အသစ်များ > ဆွေးနွေးငြင်းခုံခြင်း

ဆွေးနွေးငြင်းခုံခြင်း

2023-01-21

ဆွေးနွေးငြင်းခုံမှုမရှိလျှင် နိုင်ငံရေး မတည်ရှိနိုင်ပါ။ ဆွေးနွေးငြင်းခုံခြင်းသည် သင်၏ရှုထောင့်အမြင်နှင့်ပတ်သက် ပြီးလူအများအပေါ် အနိုင်ရယူရန်နည်းလမ်းတစ်ရပ်ဖြစ်သည်။ မဲဆွယ်စည်းရုံးရေးတစ်ခုပြုလုပ်နေစဉ်အတွင်း နိုင် ငံရေးခေါင်းဆောင်များနှင့် အခြားပါတီဝင်များသည် အတိုက်အခံများနှင့် ဆွေးနွေးငြင်းခုံပွဲများ ပြုလုပ်တတ်ကြ သည်။ ရုပ်သံသို့မဟုတ် ရေဒီယိုဆွေးနွေးပွဲ သို့မဟုတ် တိုင်းသိပြည်သိစားသောက်ဆိုင်တွင်ဖြစ်စေ ဆွေးနွေးငြင်းခုံ ပွဲဟူသည်အသေးစိတ်ပြင်ဆင်ရန်လိုအပ်သော အစဉ် စိတ်လှုပ်ရှားစရာပွဲတစ်ခု ဖြစ်သည်။ အနိုင်ရရေးထက် ယှဉ် ပြိုင်ခြင်းကအဓိကဟူသော အိုလံပစ်ဆိုရိုးစကားသည် ရွေးကောက်ပွဲယှဉ်ပြိုင်ငြင်းခုံမှုတွင် မည်သည့်အကျိုးတစ် စုံတစ်ရာကိုမှ မပေးပါ။ ဤနေရာနှင့်ပိုသက်ဆိုင်သည်က ဒတ်ချ်ဘောလုံးအကျော်အမော် ဂျိုဟန် ခရိုက်ဖ်၏ “ခင် ဗျား မကန်ရင်တော့ ဂိုးမရနိုင်ဘူးပေါ့”ဟူသောစကားဖြစ်သည်။ သင်ဂိုးသွင်းချင်လျှင် လုပ်ရမည့်ကိစ္စတစ်ခုမှာ စင် စစ် အဓိကဆိုလိုရင်းအာဘော်ကိုသင့်စနစ်ထဲဝင်နိုင်အောင် လုပ်ဆောင်ရန်ဖြစ်သည်။ ဆွေးနွေးငြင်းခုံပွဲတွင် သင့် တာဝန်မှာ အဆိုပါ အဓိကဆိုလိုရင်းအာဘော်၊ သင့်ပါတီ၏သဘောထားအမြင်များနှင့် ဦးစားပေးချက်များကို သယ်ယူလာရန်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် သတင်းစာတွင် သတင်းသမားများကို သင်ဖော်ပြစေချင်သော အရာနှင့်ပတ်သက်ပြီး ကြိုတင်စဉ်းစားဆုံးဖြတ်ထားရမည်၊ သတင်းထုတ်လွှင့်ချက်အတွက် မည်သည့်ကိုးကား ချက်ကို ရုပ်သံသတင်းထောက်အား သင်က ရွေးထည့်စေချင်သည်ဟူသောအချက်ကိုပါ ကြိုစဉ်းစားထားရမည်။ အဓိကအရေးကိစ္စရပ်များအကြောင်း ရေးသည့်အခါ အမှန်တကယ် ထင်ရှားပေါ်လွင်သောဟန်ဖြင့် စာသားများကို ရေးသားစီကုံးပါ။ တိုတိုပြတ်ပြတ်ရယ်စရာများနှင် ကိုးကားချက်များကို အရေးပေး၍ စဉ်းစားပါ၊ “အသန်မာဆုံး ခန္ဓာကိုယ်က အလေးလံဆုံးဝန်ကို ထမ်းရတယ်”ကဲ့သို့ အားကောင်းထိမိသောနိမိတ်ပုံကို အသုံးပြုပါ။

