အသစ်များ > အဓိပ္ပါယ်ဖွင့်ဆိုချက်

အဓိပ္ပါယ်ဖွင့်ဆိုချက်

2022-09-06

ဖက်ဒရယ်စနစ်ဟူသည် ကိုယ်ပိုင်-အုပ်ချုပ်ရေးနှင့် ခွဲဝေ-အုပ်ချုပ်ရေးအစိတ်အပိုင်းများ ကို ပေါင်းစပ်ထားသည့် အဆင့်ပေါင်းစုံပါဝင်သောအစိုးရအပေါ် အခြေခံထားခြင်းဖြစ်သည်။ များသောအားဖြင့် ဤစနစ်တွင် အစိုးရအဆင့်သုံးရပ်ပါဝင်သည်။ အမျိုးသား(ပြည်ထောင်စု သို့ ဗဟိုဟုလည်းခေါ်)အစိုးရ၊ တိုင်းဒေသအစိုးရ(ပြည်နယ် သို့ ခရိုင်အစိုးရဟုလည်းခေါ်) နှင့် ဒေသန္တရအစိုးရဟူ၍​ ဖြစ်သည်။

ဖက်ဒရယ်စနစ်နှင့်စပ်လျဉ်းပြီး မတူကွဲပြားမှုများစွာရှိသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်ကို နားလည်ရန်အ တွက် ဖက်ဒရယ်စနစ်များအားလုံးတွင် ရှိနေသော မြင်တွေ့နေကျစရိုက်လက္ခဏာတို့ကို ရှာဖွေတတ်ရန်အရေး ကြီးသည်။ ဖက်ဒရယ်နိုင်ငံတစ်နိုင်ငံ၏ စရိုက်လက္ခဏာငါးမျိုးရှိသည်။

၁. အနည်းဆုံးအစိုးရအဆင့်နှစ်ရပ်က တူညီသောမြေပိုင်နက်နှင့် တူညီသောလူထုအပေါ် အချုပ်အခြာ အာဏာကျင့်သုံးသည်။

၂. အမျိုးသား(ဗဟို)အဆင့်ရှိ ဗဟိုအစိုးရနှင့် လက်အောက်ခံအဆင့်ရှိနယ်မြေအစိုးရနှစ်ရပ်စလုံးသည် အပြန်အလှန်ပင်သီးသန့်လုပ်ပိုင်ခွင့်အာဏာများ(ကိုယ်ပိုင်-အုပ်ချုပ်ရေး)ရှိရာ အပိုင်းအခြားတစ်ခုကိုပိုင်ဆိုင်ထားပြီး ယင်းအာဏာများတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိုယ်ပိုင်လွတ်လပ်မှု သို့မဟုတ် ဘဏ္ဍာရေးပိုင်းသီးခြားလွတ်လပ်မှုဟူသော စီမံချက်တစ်ရပ်ပါဝင်နိုင်သည်။

၃. မည်သည့်အစိုးရအဆင့်မှ အစိုးရအဆင့်တစ်ရပ်စီ၏တာဝန်၀တ္တရားများနှင့် လုပ်ပိုင်ခွင့်အာဏာကို တစ်ဖက်သတ်ကျစွာ ပြင်ဆင်နိုင်ခွင့်မရှိဟု ဥပဒေအရထုတ်ပြန်ထားသည်။

၄. အမျိုးသား(ဗဟို)အဆင့်ဆုံးဖြတ်ချက်ချသောဌာနအဖွဲ့အစည်းများတွင် ပြည်နယ်အဆင့်မှ ကိုယ်စားလှယ်များ ပါဝင်ပြီး ယင်းကိုယ်စားလှယ်များသည် အမျိုးသားဥပဒေပြုလွှတ်တော်တွင်း အထက်လွှတ် တော်တစ်နေရာကို ရရှိနိုင်သည်(ခွဲဝေအုပ်ချုပ်ခြင်း)

၅. ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုဗဟိုအဆင့်နှင့် ပြည်နယ်အဆင့်ကြား အငြင်းပွားစရာများကို ဖြေရှင်းပေးနိုင်ရန် အခြေခံဥပဒေခုံရုံးဖြစ်စေ၊ လူထုဆန္ဒခံယူခြင်းယန္တရားဖြစ်စေ တစ်ခုခုဖြင့် စီရင် ဆုံးဖြတ်သည်။

ဇယား ၁၊ ဖက်ဒရယ်စနစ်နှင့် တစ်ပြည်ထောင်စနစ် ထောက်ခံ၊ကန့်ကွက်မှုအငြင်းအခုံများ 

ကိုးကား၊ Foundations of Comparative Politics