အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးထိပ်ထားသောအယူအဆစနစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးထိပ်ထားသောအယူအဆစနစ်
2023-12-04
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးထိပ်ထားသော အယူအဆဟူသည်မှာ
Constitutionalism ဟူသည်မှာ ဖွဲ့စည်းပုံဥပဒေပါ ပြဌာန်းချက်များကို နိုင်ငံ၏ အာဏာကို ကိုင်စွဲကျင့်သုံးနေသော အစိုးရများက ဦးလည်မသုန် နာခံလိုက်နာမှုကို ဖော်ကျူးသော အယူအဆနှင့် ထိုသို့ကျင့်သုံးမှုကို ထူထောင်မှု စနစ်တစ်ရပ်ကို ဆိုလိုသည်ဟု ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါသည်။ တစ်နည်းအားဖြင့်ဆိုပါက၊ အစိုးရများသည် တိုင်းပြည်၏ အာဏာကို မိမိတို့ စိတ်တိုင်းကျ အကန့်အသတ်မဲ့ ကျင့်သုံးနိုင်ခွင့်မရှိဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တိတိကျကျအပ်နှင်းထားသည့် ဘောင်အတွင်းကသာ သုံးစွဲနိုင်မှုအခြေအနေကို ဆိုလိုပါသည်။ ယင်းသို့ ခံယူမှုအယူအဆကို အင်္ဂလိပ်တွေးခေါ်ပညာရှင် ဂျွန်လော့ခ် (John Locke)၏ နိုင်ငံရေးအတွေးအခေါ်နှင့် ယှဥ်တွဲသိမှတ်လေ့ရှိကြသည်။ တွေးခေါ်ပညာရှင် ဂျွန်လော့ခ်၏ လူမှုပဋိဉာဉ် (Social Contract)သီအိုရီမှ ခံယူချက်များ၊ အဆိုပြုချက်များက Constitutionalismအတွက် စနစ်တကျ အစပြုမှုနှင့် အခြေခံမူများ ဖြစ်လာစေခဲ့သည်။ ဂျွန်လော့ခ်၏ အတွေးအခေါ်နှင့် ယင်းမှ အစပြုလာသည့် လစ်ဘရယ်ဝါဒ (Liberalism)၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သော အကန့်သတ်ခံအစိုးရ (limited government)ဟူသော သဘောတရားသည် Constitutionalism ကို အနှစ်ချုပ်ဖော်ပြမှုပင်ဖြစ်သည်။ အကန့်သတ်ခံအစိုးရဟူသော သဘောတရားက နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို ကျင့်သုံးနေသော အစိုးရမှန်သမျှသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်ဘောင်အတွင်းမှသာ ယင်းအာဏာကို ကျင့်သုံးခွင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
အကန့်သတ်ခံအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အာဏာစက်ကို လွန်ဆန်၍ မရရုံမျှသာမက၊ အစိုးရတစ်ရပ်၏ တရားဝင်မှု တစ်နည်းအားဖြင့် အစိုးရ၏ အာဏာကျင့်သုံးရန် အခွင့်ရှိမှုသည်ပင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုရှိမရှိအပေါ် မှီတည်နေပေသည်။
အစိုးရတစ်ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်ဘောင်အတွင်းတွင်သာ အာဏာကျင့်သုံးလည်ပတ်စေခြင်းကို အာမခံရန်နှင့် အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်နှင့် မူစည်းမျဥ်းများကို မချိုးဖောက်နိုင်စေရေးကို သေချာခိုင်မာစေရန်တို့က အင်စတီကျူးရှင်းဆိုင်ရာ အစီအမံအချို့ကို လိုအပ်စေပါသည်။ ထိုလိုအပ်ပြဌာန်းချက်များအနက်မှ အရေးကြီးသော အစီအမံများမှာ -
