ရွေးကောက်ပွဲများ
ပြည်သူလူထုအနေဖြင့် ၎င်းတို့၏လူထုအသိုင်းအဝိုင်းအတွင်း ကောင်းဆိုးဖြစ်စဉ်ကို ဆုံးဖြတ်နိုင်မည့်အခွင့်အလမ်းကို ရွေးကောက်ပွဲများက ပေးအပ်သည်။ တစ်ခါတစ်ရံ ပြည်သူလူထုသည် သီးခြားကိစ္စရပ်များကို ထောက်ခံရန်(သို့မဟုတ်) ကန့်ကွက်ရန် မဲပေးကြသည်။ ဤမဲအမျိုးအစားကို ပြည်သူ့ဆန္ဒခံယူပွဲဟု ခေါ်သည်။ ဥပမာ မြို့တစ်မြို့တွင် လမ်းသစ် ဖောက်လုပ်ရန် မြို့နေလူထုက သဘောတူ၊ မတူဆန္ဒမဲပေးကာဆုံးဖြတ်နိုင်ခြင်းမျိုးဖြစ်သည်။ ဤအချက်သည် တိုက် ရိုက်ဒီမိုကရေစီ၏သာဓကပြယုဂ်တစ်ရပ်ပင်ဖြစ်သည်။
သို့ရာတွင် ရွေးကောက်ပွဲအများစုသည် ကိုယ်စားပြုဒီမိုကရေစီ၏သာဓကတစ်ရပ်ဖြစ်သဖြင့် လူထုသည် အများအား ဖြင့် ရပ်ရွာလူထုအသိုင်းအဝိုင်းအတွက် ဆုံးဖြတ်ချက်ချရန်တာဝန်ယူမည့် ကိုယ်စားလှယ်များကို ရွေးချယ်ကြသည်။ ရွေးချယ်ရာတွင် သာမန်အားဖြင့် အများဆုံးမဲဖြင့် ရွေးချယ်သည်(ဥပမာ မဲအများဆုံးရသူသည် သက်ဆိုင်ရာရပ်ရွာလူ ထု၏ ကိုယ်စားလှယ်ဖြစ်လာသည်)။
အစိုးရအဖွဲ့တွင် မိမိတို့၏ဆိုင်ရာရပ်ရွာလူထုကို ကိုယ်စားပြုလိုသောတစ်သီးပုဂ္ဂလများကို အမတ်လောင်းများဟုခေါ် သည်။ ရွေးကောက်ပွဲကာလတွင် ပြည်သူလူထုသည် ကိုယ်စားလှယ်လောင်းအသီးသီး၏ အမျိုးမျိုးသော သဘောထား အမြင်များနှင့် စံနှုန်းများကို လေ့လာသိရှိခွင့်ရပြီး လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့်ကိစ္စ နှင့်စပ်လျဉ်းသော မိမိတို့၏အတွေးအမြင်များကို အကောင်းဆုံးကိုယ်စားပြုနိုင်မည့် အမတ်ကို ဆုံးဖြတ်နိုင်ကြ၏။
ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ
ဒီမိုကရေစီဟူသည် ကိုယ်ပိုင်အစိုးရဟူသောအမြင်အပေါ် အခြေခံသည်။ ဆိုလိုသည်မှာ အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် အာဏာသည် ပြည်သူလူထု၏လိုက်လျောခွင့်ပြုမှုအပေါ်အခြေခံပြီး အစိုးရသည် ပြည်သူလူထုထံ တာဝန်ခံရမည်ဖြစ် ကာ အာဏာကို နိုင်ငံသားများအားလုံး၏တန်းတူအကျိုးစီးပွားအတွက် အသုံးပြုရမည်ဟူသောသဘောပင်ဖြစ်သည်။ ကိုယ်စားပြုဒီမိုကရေစီတွင် အဓိကဆုံးဖြတ်ချက်ချခြင်းလုပ်ထုံးလုပ်နည်းသည် ရွေးကောက်ပွဲများဖြစ်သည်။ ရွေး ကောက်ပွဲဆိုင်ရာဒီမိုကရေစီကို လူထုဆန္ဒခံယူပွဲကဲ့သို့သော တိုက်ရိုက်ဒီမိုကရေစီ၏ယန္တရားများဖြင့် ဖော်ဆောင်နိုင် သော်လည်း ဤယန္တရားများသည် အစိုးရအဖွဲ့အတွက် ကိုယ်စားလှယ်ကို ရွေးချယ်ခြင်းဖြစ်သော ရွေးကောက်ပွဲများ၏ ကိုယ်စားပြုခြင်းတာဝန်ကို ဖြည့်စွမ်းမပေးနိုင်ပါ။
သို့သော် ရွေးကောက်ပွဲဟုဆိုတိုင်း ဒီမိုကရေစီမမည်ပေ။ ရွေးကောက်ပွဲဟုဆိုလျှင် နိုင်ငံသားများ၏လိုလားချက်များကို ကိုယ်စားပြုယန္တရားအဖွဲ့အစည်းများနှင့် အစိုးရမူဝါဒများအဖြစ် ထိရောက်စွာ ကူးပြောင်းလဲပေးရန်လိုအပ်သည်။ ထို့ ကြောင့် ရွေးကောက်ပွဲဆိုင်ရာဒီမိုကရေစီသည် အထက်တွင်ဖော်ပြခဲ့သော အခြေအနေလေးရပ်အပေါ် မူတည်သည်။
