တရားဝင်မှုဟူသောသဘောတရားကို နိုင်ငံရေးသိပ္ပံပညာရှင်များ လေ့လာသည့်အခါ အစိုးရတချို့ကို သူ့ပြည် သူလူထုက အဘယ်ကြောင့် လက်သင့်ခံသလဲ၊ မခံသလဲဟူသောအကြောင်းရင်းကို ရှင်းပြရန်လိုအပ်လာသည်။ ထိုအခါ တရားဝင်မှုသဘောတရားနှင့်စပ်လျဉ်း၍ နိုင်ငံရေးသိပ္ပံပညာရှင်များ မေးခွန်းထုတ်လေ့ရှိသည့် အခြေ ခံမေးခွန်းတစ်ရပ်ထွက်ပေါ်လာသည်။ ယင်းမှာ ‘ပြည်သူလူထုသည် အစိုးရကို အဘယ်ကြောင့်နာခံလိုက်နာရ သနည်း’ဟူ၍ဖြစ်သည်။ ဤသို့နှင့်တရားဝင်မှုသဘောတရား၏အဓိပ္ပာယ် ထွက်ပေါ်လာတော့သည်။ တရားဝင် မှုဟူသည် ခေါင်းဆောင်တစ်ဦး၊ အစိုးရတစ်ရပ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်၏ လုပ်ပိုင်ခွင့်အပေါ်ပြည်သူ လူထုကမည်ရွေ့မည်မျှလက်ခံထားသည် ဟူသော အခြေအနေကိုရည်ညွှန်းခြင်းဖြစ်သည်ဟုအဓိပ္ပာယ်ရသည်။
တရားဝင်မှုအပေါ် မူသီယာအလာဂက်ပါ(Muthiah Alagappa) ၏အမြင်
‘တရားဝင်မှု’သည် နိုင်ငံကို အေးချမ်းတည်ငြိမ်စွာနှင့် ထိရောက်မှုရှိရှိ အုပ်ချုပ်ရေးကို ပံ့ပိုးပေးနိုင်သဖြင့်အစိုးရ တစ်ရပ်အတွက် အလွန်အရေးကြီးသည်။ အစိုးရအနေဖြင့် ပြည်သူလူထု၏တရားဝင်လက်ခံမှုကို ရနိုင်သော လက္ခဏာ(၄) ရပ်ရှိသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင် မူသီယာအလာဂက်ပါက တင်ပြသည်။
(က) အစိုးရသည် နိုင်ငံတော်အာဏာကို ပြည်သူလက်ခံသောနည်းလမ်းများဖြင့်ရယူခြင်း (ဥပမာ ရွေးကောက်ပွဲကျင်းပခြင်း)
(ခ) အစိုးရသည် နိုင်ငံတော်အာဏာကို ပြည်သူ့သဘောထားဆန္ဒနှင့်အညီကျင့်သုံးခြင်း (ဥပမာ ပြည် သူတစ်ရပ်လုံး၏အကျိုးစီးပွားအလို့ငှာ မူဝါဒများကို ချမှတ်ခြင်း၊ အစိုးရဝန်ထမ်းများ လာဘ်စား မှုကင်းရှင်းရေးနှင့် သမာသမတ်ကျသောဥပဒေများကို ချမှတ်ခြင်း)
(ဂ) အစိုးရသည် ပြည်သူလူထု၏လိုအပ်ချက်များနှင့်ကိုက်ညီသော အရင်းအမြစ်များနှင့် တာဝန်များ ကို ဖြည့်ဆည်းဆောင်ရွက်ခြင်း။ (ဥပမာ စားနပ်ရိက္ခာ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို လုံလောက်စွာပေးရန်လိုသည်။)
(ဃ) အစိုးရတွင် ပြည်သူလူထု၏ထောက်ခံမှုရှိရန်လိုခြင်း(သို့မှသာပြည်သူက အစိုးရ၏လုပ်ပိုင်ခွင့်ကို လက်ခံပြီး အစိုးရ ချမှတ်သောစည်းမျဉ်းများကို လိုက်နာမည်ဖြစ်သည်။)
တရားဝင်မှုအပေါ် လယ်ရီဒိုင်းမွန်း (Larry Diamond) ၏အမြင်
ဒီမိုကရေစီနှင့်စပ်လျဉ်း၍ ပညာရှင်၊ သုတေသီတစ်ဦးဖြစ်သူ လယ်ရီဒိုင်းမွန်းက အစိုးရတစ်ရပ်၏တရားဝင်မှု နှင့်ဆက်စပ်သောအချက်(၆) ချက်ကို လေ့လာတင်ပြသည်။ ယင်း ၆ ချက်မှာ -