၁။ အလွယ်တကူပြင်ဆင်ခြင်း မပြုနိုင်အောင် ခိုင်ခိုင်မာမာ ပြဌာန်းထားခြင်း (Entrenchment)၊
၂။ စာဖြင့်ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Writtenness)နှင့်
၃။ အာဏာများကို ခွဲခြားထားရှိခြင်း (Separation of Powers) တို့ဖြစ်သည်။[1]
၁။ အလွယ်တကူပြင်ဆင်ခြင်း မပြုနိုင်အောင် ခိုင်ခိုင်မာမာ ပြဌာန်းထားခြင်း (Entrenchment)
အာဏာပိုင်အစိုးရတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် ကန့်သတ်မှုပြုရာတွင် ယင်းအာဏာတို့ မကျူးလွန် မဖောက်ဖျက်အပ်သည့် နှုန်းစံတန်ဖိုးများကို ဖွဲ့စည်းပုံအခြေခံဥပဒေများအတွင်း ပြဌာန်းထားခြင်းဖြင့် အာဏာကန့်သတ်မှုများ ပြုလေ့ရှိသည်။ အစိုးရအာဏာကို ကန့်သတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ယင်းအကန့်အသတ်များကို အစိုးရတစ်ခု အာဏာရယူထားစဥ်အတွင်း လွယ်လင့်တကူ နည်းလမ်းများဖြင့် ပြင်ဆင်ပြောင်းလဲမှုမပြုနိုင်အောင် အခိုင်အမာ ပြဌာန်းထားရန် အလွန်အရေးကြီးပါသည်။ ယင်းအကန့်အသတ်ဆိုင်ရာ ပြဌာန်းချက်များကို ခံကတုတ်ဖြင့် ကာရံထားဘိသကဲ့သို့ ပြင်ဆင်ပြောင်းလဲရန် ခက်ခဲအောင် စီမံပြဌာန်းထားရမည်ဖြစ်သည်။
အစိုးရအာဏာကို ကန့်သတ်သည့် အကန့်အသတ်ဆိုင်ရာ ပြဌာန်းချက်များဆိုသည်မှာ ယေဘုယျအားဖြင့် အခြေခံလူ့အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများနှင့် လွတ်လပ်မှုများ ဖြစ်ကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အလေးအမြတ်ပြု ပြဌာန်းထားသည့် ထိုအခွင့်အရေးကြေညာစာတမ်း (Bill of Rights)ပါ အခွင့်အရေးနှင့် လွတ်လပ်မှုများကို ပြင်ဆင်မှုပြုရန် ခက်ခဲအောင် စီမံပြဌာန်းထားခြင်းကို Entrenchment ဟု ခေါ်ပါသည်။ သမ္မတ သို့မဟုတ် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်း၏ တစ်ချက်လွှတ်အမိန့်အားဖြင့်ဖြစ်စေ၊ လွှတ်တော် လူများစုက သဘောတူရုံမျှဖြင့်ဖြစ်စေ ပြင်ဆင်ပြောင်းလဲ၍ မရနိုင်အောင် အထူးနည်းလမ်းများ ပြဌာန်းထားခြင်းကို ဆိုလိုသည်။ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ လွှတ်တော်ကဖြစ်စေ၊ ၄င်းတို့၏ အာဏာကျင့်သုံးနိုင်မှုအပေါ် အကန့်အသတ်ပြုထားသည့် ထိုပြဌာန်းချက်များကို လွယ်လင့်တကူ ပြင်ဆင်နိုင်မည်ဆိုပါက၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာဏာအကန့်အသတ်များက မည်သည့်အဓိပ္ပါယ်မျှ ရှိတော့မည်မဟုတ်ပေ။
၂။ စာဖြင့်ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Writtenness)
