ခေါင်းစဉ်များ > Women in Politics > စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ပတ်သက်၍ သိသင့်သည့် အချက်များ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ပတ်သက်၍ သိသင့်သည့် အချက်များ
2025-08-20
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ၂၀၁၂ ခုနှစ်တွင်အစပြု ဆောင်ရွက်ခဲ့ကြပါသည်။ ဦးတည်ချက်မှာ ကျွနု်ပ်တို့ ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အရေးပေါ် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ပန်းတိုင်များ ချမှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံ များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို သဘောတူညီခဲ့ကြပြီးအဆိုပါ ပန်းတိုင်များအား ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၃၀ ထိ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ကမ္ဘာမြေကြီးအား ကာကွယ်ရာတွင် ၎င်း၏ ကြွယ်ဝမှုကို မြှင့်တင်လုပ်ဆောင်နိုင်ရေးအတွက် ဆင်းရဲ၊ ချမ်းသာ၊ အလယ်အလတ်နိုင်ငံများအားလုံးကို ခေါ်ယူကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် စုစည်းညီညွတ်မှု ရှိပါသည်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် စီးပွားရေးမြှင့်တင်ဆောင်ရွက်ရန်နှင့်ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အစရှိသည့် လူမှုရေးလိုအပ်ချက်များအား ဖြေရှင်းဆောင်ရွက်ပေးရန် မဟာဗျူဟာများအား မဖြစ်မနေလက်ဆင့်ကမ်း ဆောင်ရွက် ကြရမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
စဉ်ဆက်မပြတ်ဖွံံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွင် - ၁) ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ၂) ငတ်မွတ်ခေါင်းပါးမှု မရှိရေး ၃) ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ၄) အရည်အချင်းပြည့်ဝသော ပညာရေး ရရှိရေး ၅) ကျား၊ မတန်းတူ ညီမျှမှုရှိရေး ၆) သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး ၇) လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသောစွမ်းအင် ရရှိရေး ၈) သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးမှု ရရှိရေး ၉) စက်မှုလုပ်ငန်း၊ ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံမြှင့်တင်ရေး ၁၀) မညီမျှမှုများ လျော့နည်းသွားစေရေး ၁၁) ရေရှည်တည်တံ့သော မြို့ပြဒေသများနှင့် ကျေးလက်လူမှုအဖွဲ့အစည်းများ ထူထောင်ရေး ၁၂) တာဝန်သိသော စားသုံးမှုပုံစံ ဖြစ်ပေါ်စေရေး ၁၃) ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး ၁၄) ရေအောက်သက်ရှိလောကထိန်းသိမ်းစောင့်ရှောက်ရေး ၁၅) မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး ၁၆) ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတည်ဆောက်ရေး ၁၇) ရည်မှန်းချက်များအားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး စသည့် ပန်းတိုင်စုစုပေါင်း၁၇ ခု ရှိပါသည်။ ရည်မှန်းချက် ပန်းတိုင်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြောင်း ရှင်းလင်းစွာ တွေ့မြင်ရပါသည်- ဆင်းရဲနွမ်းပါးမှုပပျောက်လျှင် ငတ်မွတ်ခေါင်းပါးမှုမရှိနိုင်ပါ၊ ထို့ကြောင့် အကြောင်းအရာတစ်ခု၏ အကျိုးဆက်သည်အခြားအကြောင်းအရာတစ်ခုပေါ်တွင် သက်ရောက်မှုရှိနေပါသည် - ကျား၊ မ တန်းတူညီမျှမှုရှိလျှင် မညီမျှမှုများလျော့နည်းသွားမည်သာ ဖြစ်ပါသည်။