(၁) စွမ်းဆောင်ရည် - အစိုးရသည် အစိုးရအလုပ်ကို ကောင်းကောင်းလုပ်နိုင်သည်ဟု နိုင်ငံသားများ က ယူဆလိုက်သည်နှင့် အဆိုပါအစိုးရတွင် တရားဝင်မှုရှိသည်ဟု မြင်လေ့ရှိကြသည်။ (ဆိုလိုသည်မှာ အာဏာရပါတီသည် ၎င်းတို့၏မူဝါဒကြေညာချက်ထဲပါ ဦးတည်ချက်များနှင့် အကျိုးစီးပွားများကို ဖော်ဆောင်နိုင်ခြင်း (သို့မဟုတ်) ယင်းပါတီ၏အစိုးရအဖွဲ့သည် စီးပွားရေးနှင့် လူမှုရေးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ခြင်း)
(၂) သတ်မှတ်ချက်နှင့် စံနှုန်းများ - အစိုးရနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲပါ စံနှုန်းများသည် ပြည်သူ လူထုထားရှိသောစံနှုန်းများနှင့် ထပ်တူကျပါက အဆိုပါအစိုးရကို တရားဝင်သည်ဟု ယူဆကြသည်။
(၃) လူမှုရေးအဆောက်အအုံ - လူ့အဖွဲ့အစည်း၏အဆောက်အအုံသည် နိုင်ငံရေးအရတရား ဝင်မှုကိုပံ့ပိုး ပေးနိုင်သည် (ဆိုလိုသည်မှာ ခိုင်မာပြတ်သားသောခေါင်းဆောင်မှုကို အပြန်အလှန်တန် ဖိုးထားသည့် လူ့အဖွဲ့အစည်းတစ်ရပ်တွင်အာဏာရှင်ဆန်သောအစိုးရကိုပင် တရားဝင်သည်ဟု မှတ် ယူကောင်းမှတ်ယူနိုင်သည်။)
(၄) နိုင်ငံရေးဆိုင်ရာဌာနအဖွဲ့အစည်းများ- နိုင်ငံရေးဆိုင်ရာဌာနအဖွဲ့အစည်းများ1သာ တည်ငြိမ်ပြီး ပြည်သူအများကို ကိုယ်စားပြုနိုင်ကာ အလုပ်ဖြစ်မည်ဆိုပါက အစိုးရတစ်ရပ်၏တရားဝင်မှုကိုပါ မြှင့် တင်ပေးနိုင် သည်။
(၅) ခေါင်းဆောင်မှု - အစိုးရအဖွဲ့တွင် ဩဇာတိက္ကမကြီးမားသောခေါင်းဆောင်ကောင်းရှိလျှင် ပြည့်စုံ ပြီဟုနိုင်ငံသားများ၏စိတ်ထဲနှလုံးသွင်းထားပါက အဆိုပါအစိုးရ၏တရားဝင်မှုမှာမြင့်မားလာနိုင်သည်။
(၆) နိုင်ငံတကာပတ်ဝန်းကျင် - နိုင်ငံရေးစနစ်များသည် ထီးတည်းထွက်ပေါ်လာခြင်းမဟုတ်ပါ။ ကိုယ်နှင့်နီးစပ်ရာနိုင်ငံများတွင် ဖြစ်ထွန်းနေသော နိုင်ငံရေးစနစ်များနှင့် အမြဲတစေ နှိုင်းယှဉ်၊ ချိန်ထိုး ကြည့်ရင်းမှ မိမိတိုင်းပြည်နှင့်အံဝင်မည့်စနစ်ကို ချမှတ်နိုင်ရန်လိုသည် (ဒီမိုကရေစီစနစ်ကျင့်သုံးသော တိုင်းပြည်များအပြင် အာဏာရှင်စနစ်ကျင့်သုံးသောတိုင်းပြည်များနှင့်ပါ အပြန်အလှန်နှိုင်းယှဉ်၊ချိန် ထိုးပြီး တရားဝင်မှုကို ပျိုးထောင်ယူနိုင်သည်)
1Political institutions ကိုရည်ညွှန်းသည်။ အင်စတီကျူးရှင်းနှင့် အသင်းအပင်း (organization) မတူညီပါ။ အင်စတီကျူးရှင်းသည် နိုင်ငံတစ်နိုင်ငံ၏ဘာသာရေး၊ ပညာရေး၊ အသက် မွေးဝမ်းကျောင်းနှင့် အခြားလူမှုရေးရာရည်ရွယ်ချက်တစ်ရပ်ကို ဖော်ဆောင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။ အသင်းအပင်းဟူသည်က လူပုဂ္ဂိုလ်များကြား (အမြင်ချင်း၊ယုံကြည် ချက်ချင်းစသဖြင့်) တူရာချင်းစုဖွဲ့ကာ ညှိနှိုင်းလုပ်ဆောင်သည့်သဘောဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအင်စတီကျူးရှင်းကို နိုင်ငံရေးဝေါဟာရအဘိဓာန်တချို့တွင် ‘နိုင်ငံရေးရာ(ယန္တရား) တည်ဆောက်မှု’ဟု ဖွင့်ဆိုသုံးနှုန်းကြသည်။