အစိုးရအာဏာကို ကန့်သတ်သည့် နှုန်းစံများကို စာဖြင့်ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအတွင်း အလေးအမြတ်ပြု ဌာပနာပြဌာန်းထားခြင်းမရှိပါက၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နှုန်းစံတန်ဖိုးများ အမှန်တကယ်တည်ရှိနေသည်ဟု မပြောနိုင်ပါဟု Stanford Encyclopedia of Philosophy တွင် ပညာရှင် Rubenfeld[2] အား ကိုးကား၍ ဆိုပါသည်။ ပေထက်အက္ခရာတင်ထားမှသာ တိကျသေချမှု ရှိမည်ဖြစ်ပြီး၊ အစိုးရတစ်ရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်များကို ချိုးဖောက်မှုရှိမရှိ ဆန်းစစ်သည့်အခါ စာဖြင့်ရေးသားထားသည့် ပြဌာန်းချက်များကသာ ပိုမိုတိကျသေချာသော အကဲဖြတ်မှုများကို ပြုလုပ်နိုင်စေမည်ဖြစ်သည်။ ရေးသားထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသော်လည်း Constitutionalism ခိုင်မာအားကောင်းသည့် အင်္ဂလန်နိုင်ငံကဲ့သို့သော နိုင်ငံတစ်ခုကို သာဓကအဖြစ် အသုံးပြု၍ ယခုအဆိုကို ကန့်ကွက်နိုင်သော်လည်း၊ ထိုသို့သော ဖြစ်ရပ်မျိုးသည် အလွန်နည်းပါးသည့်အလျောက် ခြွင်းချက်အဖြစ်သာ မှတ်ယူရမည်ဖြစ်သည်။ အစိုးရအာဏာကို ကန့်သတ်သည့် စံနှုန်းများက စာဖြင့် အသေအချာရေးသား ပြဌာန်းထားမှု ဖြစ်မှသာလျှင်၊ မရေရာမသေချာမှုများကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး၊ လိုသလို အဓိပ္ပါယ်ဖွင့်ဆိုမှု၊ ပုံသေကားကျမရှိသော သုံးစွဲမှု၊ လုံးဝဥဿုံဖယ်ကျဥ်မှုနှင့် တစ်စစ ယိုယွင်းပြောင်းလဲမှုများကို ကာကွယ်နိုင်မည်ဖြစ်သည်။
၃။ အာဏာများကို ခွဲခြားထားရှိခြင်း (Separation of Powers)
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လွှတ်တော်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားရုံးတို့ထံသို့ ခွဲခြားအပ်နှင်းထားခြင်းမရှိဘဲ၊ အုပ်ချုပ်သူ တစ်ဦးတစ်ယောက်တည်းကဖြစ်စေ၊ အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ခုတည်းကဖြစ်စေ ထိုအာဏာသုံးရပ်စလုံးအား ချုပ်ကိုင်ကျင့်သုံးမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားပါက၊ ယင်းသို့သော အုပ်ချုပ်ရေးစနစ်မျိုးသည် အာဏာရှင်စနစ်ဖြစ်သည်ဟု ပြင်သစ်အတွေးအခေါ်ပညာရှင် မွန်တက်စ်ကျူ (Charles-Louis de Secondat, Baron de La Brède et de Montesquieu)၏ တွေးခေါ်ယူဆခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်များက ယင်းအယူအဆကို လက်ခံယုံကြည်ခဲ့ကြပြီး၊ အာဏာများကို ခွဲခြားအပ်နှင်းမှုစည်းမျဥ်းကို ၁၇၈၉ခုနှစ် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းကျင့်သုံးခဲ့ကြသည်။
အာဏာသုံးရပ်ကို ခွဲခြားအပ်နှင်းထားခြင်းမရှိပါက၊ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာအကန့်အသတ်များ မည်သို့ပင် ပြဌာန်းထားစေကာမူ၊ ထိုအကန့်အသတ်များကို ချိုးဖောက်မှုတစ်ရပ်ရပ်ကို အုပ်ချုပ်သူက ကျူးလွန်သည့်အခါတိုင်းတွင်၊ ထောက်ပြ တည့်မတ်နိုင်သည့် အာဏာများ မည်သူ့ထံတွင်မျှ ရှိမနေသည့်အလျောက်၊ အာဏာအကန့်အသတ်များ ပြဌာန်းထားမှုက အနှစ်သာရကင်းမဲ့နေမည်သာဖြစ်သည်။ ထို့ပြင် တရားစီရင်ရေးအာဏာကလည်း