အသေးစိတ် စေ့စေ့စပ်စပ် ပြင်ဆင်ရေးမှာ အဓိကဖြစ်သည်။ ဆွေးနွေးပွဲကို ကြိုတင်လေ့ကျင့်ပါ၊ အတိုက်အခံ၏ရှု ထောင့်အမြင်ကို တတ်နိုင်သမျှယုံကြည်ထိုက်ဖွယ်ရာအဖြစ် သဏ္ဌာန်လုပ်ဆွေးနွေးပါ။ အချိန်ကန့်သတ်ချက်ကို  မကျော်ပါနှင့်။ အဖွင့်တင်ပြပြောဆိုရန် အချိန်စက္ကန့် ၃၀ ခွဲတမ်းရပါက အဆိုပါခွဲတမ်းအချိန်အတွင်း စင်စစ်ဝင် အောင် မပြောနိုင်မချင်း လေ့ကျင့်ပါ။ ဆွေးနွေးငြင်းခုံပွဲသည် မည်သို့ပုံစံမျိုးဖြစ်သည်ကို စုံစမ်းပါ၊ သင်က မတ်တပ် ရပ်နေရမည်လား၊ သို့မဟုတ် ထိုင်လျက်ဆွေးနွေးရမည်လားဟူ၍ဖြစ်သည်။ မတ်တပ်ရပ်ဆွေးနွေးရမည်ဆိုလျှင် စင်မြင့်နောက်ကလား၊ သို့မဟုတ် ပရိသတ်ရှေ့စင်မြင့်တွင်လားဟူ၍ဖြစ်သည်။ သင့်အတိုက်အခံဘက်မှ ထိုးနှက် ချက်များကို လှီးလွှဲပြောမည့် တုံ့ပြန်ချက်များကို ပြင်ဆင်ထားပါ၊ ထို့အပြင် အတိုက်အခံ၏အားနည်းချက်များကို ကိုယ်ပိုင် ထိုးနှက်ချက်ဖြင့် တုံ့ပြန်နိုင်အောင် ပြင်ဆင်ပါ။ ဤသို့လုပ်ရန်အတွက် အချက်အလက်များကို အသေး စိတ် ဖမ်းဆုပ်နားလည်နိုင်ရန် လိုအပ်သည်။ သို့ရာတွင် တစ်ဖက်သားကို နှိမ်ချပြောဟန်မျိုးမပေါ်အောင် ဂရုစိုက် ပါ၊ သို့မဟုတ် အသေးစိတ်အချက်များနှင့် စိတ်ကူးတွက်ဆချက်များတွင် အာရုံနစ်မြောကာ ရှေ့ဆက်မရခြင်းမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ ထို့အပြင် ဆွေးနွေးပွဲကို ဦးဆောင်နေသော သတင်းစာဆရာကို စိုးမိုးရန် မကြိုးစားပါနှင့်။ သင်စိုးမိုးရန် ကြိုးစားရမည့် သူများမှာ ပရိသတ်ထဲတွင် ရှိသည်။ မဲဆန္ဒရှင်များပင် ဖြစ်သည်။ ၎င်းတို့မှာ သင့်ပါတီ ကို မဲထည့်ခိုင်းရမည့်သူများ ဖြစ်ပါသည်။ 

ဘေဘုယျအကြံပြုချက်များ

  • စစချင်းအထင်ကြီးလေးစားမှုကို ရရှိမည့် အခွင့်အရေးမျိုး ဒုတိယအကြိမ် သင် ဘယ်တော့မှ မရပါ။ ပြုံးပါ၊ ဖော်ရွေပါ၊ အတိုက်အခံကို လက်ဆွဲနှုတ်ဆက်ပါ၊ ဆုမွန်ကောင်းတောင်းပေးပါ။
  • သုံးပိုင်းခွဲပြုစုတင်ပြခြင်းများက မှတ်မိရန် ပိုလွယ်ကူသည်၊ သင်ကိုယ်တိုင်အတွက်၊ သင့်ပရိသတ်အတွက် ပါဖြစ်သည်။ သင့်ပါတီ၏ရည်မှန်းချက်များကို အတိုချုပ်ဖော်ပြချင်လျှင် အများဆုံးသုံးပိုင်းခွဲ၍ ပြုစုဖော် ပြပါ။ 
  • သင့်ထံ မေးခွန်းရောက်လာလျှင် စတင်မရှင်းပြခင် ပထမဦးစွာ ရှင်းရှင်းလင်းလင်း အဖြေကို အမြဲပေးပါ (“ဟုတ်တယ်၊ အဲဒါကို ကျွန်တော် ထောက်ခံတယ်” သို့မဟုတ် “မဟုတ်ဘူး၊ အဲဒါကို ကျွန်တော် ကန့် ကွက်တယ်”)။ အဖြေကို ရှည်ရှည်ဝေးဝေး ရှင်းလင်းပြရင်း လိုရင်းအချက် ပျောက်ကာ ဇဝေါဇဝါဖြစ်မသွား ရအောင် ကြိုးစားပါ။ 
  • အကြောင်းအကျိုးခိုင်လုံမှ ဖြစ်ရပ်ကို ယုံပါ။ အတွေ့အကြုံမှစကားပြောပြီး ပီပြင်ရှင်းလင်းသော ဖြစ်ရပ်အ တိုအထွာလေးများဖြင့် မိမိအဆိုတင်ပြချက်များကို ရုပ်လုံးဖော်ပြတတ်သော နိုင်ငံရေးသမားများသည်  အောင်မြင်မှုရရန် အခွင့်အရေးပိုကောင်းသည်။ လက်တွေ့စင်စစ်လူများ၏အတွေ့အကြုံများမှာ ကိန်းဂ ဏန်းများနှင့် အချက်အလက်စာရင်းများထက် သင့်အမြင်ကို ပိုမိုကောင်းမွန်စွာ ရုပ်လုံးဖော်ပြထားချက် များ ဖြစ်ပါသည်။ 