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် အင်တာနက်ဆိုဒ်တွင် - “အမျိုးသမီးများနှင့်အမျိုးသမီး ငယ်များအား ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များအားတန်းတူလက်လှမ်းမီ ရရှိစေရန်နှင့် နိုင်ငံရေး၊ စီးပွားရေးတွင် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များ၌ ကိုယ်စားပြုမှုများ ရှိစေရန်ပံ့ပိုးပေးခြင်းဖြင့် စဉ်ဆက်မပြတ်စီးပွားရေးတိုးတက်မှု၊ လူမှုအသိုက်အဝန်းအကျိုးကျေးဇူးရရှိစေမှုနှင့်လူသားချင်း စာနာထောက်ထားမှုများ မြင့်တက်လာမည်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ လုပ်ငန်းခွင်တွင်း အမျိုးသမီးများ၏ တန်းတူညီမျှမှုဆိုင်ရာ ဥပဒေ မူဘောင်သစ်အား အကောင်အထည်ဖော်ခြင်းနှင့် အမျိုးသမီးများအား ပစ်မှတ်ထားသည့် ထိခိုက်နစ်နာစေသော အလေ့အထ များ ပပျောက်စေခြင်းတို့သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံအများအပြားတွင်ကြုံတွေ့နေရသည့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု များအား အဆုံးသတ်စေရေးအတွက် အဓိကကျပါသည်။
သုံးသပ်မှုပြုလုပ်ရန် - ထိခိုက်နစ်နာစေသော အလေ့အထများ
ထိခိုက်နစ်နာစေသော အလေ့အထများဆိုသည်မှာအဘယ်နည်း? ကုလသမဂ္ဂသည် ကျား၊ မ တန်းတူ ညီမျှရေးနှင့်အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ အခွင့်အရေး စသည်တို့ ဖြည့်ဆည်းဆောင်ရွက် ရာတွင် အဟန့်အတားဖြစ်နေသည့် ရိုးရာဓလေ့ထုံးတမ်းများကို စာရင်းပြုစုထားပါသည်။ ၎င်းတွင် ကလေးသူငယ်ထိမ်းမြားမှု၊ အတင်းအကြပ်လက်ထပ်စေမှု၊ တင်တောင်းမှုနှင့် သက်ဆိုင်သည့် အကြမ်းဖက်မှု သို့မဟုတ် ထိပါးနှောင့်ယှက်မှု၊ အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်မှု၊ ဂုဏ်သိက္ခာကြောင့် ဖြစ်ပွားရသည်ဟု ခေါ်ဆိုသည့် ပြစ်မှုများ၊ မီးဖြင့် ရှို့မှု၊ အက်ဆစ်ဖြင့် တိုက်ခိုက်မှု၊မုဒိမ်းမှုကျူးလွန်ခံရသည့် သားကောင်အား ကျူးလွန်သူနှင့် အတင်းအကြပ်လက်ထပ်စေမှု၊ လျော်ကြေးပြန်ပေးရမှုသို့မဟုတ် လက်တုံ့ပြန်သည့် မုဒိမ်းကျင့်မှု၊ အမွေဆက်ခံမှုမှ ရပ်တန့်မှု၊ မုဆိုးမများအား လွဲမှားစွာ ပြုမူဆက်ဆံမှု အစရှိသည့် အလေ့အထများ ပါဝင်ပါသည်။
ကုလသမဂ္ဂတွင် ၎င်းနှင့် ပတ်သက်၍ သတင်းအချက်အလက်ပိုမိုပြည့်စုံသည့် အသုံးဝင်သော စာတမ်း တစ်ခု ရှိပါသည်- အမျိုးသမီးများအား “ထိခိုက်နစ်နာစေသည့် အလေ့အထများ” ဆိုင်ရာ ဥပဒေပြုမှုနှင့် သက်ဆိုင်သည့် ကောင်းသောအလေ့အထများ။
အဆိုပါထိခိုက်နစ်နာစေသည့် အလေ့အထများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေပါသလား? အကယ်၍ ဖြစ်ပွားနေပါကအဆိုပါအလေ့အထများ ကျင့်သုံးနေသည့်သူများ ရပ်တန့်စေရန်အတွက် မည်သည်တို့ လုပ်ဆောင်နိုင်မည်လဲ?
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များနှင့် ပတ်သက်၍ ကုလသမဂ္ဂအင်တာနက်စာမျက်နှာ (UN page) “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ - ဗဟုသုတလမ်းကြောင်း” တွင် ရှာဖွေလေ့လာ နိုင်ပါသည်။