အုပ်ချုပ်သူ၏ လက်ထဲတွင်သာ ရှိနေသည့်အလျောက် ထိုအာဏာအကန့်အသတ်များကို အဓိပ္ပါယ်ဖွင့်ဆိုမှုက အုပ်ချုပ်သူက မိမိ၏ လုပ်ဆောင်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာမရောက်သည့် အနက်ပြန်ဆိုမှုကိုသာ မိမိစိတ်တိုင်းကျ ပြန်ဆိုနိုင်ပေလိမ့်မည်။ ထို့ကြောင့်ပင် အာဏာများကို လူတစ်ဦး သို့မဟုတ် ဌာနတစ်ခုတည်းကသာ အလုံးစုံချုပ်ကိုင်ထားနိုင်သည့် စနစ်ကို ဖော်ဆောင်ခဲ့ပါက ယင်းနိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းထားစေကာမူ၊ Constitutionalism ကင်းမဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ဟုသာ သတ်မှတ်ကြရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးထိပ်ထားသော အယူအဆစနစ်နှင့် တရားဥပဒေ၏ အုပ်ချုပ်မှု (Constitutionalism and the Rule of Law)
တရားဥပဒေ၏ အုပ်ချုပ်မှု (Rule of Law)ဟူသော သဘောတရား၏ ဆိုလိုရင်း အနှစ်ချုပ်မှာ နိုင်ငံတစ်နိုင်ငံအား စီမံကွပ်ကဲအုပ်ချုပ်နေသာ အစိုးရအဖွဲ့ဝင်တို့အနေဖြင့် အာဏာကို ကျင့်သုံးကာ ဆောင်ရွက်ရသည့် ၄င်းတို့၏ လုပ်ရပ်မှန်သမျှသည် ဥပဒေအညီသာဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံအား အုပ်ချုပ်နေသူတို့သည် လူသားများ ဖြစ်နေစေကာမူ၊ ဥပဒေက အုပ်ချုပ်နေဘိသကဲ့သို့ အသွင်ဆောင်နေရမည်ဟု ဆိုလိုရင်းဖြစ်သည်။ အာဏာပိုင်များသည် မိမိတို့ စိတ်အလိုကျ မည်သည့်အရာကိုမျှ ဆောင်ရွက်ခွင့်မရှိဘဲ၊ ဥပဒေက ခွင့်ပြုပေးထားသည့် လုပ်ရပ်များကိုသာ လုပ်ဆောင်ခွင့်ရှိသည်။ ထို့ပြင် ယင်းလုပ်ရပ်များကို ဆောင်ရွက်စဥ်အတွင်းတွင် ဥပဒေက ခွင့်ပြုထားသော အမူအကျင့်ကို တတ်နိုင်သမျှ စောင့်ထိန်းရမည်ဖြစ်သည်။ မိမိ၏ ပုဂ္ဂိုလ်ရေး ခံစားချက်များ၊ ယုံကြည်ချက်များကို တတ်နိုင်သမျှ မပါဝင်သည့် ပုံစံဖြင့်သာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ တရားဥပဒေ၏ အုပ်ချုပ်မှုဟူသော သဘောတရားက ယင်းသို့ တောင်းဆိုသည့်အတွက် ထိုတရားဥပဒေ၏ အုပ်ချုပ်မှုအယူအဆသဘောတရားကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးထိပ်ထားသော အယူအဆသဘောတရားနှင့် တူညီသည်ဟု မှတ်ယူကြလေ့ရှိသည်။[3]
[1] Stanford Encyclopedia of Philosophy မှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။ https://plato.stanford.edu/entries/constitutionalism/ ကိုကြည့်ပါ။
[2] Rubenfeld, Jed, 1998, “Legitimacy and Interpretation”, in ed. L. Alexander, Constitutionalism, Cambridge: Cambridge University Press.
[3] Ten, C.L., 1993, “Constitutionalism and the rule of law”, in ed. Goodin, Robert E., and Philip Petit, A Companion to Contemporary Political Philosophy, Oxford: Blackwell Publishers Ltd.