ထို့ကြောင့် “အမ်စတာဒမ်နိုင်ငံသား ၂၅ ရာခိုင်နှုန်းက အစိုးရထောက်ပံ့ကြေးနဲ့ နေထိုင်တာပါ”ဟူ၍ မပြောပါနှင့်၊ ထိုစကားအစား “ဒီမနက်မှာ အမ်စတာဒမ်က ဒက်ပါလမ်းမှာနေတဲ့ စမစ်သ်မိသားစုဆီ ကျွန်တော်သွားလည်ပတ် ပြီး ထောက်ပံ့ကြေးပေးခဲ့တယ်။ သူတို့က အစိုးရထောက်ပံ့ကြေးနဲ့နေကြသူတွေပါ။ အဲဒီလို မစို့မပို့ရတဲ့ထောက်ပံ့ ကြေးနဲ့ ရှင်သန်နေထိုင်ဖို့ သူတို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ သိသလား။ သူတို့ကလေးတွေ အားကစားက လပ်တွေမှာ ဝင်မပါနိုင်ဘူး၊ အကြွေးတင်နေကြတယ်၊ ကျန်းမာတဲ့အစာအာဟာရကိုလည်း မစားနိုင်ဘူး။”ဟူသော စကားကို ပြောပါ။ 

နှိုင်းယှဉ်ချက်များ ပြုလုပ်ပါ - “တန်ဖိုးကြီးကားဝယ်ခွင့်အခွန်မြှင့်တင်တာကို ခင်ဗျားက ညည်းညူနေတာ သိပ်ရှက်စရာပါ။ တစ်ဖက်မှာ ပိုကောင်းတာလေးတစ်ခုခုဝယ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် ကျန်းမာရေးနဲ့မညီ တဲ့အစားအသောက်တွေပဲ ဝယ်ဖို့ ကြိတ်မှိတ်ခံစားနေရတဲ့လူနှစ်ဆယ်ရှိနေတယ်။”

  • ပြိုင်ပွဲစည်းမျဉ်းများကို ဆန့်ကျင်ကန့်ကွက်ရန် သို့မဟုတ် ပြောင်းလဲရန်မကြိုးစားပါနှင့်။ အများအားဖြင့်    မီဒီယာ အကွက်ချစီစဉ်ထားသောစည်းမျဉ်းများကို ဖြစ်သည်။ “သဘာပတိခင်ဗျာ . . . ဒီဆွေးနွေဝိုင်းကို အရပ်သားနဲ့ဆိုင်တဲ့ဆွေးနွေးပွဲအဖြစ် ဆက်ထိန်းထားပေးလို့ ရနိုင်ပါသလား” ဟူ၍ ဆွေးနွေးငြင်းခုံပွဲ ဖြစ်ပျက်နေပုံအပေါ် သင်မနှစ်မြို့လျှင် ဆွေးနွေးပွဲ၏သဘာပတိကို မတိုက်ခိုက်ပါနှင့်။        ဤသို့တိုက်ခိုက် ပါက ပရိသတ်နှင့်အလှမ်းဝေးကွာစေရုံသာဖြစ်လိမ့်မည်။
  • မျှော်မှန်းချက်များကို စီမံနိုင်အောင်ကြိုးစားပါ။ ၂၀၀၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲများတွင် ဆွေးနွေးငြင်းခုံမှုအရာအားနည်းသူဖြစ်သော ဂျော့ချ် ဘွတ်ရှ်သည် ဆွေးနွေးငြင်းခုံမှုအရာ၌ အများကြီးပိုမို ကျွမ်းကျင်ပြီးသားဖြစ်သော ဂျွန်ကယ်ရီနှင့် အတိုက်အခံလုပ်ကာ အငြင်းအခုံပွဲသုံးပွဲလုပ်ခဲ့ရသည်။ စစ် တမ်းများအရ ကယ်ရီက ပွဲအားလုံးတွင် အနိုင်ရခဲ့သော်လည်း ဘွတ်ရှ်၏ အငြင်းအခုံစွမ်းရည်အပေါ် လူအ များက မျှော်မှန်းချက်ထားမှု နိမ့်နေသည်အတွက် အဆိုပါအောင်ပွဲများမှ ကယ်ရီက အကျိုးအမြတ်ရမှု  နည်းပါးခဲ့သည်။
  • ဆွေးနွေးငြင်းခုံပွဲပြီးနောက် ရရှိသောအကျိုးရလဒ်များအပေါ် အနက်ကောက်ယူကြပုံနှင့်ပတ်သက်ပြီး လွန်ဆွဲပွဲ စတင်တော့သည်။ လက်ထောက်အကူအညီများနှင့်ထောက်ခံကြသူများက ဆွေးနွေးငြင်းခုံမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏အမြင်ကို သတင်းစာဆရာများထံ အသိပေးကြသည်။ “သူ့စွမ်းဆောင်မှုကို ကျွန် တော်တို့ အရမ်းကျေနပ်ပီတိဖြစ်ရပါတယ်၊ အထူးသဖြင့် သူ့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေ ကို မီးမောင်းထိုးပြဖို့ စီမံပုံစီမံနည်းကိုပေါ့။” ဆွေးနွေးငြင်းခုံပွဲမှ ရရှိမည့်အလုံးစုံအကျိုးသက်ရောက် ချက်မှာ  သတင်းစာဆရာများ၏လက်ထဲတွင် ရှိသည်၊ ဆိုလိုသည်မှာ သတင်းစာဆရာများသည် သတင်း ထုတ်လွှင့်ချက်အတွက် ဆွေးနွေးပွဲအချက်အလက်အစိတ်အပိုင်းများကို ရွေးချယ်ပြီး သတင်းစာတွင် သုံး သပ်ချက်နှင့်တကွ အနှစ်ချုပ်ပြန်ရေးသားတင်ဆက်ခြင်းဖြစ်သည်။

