အသစ်များ > နိုင်ငံသားဖြစ်မှုစွမ်းဆောင်ရည်

နိုင်ငံသားဖြစ်မှုစွမ်းဆောင်ရည်

2022-09-03

နိုင်ငံသားတစ်ဦးဟူသည် နိုင်ငံရေးအသိုင်းအဝိုင်းတစ်ရပ်၏အဖွဲ့ဝင်တစ်ဦး (သို့) အခြေခံရပိုင်ခွင့်များရှိပြီး ယင်းအသိုင်းအဝိုင်းအတွက် ဦးတည်သော တာဝန်၀တ္တရားများရှိရာ နိုင်ငံတစ်နိုင်ငံ၏အဖွဲ့ဝင်တစ်ဦးပင်ဖြစ် သည်။ ဤအခွင့်အရေးများနှင့် တာဝန်၀တ္တရားများကြောင့်ပင် နိုင်ငံသားများသည် ၎င်းတို့၏လူမှုအသိုင်းအ ဝိုင်းဘ၀တွင် ပါဝင်ဆောင်ရွက်ခွင့်ရှိလာခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအစိုးရ(လူမှုပဋိညာဉ်)1 တစ်ရပ် အလုပ်လုပ်နိုင်ရန် နိုင်ငံသားပါဝင်ဆောင်ရွက်ခြင်းကို လိုအပ်သည်၊ ထို့ကြောင့် နိုင်ငံသားပါဝင်ဆောင် ရွက်ခြင်းသည် အစိုးရစွမ်းဆောင်ရည်ကို ညွှန်ပြချက်အဖြစ် တိုင်းတာစရာတစ်ရပ်ဖြစ်သည်။

နိုင်ငံရေးသဘောတရားပညာရှင် တီ အိတ်ချ် မာရှယ်(၁၉၅၀)က အစိုးရစွမ်းဆောင်ရည်ကို အကဲဖြတ်ရန် နိုင်ငံ သားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေးနှင့် လူမှုရေးအခွင့်အရေးဟူသော ‘အခွင့်အရေးသုံးရပ်’ကို ခွဲခြားပြခဲ့ပါ သည်။

၁။ အစိုးရသည် နိုင်ငံသားများထံ နိုင်ငံသားအခွင့်အရေးကို မည်သို့ကောင်းမွန်စွာ ပေးထားသနည်း။

နိုင်ငံ သားအခွင့်အရေးဟူသည် ‘တစ်သီးပုဂ္ဂလလွတ်လပ်မှုအတွက် လိုအပ်သော အခွင့်အရေးများ’ဖြစ် သည်ဟု မာရှယ်က အဓိပ္ပာယ်ဖွင့်ဆိုသည်။ ယင်းအခွင့်အရေးများတွင် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ် လပ်စွာ စည်းဝေးခွင့်၊ လွတ်လပ်စွာလှုပ်ရှားခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ တရားဥပဒေရှေ့တန်းတူ ညီမျှခွင့်နှင့် ပစ္စည်းပိုင်ဆိုင်ခွင့်တို့ ပါဝင်သည်။

၂။ အစိုးရသည် နိုင်ငံသားများထံ နိုင်ငံရေးအခွင့်အရေးများကို မည်သို့ကောင်းမွန်စွာ ပေးအပ်ထားသ နည်း။

နိုင်ငံရေးအခွင့်အရေးများသည် တစ်သီးပုဂ္ဂလကို နိုင်ငံရေးလောကတွင် ပါဝင်ဆောင်ရွက်နိုင် ရန်အခွင့်အလမ်းကို ပေးအပ်သည်။ ထို့ကြောင့် အဓိကကျသော နိုင်ငံရေးအခွင့်အရေးများမှာ မဲပေး ပိုင်ခွင့်၊ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်နှင့် အစိုးရရာထူးထမ်းဆောင်ခွင့်တို့ဖြစ်သည်။ နိုင်ငံရေးအခွင့်အ ရေးများပြဋ္ဌာန်းချက်အရ အရွယ်ရောက်သူတိုင်းမဲဆန္ဒပေးပိုင်ခွင့်၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်း ခွင့်နှင့် စည်းဝေးခွင့်များ၊ နိုင်ငံရေးတန်းတူညီမျှရေးနှင့် ဒီမိုကရေစီနည်းကျအစိုးရတို့ ရှိရန်လိုအပ် သည်မှာ ထင်ရှားသည်။

၃။ အစိုးရသည် နိုင်ငံသားများထံ လူမှုရေးအခွင့်အရေးများကို မည်သို့ကောင်းမွန်စွာ ပေးအပ်ထားသ နည်း။

တစ်သီးပုဂ္ဂလကို ပြည့်၀လုံလောက်သောဘ၀အရည်အသွေးတစ်ရပ် ပိုင်ဆိုင်နိုင်စေရန်အာမခံ ပေးသောအခွင့်အရေးများဖြစ်သည်ဟု မာရှယ်က ဆိုသည်။ ဤအခွင့်အရေးများတွင် အခြေခံလစာ၊ အိမ်ရာထူထောင်ခြင်း၊ ကျန်းမာရေး၊ အစားအစာနှင့် သန့်ရှင်းသောရေသုံးစွဲခွင့်တို့ပါဝင်သည်။ ဤအ ခွင့်အရေးများသည် နိုင်ငံသားတစ်ဦး၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးနှစ်ရပ်စလုံးကို ကျင့်သုံးနိုင်မည့်အခြေခံကို ပေးအပ် ထားသည်။

