစုံနိုင်မည်ဖြစ်သော်လည်း အကြောင်းအကျိုးအားဖြင့် သင့်လျော်သော ညှိနှိုင်းအပေးအယူမှုတစ်ခုတော့ ဖြစ်နိုင်သည်။ တည်ဆဲစနစ်ကို ပြင်ဆင်ခြင်းသည် မတူသောစနစ်တစ်မျိုးဖြင့် အသစ်စတင်ခြင်းထက် ပိုကောင်းမွန်သောရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။

၁၄။ သည်းခံစိတ်ထားပါ

ရွေးကောက်ပွဲစနစ်တစ်ရပ်မှ အပြည့်အ၀ထွက်လာသောရလဒ်များသည် စနစ်ကို အသုံးပြုသည့် ပထမအကြိမ် ယန္တရားလည်ပတ်မှုကာလ သို့မဟုတ် ဒုတိယအကြိမ်ကာလရောက်သည့်တိုင် လိုချင်သောရလဒ်မျိုးအတိုင်း ကောင်းမွန်စွာထွက်ပေါ်လာနိုင်မည်မဟုတ်ပါ။

၁၅။ အကောင်းမြင်စိတ်ကဲလွန်းပါက စိတ်ပျက်ရမှုကို ဖြစ်စေနိုင်သည်။

ရွေးကောက်ပွဲစနစ်တွင် အပြောင်းအလဲဖြစ်လိုက်ရုံဖြင့်(ဥပမာ ပါတီအရေအတွက် သိသိသာသာလျော့ကျမည် သို့မဟုတ် တိုးပွားလာမည်ဟု မျှော်လင့်ခြင်း) မျှော်မှန်းထားသည့်ပန်းတိုင်များကို တိုက်ရိုက်မရရှိသော အချိန်အခါမျိုးတွင်ဖြစ်သည်။ မျှော်မှန်းချက်များကို တော်ရုံသင့်ရုံထားပါက ကုသဆေးအဖြစ် စည်းမျဉ်းသစ် များအပေါ် မှီခိုအားထားခြင်းထက် စနစ်သစ် အကောင်အထည်ဖော်ခြင်းအပေါ် ပြန်လည်အရေးစိုက်လာစေရန် ကူညီပေးနိုင်ပါသည်။

Source: Wall, Alan and Salih, Mohamed. Engineering Electoral Systems: Possibilities and Pitfalls (NIMD 2008)