နှုတ်ပြောမဟုတ်သောအပြုအမူ

  • နှုတ်ပြောမဟုတ်/စကားလုံးမပါသော အပြုအမူသည် လွန်စွာအရေးပါသည်၊ သင်ပေးချင်သောအဆိုအမိန့် အာဘော်အများအပြားသည် နှုတ်အားဖြင့်မဟုတ်ဘဲ ဆက်သွယ်ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် သင့်ကု လားထိုင်တွင် ပျော့တိပျော့ခွေမနေနှင့်၊ သမ်းဝေခြင်းမပြုနှင့်၊ နှာခေါင်းမနှိုက်နှင့်။ ရွှင်ရွှင်ပြပြ၊ ရည်ရည်မွန် မွန်နေရမည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ကောင်းစွာအနားရပြီးကျွေးမွေးပြုစုခံရသလိုနေရမည်။ ရွေး ကောက်ပွဲမဲဆွယ်စည်းရုံးရေးတစ်ခုတွင် ဆွေးနွေးငြင်းခုံသူတစ်ဦးသည် အားကစားသမားတစ်ဦး ပြုကျင့် သည့်အတိုင်း အများကြီး ပြင်ဆင်ရသည်။ ကနေဒီနှင့် နစ်ဆင်တို့၏ ၁၉၆၀ ငြင်းခုံပွဲတွင် ရေဒီယိုမှကြားရ သည့် နားထောင်သူပရိသတ်များအရ နစ်ဆင်က အနိုင်ရခဲ့သည်။ သို့သော် ရုပ်မြင်သံကြားမှ ငြင်းခုံပွဲကို ကြည့်ခဲ့ရသော သူများအတွက်မူ အများကြီးလန်းဆန်းတက်ကြွမှုရှိပြီး သမ္မတရုပ်ပိုပေါက်နေ၍ ကနေဒီက အနိုင်ရသူဖြစ်ခဲ့သည်။
  • လူများကို အကြည့်မပြတ်ပါနှင့်။ သဘာပတိကို မကြည့်ဘဲ သင် ဦးတည်ငြင်းခုံနေသော အတိုက်အခံကို ကြည့်ပါ။ သင့်ကို တိုက်ခိုက်နေသူမှန်သမျှတိုင်းကို မပြတ်တမ်း ကြည့်နေပါ။ အဝေးကို ကြည့်နေမိလျှင် တိုက်ခိုက်မှုက အနာပေါ်တုတ်ကျသလိုဖြစ်ပါလိမ့်မည်။ အခြားတစ်စုံတစ်ယောက်ကို သင်တိုက်ခိုက်လျှင် ထိုပုဂ္ဂိုလ်ကိုသာ သင်ကြည့်နေရမည်။  သို့မဟုတ်ပါက သင်ပြောနေသည့်အရာကို သင်တကယ်တမ်းယုံ ကြည်မှုမရှိသကဲ့သို့ ဖြစ်နေလိမ့်မည်။ 
  • ကင်မရာများသည် မြင်သမျှအရာရာတိုင်းကို ဖမ်းယူရိုက်ကူးထားသည်ကို သတိပြုပါ။ သင်က စကား ပြောနေချိန်မဟုတ်သည်တိုင် ကင်မရာများက ဖမ်းယူရိုက်ကူးနေလိမ့်မည်ဖြစ်သည်၊ ထို့ကြောင့် ကိုယ်နေ ဟန်အမူအရာကို အမြဲတက်ကြွနေအောင် လုပ်ပါ။ သင့်လက်ပတ်နာရီကို လှမ်းလှမ်းကြည့်ခြင်းမျိုး မလုပ် ပါနှင့်၊ ထိုသို့ပြုလုပ်မိပါက ဆွေးနွေးငြင်းခုံပွဲအတွက် သင်မျှော်လင့်တောင့်တနေသည့် လူအထင်ကြီး လေးစားမှုမှာ နိဂုံးကမ္ပတ်အဆုံးသတ်သွားမည်သာဖြစ်သည်။ နှုတ်​ပြောအမူအရာမပါဘဲ တက်တက်ကြွ ကြွနေပါ၊ သတိဝီရိယရှိပါ၊ ကင်မရာစိတ်ဝင်စားအောင် ပြုလုပ်ပါ။
  • ဆွေးနွေးငြင်းခုံမှုတွင် သင့်ဦးစားပေးအရာများကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အတိအလင်းထုတ် ပြောပါ။ အကြောင်းအရာတစ်ခုချင်းစီတိုင်းအပေါ် လွတ်မသွားအောင် အမိအရလိုက်ဖမ်းယူနေစရာမလို ပါ။ သင့်တွင် သောက်စရာဖန်ခွက်မရသေးဘဲ အဖျော်ယမကာဗန်းက ဖြတ်ကျော်သွားလျှင် ထိုဗန်း နောက် ပြေးမလိုက်ပါနှင့်၊ နောက်တစ်ကြိမ်လှည့်လာမည်ကို စောင့်ပါ။ ထို့နောက်မှ သင်လိုချင်သော ဖန် ခွက်ကို ပြတ်သားစွာယူပါ။ 
  • လူတစ်ဦးက သင် သဘောမတူညီသောအချက်ကို ထောက်ပြပြောဆိုသောအခါ စိတ်ပျက်ညည်းညူခြင်းမ ဖြစ်ပါနှင့်။ ထိုသို့ဖြစ်လျှင် သင့်အား လူအများက လက်မခံနိုင်စရာဟု မြင်သွားစေနိုင်သည်။
  • သင့်မျက်နှာကို လက်နှင့် မထိပါနှင့်။ သင့်အား မဝင့်မရဲ စိတ်မငြိမ်သူဟု မြင်သွားစေနိုင်သည်။
  • လက်ဟန်ခြေဟန်ပြ၍ပြောဆိုပါ။ မည်သည့်အရာကိုပင် သင် လုပ်လုပ်၊ ထိုအရာကို ပွင့်လင်းမြင်သာပြီး နှစ်လိုဖွယ်ဖြစ်အောင် ပြုလုပ်ပါ။