နိုင်ငံသားဖြစ်မှုစွမ်းဆောင်ရည် တိုင်းတာစံနှုန်းကို ကျင့်သုံးရေးနှင့်ဆက်စပ်နေသောအကျပ်အတည်းတစ်ရပ် မှာ တစ်သီးပုဂ္ဂလ၏ဩဇာအာဏာတက်လာခြင်းကို လူမှုအသိုင်းအဝိုင်း၏ဩဇာအာဏာတက်လာခြင်းနှင့်နှိုင်း ယှဉ်ကာဟန်ချက်ညီအောင်ပြုလုပ်ရမည်ဖြစ်သည်။ ပုဂ္ဂလိကကိုယ်ပိုင်လွတ်လပ်မှုကို ဦးစားပေးရေးဟူသော အဓိပ္ပာယ်သည် အစိုးရအခွင့်အာဏာအပေါ် ကန့်သတ်ချက်ထားခြင်းဟုဆိုလိုသည်။ သို့ရာတွင် လူအများအုပ် ချုပ်ရေးသည် တစ်သီးပုဂ္ဂလကို အများပြည်သူ (သို့) လူများစု၏စိတ်ဆန္ဒနှင့်နှိုင်းယှဉ်လျှင် မရေးမပါဟုယူဆမိ စေနိုင်သည်။

တစ်သီးပုဂ္ဂလအခွင့်အရေးအမြင်

တစ်သီးပုဂ္ဂလအခွင့်အရေးဘက်ကထောက်ခံကြသူများက ယခုတင်ပြသော နိုင်ငံသား၊ နိုင်ငံရေးနှင့် လူမှု ရေးအခွင့်အရေးများသည် နိုင်ငံသားနှင့် နိုင်ငံတော်ကြား ချုပ်ဆိုသည့် လူမှုရေးပဋိညာဉ်၏အခြေခံအုတ် မြစ်ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံသားများတွင် ထိထိရောက်ရောက်ရရှိနေသည့် အခွင့်အရေးပမာဏကို အ ထက်ပါပဋိညာဉ်တစ်ရပ် မည်သို့ကောင်းမွန်စွာ အလုပ်လုပ်နေသည်ကို ညွှန်ပြချက်အဖြစ် အသုံးချနိုင်ပြီး အသုံးချသင့်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားများရရှိသည့် အခွင့်အရေးပမာဏကိုကြည့်၍ အစိုးရ၏စွမ်း ဆောင်ရည်ကို အကဲဖြတ်နိုင်ကြောင်း တစ်သီးပုဂ္ဂလအခွင့်အရေးထောက်ခံသူများကပြောကြသည်။

လူမှုအသိုင်းအဝိုင်းအတွက်တာဝန်၀တ္တရားအမြင်

လူမှုအသိုင်းအဝိုင်းအခွင့်အရေးဘက်ကထောက်ခံကြသူများကလည်း လူမှုအသိုင်းအဝိုင်းယူနစ်သည် အ စိုးရစွမ်းဆောင်ရည်အတွက် တစ်သီးပုဂ္ဂလအခွင့်အရေးများထက် ပိုအရေးကြီးသောညွှန်ကိန်းတစ်ရပ်ဖြစ် သည်ဟု ဆိုသည်။ တစ်သီးပုဂ္ဂလအခွင့်အရေးများကိုသာ အဓိကထားနေပါက လူ့အဖွဲ့အစည်းကို တစ် စည်းတစ်လုံးတည်းဖြစ်စေသည့် အုပ်စုလိုက်နှောင်ဖွဲ့ထားသောကြိုးများကို ပြေလျော့စေသည်ဟု ၎င်းတို့ က ထောက်ပြသည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် တစ်သီးပုဂ္ဂလအခွင့်အရေးညွှန်ကိန်းများနှင့်ဆက် စပ်ပြီး စွမ်းဆောင်မှုပိုင်း အားနည်းပုံရနိုင်သည့် လူ့အဖွဲ့အစည်းများသည် ပိုမိုခိုင်မာသော လူမှုအသိုင်းအ ဝိုင်းစိတ်ဓာတ်ကို ပျိုးထောင်ရာတွင် အောင်မြင်မှုရကောင်းရနိုင်သည်။

1 ဥရောပဉာဏ်အလင်းပွင့်ခေတ်(၁၇ရာစုအလယ်မှ၁၈ရာစုကုန်အထိ)ကဤပဋိညာဉ်အယူအဆပေါ်ပေါက်ခဲ့သည်။လူမှုပဋိညာဉ်ဟူသည်အုပ်ချုပ်သူများနှင့်အုပ်ချုပ်ခံပြည်သူ ကြားထားရှိသည့်စည်းမျဉ်းစည်းကမ်းများကိုအပြန်အလှန်ကတိစာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။အထူးသဖြင့်အုပ်ချုပ်ခံများက မိမိတို့လိုက်နာရန်သဘောတူသည့်အချက်များ ကိုခံဝန်ချက်ပေး ခြင်းဖြစ်သည်။