ပါတီများသည် ပြည်သူ့သဘောထားအမြင် ဩဇာညောင်းနိုင်စေရန် ကြိုးပမ်းသည်၊ နိုင်ငံရေးရာထူးအတွက်ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲများတွင် ပုံမှန်ပါဝင်ဆောင်ရွက်ကြသည်။ အစိုးရ၊ ပြည်သူနှင့် အရပ်ဖက်အဖွဲ့အစည်းကြား ပါတီများက တည်ဆောက်ပေးထားသောအချိတ်အဆက်များသည် နိုင်ငံသားများ နှင့် အစိုးရကြားသတင်းအချက်လက်နှင့် ရွေးချယ် ချက်များ စနစ်တကျကူးပြောင်းရေးကို မြှင့်တင်ပံ့ပိုးပေးသည်။ နိုင်ငံရေးအာဏာရရှိရေးပါတီများက ယှဉ်ပြိုင်သည့်အခါ ပါတီများသည် အစိုးရမူဝါဒအဖြစ် လက်တွေ့ဖြစ်လာရန်အခွင့်အလမ်းရှိသော မူဝါဒရွေးချယ်စရာများကို နိုင်ငံသား များထံပေးအပ်သည်။
ပါတီများသည် တိုင်းပြည်၏နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်စုံတွင် လူအများအပြားကို စည်းရုံးယူကာရွေးကောက်ပွဲများ တွင် နိုင်ငံရေးအာဏာရရှိရေး ကြိုးပမ်းကြသည်။ ပါတီတစ်ရပ်သည် အမျိုးသားအဆင့်ရွေးကောက်ပွဲများတွင် အောင် မြင်ချင်ပါက ရှင်းလင်းပြည့်စုံသောနိုင်ငံရေးအစီအစဉ်တစ်ရပ်ကို ရေးဆွဲရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးကို အုပ်ချုပ်ရန်တာ ဝန်ယူလိုစိတ်ရှိရမည်။ အမျိုးသားအဆင့်ရှိပါတီများသည် (သီးခြားနယ်မြေဒေသတစ်ခုထက်)တိုင်းပြည်တစ်ပြည်ရင် ဆိုင်နေရသည့် လူမှုရေးနှင့် စီးပွားရေးပြဿနာရပ်ကို လွှမ်းခြုံကာမိစေနိုင်မည့် ဖြေရှင်းနည်းများနှင့် မူဝါဒများကို ဖော်ဆောင်ပေးသင့်သည်။ ဤဖြေရှင်းနည်းများနှင့် မူဝါဒများသည် များသောအားဖြင့် ပါတီတွင်း အမျိုးမျိုးသောအ ကျိုးစီးပွားများကြား အလျှော့အတင်းရှိရမည်ဖြစ်သည်။
သီးခြားအမှီအခိုကင်းသော လွှတ်တော်အမတ်များ (သို့မဟုတ်) အရပ်ဖက်အဖွဲ့အစည်းများကဲ့သို့သော တစ်မူထူးခြား သည့်နိုင်ငံရေးအသင်းအပင်းပုံစံများတွင် ယေဘုယျအားဖြင့် အထက်ပါအရည်အသွေးမျိုး တစ်ခုထက်မက မရှိဘဲဖြစ် နေတတ်သည်။တစ်နည်းအားဖြင့် ရွေးကောက်ပွဲအခြေခံဒီမိုကရေစီကိုမြှင့်တင်ပေးနိုင်သည့်အခြေအနေလေးရပ်အနက် တစ်ခုမဟုတ်တစ်ခုကို အထက်ပါသီးခြားနိုင်ငံရေးအသင်းအပင်းပုံစံများကဖြည့်ဆည်းပေးကောင်းပေးနိုင်သော်လည်း အားလုံးကို တစ်ချိန်တည်း ဖြည့်ဆည်းပေးနိုင်ဖွယ်တော့မရှိပါ။ နိုင်ငံရေးပါတီများတွင် အဆိုပါလက္ခဏာများကို ပေါင်းစည်းမြင်ရပြီဆိုလျှင် ယင်းပါတီများသည် ရွေးကောက်ပွဲအခြေခံဒီမိုကရေစီကို မြှင့်တင်မည့်အခြေအနေလေးရပ်စ လုံးကို မြှင့်တင်ပေးနိုင်မည်မှာ သေချာသည်။ (Riegner and Stacey 2014:7)
လွတ်လပ်တရားမျှတသောရွေးကောက်ပွဲများ
ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်များသည် ပြည်သူလူထု၏လိုလားထောက်ခံမှုကိုရရှိရန်လိုအပ်သည်။ လူထုကလို လားထောက်ခံမှုမရှိလျှင် ခေါင်းဆောင်ကို လူထုက အစားထိုးဖယ်ရှားနိုင်သည်။ ကိုယ်စားလှယ်တစ်ဦးသည် ၎င်းကိုယ် စားပြုသောလူထုအသိုင်းအဝိုင်းအတွက် ဆုံးဖြတ်ချက်ကောင်းများကို ချမှတ်လျှင် လူထုကလည်း ထိုကိုယ်စားလှယ် အား နောက်တစ်ကြိမ်ထပ်မံမဲပေး၍ အကျိုးပြုနိုင်၏။ တစ်နည်းအားဖြင့် ကိုယ်စားလှယ်သည် လူထုအသိုင်းအဝိုင်းအ တွက် တာဝန်၀တ္တရားများကို ကျေပွန်စွာမထမ်းဆောင်ပါက လူထုက နောက်တစ်ကြိမ်မဲမပေးတော့ဘဲ အစားထိုးဖယ် ရှားပစ်နိုင်သည်။
ထို့ကြောင့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီတွင် အလွန်အရေးပါရခြင်းဖြစ်သည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည် သူလူထုသည် ၎င်းတို့၏လိုလားထောက်ခံမှုရှိခြင်း၊ မရှိခြင်းကို ဖော်ထုတ်ခွင့်ရလာသလို ကိုယ်စားလှယ်များအား ပြည် သူအပေါ် တာဝန်ခံစေရန်လည်း လုပ်ဆောင်ခွင့်ရလာသည်။ သို့သော် ရွေးကောက်ပွဲများကို သမာသမတ်ကျစွာမကျင်း ပလျှင် ကိုယ်စားလှယ်များက လူထုအပေါ် ကိုယ်စားပြုခြင်းမရှိ၊ အကျိုးပြုခြင်းမရှိ၊ တာဝန်ခံမှုမရှိဖြစ်လာချိန်တွင် ထိုကိုယ်စားလှယ်များကို ဖယ်ရှားနိုင်စွမ်း ပြည်သူတွင် ရှိမည်မဟုတ်တော့ဘဲ မိမိလိုလားသောကိုယ်စားလှယ်လောင်း များနှင့် အစားထိုးပစ်ရန်ကိုလည်း လုပ်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများသည် ‘လွတ်လပ်ပြီးတရားမျှတမှုရှိ’ရန် အရေးကြီးခြင်းဖြစ်သည်။
‘လွတ်လပ်သော’ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမတိုင်မီ (သို့မဟုတ်) ရွေးကောက်ပွဲကာလအတွင်း နိုင်ငံသားများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းများမရှိပေ။
‘တရားမျှတသော’ရွေးကောက်ပွဲတွင် (မဲဝယ်ခြင်း (သို့မဟုတ်) တာဝန်ရှိသူများကို လာဘ်ထိုးခြင်းကဲ့သို့သော) အကျင့် ပျက်ခြစားမှုမရှိပေ၊ မဲများကို မျှမျှတတ၊ စနစ်တကျ ရေတွက်သည်။
လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲများကို အောက်ပါနည်းများအတိုင်း တွေ့နိုင်သည်။
- နိုင်ငံသားအားလုံးတွင် မဲတစ်မဲရှိသင့်ပြီး မဲတိုင်းတွင် တူညီသောတန်ဖိုးရှိသင့်သည်
- ကိုယ်စားလှယ်လောင်းများအားလုံးသည် ရွေးကောက်ပွဲတွင် လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ရှိသင့်သည်
- ကိုယ်စားလှယ်လောင်းများအားလုံးသည် ၎င်းတို့၏အတွေးအခေါ်အမြင်များနှင့်စပ်လျဉ်းပြီး မဲဆန္ဒရှင်များထံ အသိပေးတင်ပြရန် တူညီသောအခွင့်အလမ်းနှင့် ချဉ်းကပ်ခွင့်ရှိသင့်သည်။
- ရွေးကောက်ပွဲတွင် မဲအများဆုံးရသော ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ပါတီသည် အာဏာကို မုချရရှိသင့် သည်။
- ရွေးကောက်ပွဲများကို ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အကြမ်းဖက်ခံရမည့်(သို့မဟုတ်) ခြိမ်း ခြောက်ခံရမည့်အရေးကို မစိုးရိမ်ရဘဲ လွတ်လပ်စွာရွေးချယ်မဲပေးနိုင်ရမည်။ (McLaughlin 2015:17-26)