အသံနေအသံထား

  • သင့်အသံနေအသံထားက အရေးကြီးသည်။ အားမာန်ပါပါဖြင့် တက်ကြွမှုရှိသောအသံဖြစ်ပါစေ။ မဲဆွယ် စည်းရုံးရေးလုပ်ရသည်ကို သင် နှစ်သက်မှုရှိကြောင်း၊ လူအများကို စည်းရုံးချင်ကြောင်း၊ ပျော်စရာအလုပ် တစ်ခုဖြစ်ကြောင်းမျိုးပေါ်အောင် အသံကိုပြင်ဆင်ပြောဆိုပါ။ ဖော်ရွေကြည်လင်သောအသံဖြစ်အောင် အ မြဲထားပါ။
  • အပြောင်အပြက်ပြောရာတွင် သင်တော်လျှင် ဟာသဉာဏ်ကို အသုံးပြုပါ . . . အလိုလိုပြောတတ်သော ပြက်လုံးကောင်းတစ်ခုသည် တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော် ကြွရွစိုပြေမှုမရှိဘဲ ကြိုတင်ဇာတ်တိုက်ထား  သောပြက်လုံးထုတ်မှုသည် ကိုယ့်ရှူးကိုယ်ပတ်တတ်သည်။ သင်္ကာမကင်းစိတ်ရှိလျှင် ဟာသပြောခြင်းကို ရှောင်ကြဉ်ပါ။ 
  • ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မပြုလုပ်ရ။ တစ်စုံတစ်ဦး၏အနေအထားကို မတိုက်ခိုက်ခင် အပြုသဘောဆောင် သောတစ်စုံတစ်ခုခုကို ပြောပါ(ယဉ်ကျေးသိမ်မွေ့ပါ)။
  • ဘယ်သောအခါမှ မာနတံခွန်မထူပါနှင့်။
  • ဘယ်သောအခါမှ အခြားသူ၏ ရှုထောင့်အမြင်ကို နှိမ်ချပြောခြင်း သို့မဟုတ် မတရားသဖြင့် ချိုးနှိမ်ပြော ခြင်းမျိုး မလုပ်ရပါ။ 
  • အတိုက်အခံ၏သဘောထားအမြင်များကို တိုက်ခိုက်ပါ၊ ၎င်းတို့၏ကိုယ်ကျင့်စရိုက်ကို မတိုက်ခိုက်ပါနှင့်။ အတိုက်အခံကို သေးသိမ်အောင်မပြုလုပ်ရ။ နည်းပရိယာယ်ကောင်းတစ်ခုမှာ “ခင်ဗျားပြောတဲ့အချက် တွေမှာ ခိုင်လုံခြေမြစ်တာတွေ အတော်ပါပေမယ့် အခြေခံအားဖြင့် ကျွန်တော် သဘောမတူတဲ့အရာတစ်ခု တော့ ရှိပါတယ် . . .”ဟူသောစကားများဖြင့် စတင်ပြောဆိုရန်ဖြစ်သည်။ 
  • အတိုက်အခံပါတီ၏သဘောထားအမြင်များက သင့်အတွက် မည်သို့ပင် မနှစ်မြို့ချင်စရာကောင်းနေပါစေ အရေးမထားဘဲ အတိုက်အခံကို စတင်ဆဲရေးတိုင်းထွာခြင်းမပြုရပါ၊ ဒုတိယကမ္ဘာစစ်ကဲ့သို့ သမိုင်းဝင်ပြစ် မှုကြီးများနှင့် နှိုင်းယှဉ်ချက်ထုတ်ကာ မပြောပါနှင့်။ 
  • သင့်အတွက် ပုဂ္ဂိုလ်ရေးအကျိုးဖြစ်နိုင်မည့် အကြောင်းအရာကို ဂရုပြုပါ။ ထိုအကြောင်းအရာမျိုးက သင့် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရန် ခက်ခဲစေသည်။ သင့်အတိုက်အခံက စိတ်ခံစားမှုကို ဆွပေးခြင်း ဖြင့် ထိုအချက်ကို အသုံးချသွားနိုင်သည်။ 
  • မတူကွဲပြားမှုများကို ကြိုးစားနားထောင်ပေးပါ၊ အတွေးအမြင်သစ်များကို လမ်းဖွင့်ပေးသည့်စိတ်မျိုးထား ပါ၊ မာနကြီးစိတ်မထားဘဲ ယုံကြည်ချက်ရှိပါ။ ကြည့်ရှုသူများ/မဲဆန္ဒရှင်များ၏တုံ့ပြန်ချက်များသည် သင့် စိတ်ခံယူချက်ကို ထင်ဟပ်နေပါလိမ့်မည်။ စိတ်ဆတ်တတ်သောသဘောထားသည် ရန်လိုတုံ့ပြန်မှုကို ဖြစ် ပေါ်စေသည်။ ပွင့်လင်းသောစိတ်သဘောထားက ကြည့်ရှုသူ/မဲဆန္ဒရှင်တွင် ပွင့်လင့်စိတ်ထားမျိုးဖြစ်ပေါ် အောင် ဖိတ်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ 

ပရိယာယ်များ

  • မျှော်လင့်မထားသောအဆိုပြုတင်ပြချက်ကို အတိုက်အခံဘက်လှည့်တင်ပြပြီးပြောပါ၊ ပြီးလျှင် ယင်းအဆို ပြုချက်အပေါ် အတိုက်အခံအား ချက်ချင်းလက်ခံသဘောတူခိုင်းလိုက်ပါ။ “မိဘတွေဟာ ကလေးတွေရဲ့ ပညာရေးအတွက် အခကြေးငွေ မပေးသင့်တာကို ဒီမှာရှိတဲ့သူတိုင်း သဘောတူကြတယ်ဆိုရင် လူတိုင်း ကို ပြဋ္ဌာန်းစာအုပ်တွေ အခမဲ့ပေးဖို့ကို အခုချက်ချင်းပဲ ကျွန်တော်တို့ သဘောတူကြတဲ့အကြောင်း ကျွန် တော် အဆိုပြုတင်ပြပါတယ်”ဟူ၍ ပြောခြင်းမျိုးဖြစ်သည်။ ဤသို့ပြောခြင်းသည် အားသာချက်များစွာရှိ ပါသည်။ ဆိုလိုသည်မှာ သင်ရပ်တည်နေသည့်အရာကို ရှင်းရှင်းလင်းလင်းပြောလိုက်ခြင်း၊ လက်တွေ့ကျ သောအဆိုပြုတင်ပြချက်ကို ပြောလိုက်နိုင်ခြင်း၊ အတိုက်အခံကို စိန်ခေါ်ပြနိုင်ခြင်းနှင့် ဘုံတူညီသော ကောင်းကျိုးတစ်ရပ်ကို ရည်ညွှန်းပြောပြလိုက်ခြင်းဖြင့် ပါတီကွဲပြားချက်များကို ကျော်လွန်နိုင်သည်ဟူ သောထင်မြင်ချက်ကို ဖြစ်ပေါ်စေနိုင်သည်။
  • အတိုက်အခံတို့တွင် လက်တစ်ကမ်း၌ရှိနို်ငဖွယ်မရှိသော အချက်အလက်များ သို့မဟုတ် ကိန်းဂဏန်းများ အကြောင်း မေးခွန်းမေးပါ။ “ကျွန်တော်တို့ တိုင်းပြည်မှာ ကျောင်းအရေအတွက် ဘယ်လောက်ရှိသလဲ ခင် ဗျားသိသလား။ စာသင်သားတပည့်အရေအတွက် ပျမ်းမျှဘယ်လောက်ရှိသလဲ           ခင်ဗျားသိသလား။” “လူ အများရဲ့အကျိုးစီးပွားကို အနည်းဆုံးခံစားခွင့်ရစေဖို့ ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ခင်ဗျားကပြော တယ်၊ ဒါပေမဲ့ အစိုးရအထောက်အပံ့နဲ့ မိသားစုတစ်စုဟာ တကယ်တမ်း စားရေးသောက်ရေးအတွက် ဘယ်လောက်ငွေပမဏ သုံးရသလဲကို ခင်ဗျား သေချာသိသလား” ဟူသော မေးခွန်းများဖြစ်သည်။ အမှန် စင်စစ်တွင် သင်ကိုယ်တိုင် အဖြေသိထားပြီး သင်စုံစမ်းသိရှိထားသော အချက်အလက်များက ကြောင်း ကျိုးမခိုင်လုံဖြစ်မှသာ ထိုမေးခွန်းများကို မေးနိုင်သည်။
  • သုံးပိုင်းခွဲပြောဆိုမှုနည်းစနစ်ကို အသုံးပြုပါ။ ၂၀၀၆ ခုနှစ် ဒတ်ချ်ရွေးကောက်ပွဲတွင် PvdAမှ ဗောက်တာ ဘု့စ်က အတိုက်အခံကို “ဝင်ငွေမြင့်သူတွေနဲ့သက်ဆိုင်ရာ အခွန်ဝန်တိုးမြှင့်ဖို့ ခင်ဗျား ဖော်ဆောင်မယ့်စီမံ ချက်သုံးရပ်ကို အမျိုးအမည်ဖော်ပြပေးလို့ရမလား။ မရှိဘူးလား။ ဒါဆို အနည်းဆုံး နှစ်ခုကိုတော့ ပြောပြ ပါ။ ခင်ဗျားလုပ်မယ့် စီမံချက်တစ်ခုတည်းပဲ ပြောပြနိုင်မလား” ဟူ၍ မေးခွန်းမေးပါသည်။ 
  • ပါတီကွဲပြားချက်များကို ကျော်လွန်နိုင်ခြင်း။ အတွေ့အကြုံရှိပြီး နာမည်ကောင်းရှိသောနိုင်ငံရေးသမား များသည် နိုင်ငံရေးဆွေးနွေးငြင်းခုံပွဲများ၏စကားစစ်ထိုးမှုမှ ရှောင်ထွက်တတ်ကြပြီး ဖျန်ဖြေစေ့စပ်ရေး စကားလုံးများသုံးကာ သမာသမတ်ကျသည်ဟု မြင်ခံရအောင် ကြိုးစားတတ်ကြသည်။ အဆိုပါနိုင်ငံရေး သမားများကို ဆွေးနွေးငြင်းခုံပွဲ၏စကားရည်လုလွန်ဆွဲမှုထဲ ပြန်ဆွဲခေါ်နိုင်ရန်မှာမူ အတိုက်အခံ၏အလုပ် ဖြစ်သည်။ 

အတိတ်က အတိုက်အခံတို့ တင်ပြဖူးသည့် တင်ပြချက်များနှင့် ၎င်းတို့ကို တေ့ဆိုင်ပေးလိုက်ခြင်းဖြင့် သင့် အတိုက်အခံကို အံ့အားသင့်အောင်လုပ်ပါ။ ဤသို့လုပ်ရန်အတွက် အတိတ်တုန်းက သင့်အတိုက်အခံပြော ခဲ့ဖူးသည့် ကိစ္စအ၀၀တိုင်းကို အသေးစိတ် သင်သိထားရန်လိုအပ်သည်။ လွန်ခဲ့သောနှစ်ပေါင်း၂၀ကဖြစ် သည်ဆိုသည့်တိုင် ကြောင်းကျိုးဆက်စပ်မှုတော့ရှိနေမည်ဖြစ်သည်။ ဆွေးနွေးငြင်းခုံပွဲအတွင်း သင့်အ တိုက်အခံကို ၎င်းဘာသာ အကျပ်ရိုက်ကာ ရှေ့နောက်မညီဖြစ်စေအာင် သင်လုပ်နိုင်ရေးသည် အရေးပါ သောလက်နက်ကိရိယာတစ်ခုဖြစ်လာနိုင်သည်၊ ထိုလက်နက်သည် ကျန်ရှိသောရွေးကောက်ပွဲကာလအ တွင်း အတိုက်အခံကို ခြောက်လှန့်နေမည့် လက်နက်ဖြစ်နိုင်ပါသည်။ 

ချဲ့ကားပြောဆိုခြင်း။ဆင်းရဲမွဲတေမှု ပပျောက်ဖို့ ခင်ဗျား ဘာမှမတတ်နိုင်တော့တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်မှာ အလျှင်မြန်ဆုံး ကြီးထွားလာနေတဲ့ ‘စူပါမားကတ်ဆိုင်ခွဲ’ဟာ အစားအစာဖြန့်ဝေပေးတဲ့ ရန်ပုံငွေအုပ်စုဖြစ်နေပါတယ်။”ဟူ၍ပြောခြင်းဖြစ်သည်။ 

 ဒီအစိုးရက ဝင်ငွေနည်းသူတွေကိုကူညီပေးဖို့ ဘာမှမလုပ်နိုင်ဘူး၊ ဒါပေမဲ့ အရင်က ကျွန်တော်တို့တိုင်းပြည်မှာ ပန်းခြံထဲ ရေကူးကန်ပါတဲ့ မီလျံနာသူဌေးအရေအတွက် တိုးပွားလာတာကို ဘယ်တုန်းကမှ မတွေ့ဖူးဘူး။” ယခုလို ချဲ့ကားပြောဆိုရင်း အမှန်တရားနှင့် ဝေးရာ လမ်းလွဲရောက်မသွားရန် သင့်အနေဖြင့် ဂရုပြုရမည်၊ လျှပ်စီးကြောင်း မြန်နှုန်းအတိုင်း တန်ပြန်ထိုးနှက်ပြောဆိုရန်အတွက် ပြင်ဆင်ပါ၊ ဆိုလိုသည်မှာ-

ခင်ဗျားက အဲဒီသူတွေကို ပိုက်ဆံပိုပေးချင်တာလောက်ပါပဲ။ ကျွန်တော်တို့က သူတို့ကို အလုပ်အကိုင်ပေးချင်တာ။ အခုချိန်မှာ ဒါကို လူမှုရေးအရတာဝန်ယူခြင်းလို့ ခေါ်တယ်။” ဟု ပြန်ပြောရန်ဖြစ်သည်။

  • နိမိတ်ပြအကျပ်ရိုက်စရာတစ်ခု တင်ပြပြီး အတိုက်အခံကို မဖြစ်နိုင်ဖွယ်ရာရွေးချယ်ချက်တစ်ခုကို အတင်း အကျပ်ရွေးခိုင်းခြင်း။ “ကျန်းမာရေးစောင့်ရှောက်မှု ဖြတ်တောက်ရေးနဲ့ လေတပ်အတွက်တိုက်လေယာဉ် သစ်တွေဝယ်ရေး နှစ်ခုကြား ခင်ဗျား ရွေးရမယ်ဆိုရင် ဘယ်တစ်ခုကို ရွေးမလဲ။”ဟူသောမေးခွန်း။ 
  • သဘောထားအမြင်ကို အဖြစ်မှန်အချက်အလက်အဖြစ် တင်ပြခြင်း။ “ဒီတိုင်းပြည်က လူတစ်ဦးတစ် ယောက်ချင်းစီတိုင်းဟာ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးအတွက် ရင်းနှီးမြှုပ်နှံပေးမှုကို ထောက်ခံကြတယ်ဆိုတာ သာမန်ရိုးရှင်းတဲ့အဖြစ်မှန်အချက်အလက်တစ်ခုပါပဲ။”
  • တတိယအုပ်စုအရင်းအမြစ်ကို ကိုးကားခြင်း။ “လေ့လာချက်အရ ဒီမြို့ရဲ့မြို့ခံနေထိုင်သူတွေဟာ ယာဉ်ရပ် နားခ မြှင့်တင်မယ့် ကောင်စီဝင်ရဲ့အစီအစဉ်တွေကို ငြင်းပယ်ကြတယ်။”
  • ယေဘုယျပြုတင်ပြခြင်း။ “ကျွန်တော်တို့လမ်း ပြင်ဆင်ရေးလုပ်ငန်းအားလုံးကို စျေးသက်သာတဲ့ရဲလုပ် သားတွေက လုပ်နေကြတာပါ။ ဟော်လန်က နေရာတိုင်းမှာ ပိုလန်တွေက ကျွန်တော်တို့အလုပ်အကိုင် တွေကို ခိုးနေကြတယ်။”
  • လက်ဦးမှုယူထိုးနှက်ခြင်း။ ဆွေးနွေးပွဲမစတင်ခင် လက်ဦးမှုယူထိုးနှက်ခြင်းအပေါ် တန်ပြန်တိုက်ခိုက်ရေး သည် ရှိလာမည့်အန္တရာယ်များကို လျော့ပါးစေနိုင်သောနည်းလမ်းတစ်ခုဖြစ်သည်။ အတိုက်အခံကို ၎င်း၏ ပိုင်နက်ထဲ ချောင်ပိမိအောင်လုပ်ခြင်းဖြင့် အထက်ပါနည်းလမ်းကို သင် လုပ်ဆောင်နိုင်သည်။ ဥပမာ ၂၀၀၆ ခုနှစ် ဒတ်ချ်ရွေးကောက်ပွဲများတွင် PvdA သည် အလုပ်အကိုင်ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ် သက်သော ခရစ်ယာန်ဒီမိုကရက်များ၏အမြင်များအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးကို ပြင်ဆင် ခဲ့သည်။ သို့ရာတွင် မိမိတို့ ပြင်ဆင်မထားမိခဲ့သည့်အရာမှာ မိမိတို့မတိုက်ခိုက်ခင်မှာပင် ခရစ်ယာန်ဒီမိုက ရက်များက မိမိတို့၏အမြင်များအပေါ်တကယ်တမ်းစတင်တိုက်ခိုက်မည်ဟူသောအချက်ကိုဖြစ်သည်။ ဤ သို့ပြင်ဆင်မထားမိခဲ့သည့်အတွက် အဆိုပါအလုပ်အကိုင်ကာကွယ်စောင့်ရှောက်မှုအရေးကိစ္စနှင့်စပ်လျဉ်း ၍ မိမိတို့အတွက် “အမှတ်ယူ၍’မရနိုင်ဖြစ်သွားတော့သည်။ ဘောလုံးဝေါဟာရဖြင့်ဆိုရလျှင်ပြိုင်ဘက်၏ ကွင်းတစ်ဝက်အထိ ခံစစ်ကို ပြင်ထားပါဟူ၍ဖြစ်သည်။ အတိုက်အခံ ခြေစုံရပ်ထားရာအောက်မှ မြေပြင် ကို ယိုင်နဲ့အောင်ဖြတ်ထုတ်ယူရန် နောက်ထပ်နည်းလမ်းမှာ ယခုလို ပြောခြင်းအားဖြင့် ဖြစ်သည်၊ “အဝေး ပြေးလမ်းမကြီးသစ်ဖောက်လုပ်ရေး ကျွန်တော့်တို့အစီအစဉ်တွေကို ခင်ဗျား စောဒကတက်မယ်ဆိုတာ ကျွန်တော် သိထားပြီးပါပြီ၊ ဒါပေမဲ့ အခုချိန်ထိ ခင်ဗျားဆီက အခြားမတူတဲ့ဖြေရှင်းနည်းတစ်ခုပေးတာကို ကျွန်တော် မကြားမိသေးဘူး။”ဟုဖြစ်ပါသည်။ သို့ရာတွင် ဤသို့ပြောခြင်းပရိယာယ်သည် ကိုယ့်ရှူးကိုယ် ပတ်သလို သင့်အမှုကိစ္စတွင်း အားနည်းချက်များကို မီးမောင်းထိုးပြသလို ဖြစ်စေနိုင်၍ သတိထားအသုံး ပြုပါ။

ကိုးကား - Becoming a better politician: political skills manual