ခေါင်းစဉ်များ > Women in Politics > ဒီမိုကရေစီ၏ စံတန်ဖိုး၊ အခြေခံမူများနှင့် ပတ်သက်၍ သိသင့်သည့်အချက်များ
ဒီမိုကရေစီ၏ စံတန်ဖိုး၊ အခြေခံမူများနှင့် ပတ်သက်၍ သိသင့်သည့်အချက်များ
2025-08-20
ကမ္ဘာတစ်ဝှမ်းလုံးရှိ မည်သည့်နိုင်ငံတွင်မဆို ဒီမိုကရေစီ စံနှုန်း ရာနှုန်းပြည့် ရှိနိုင်မည်မဟုတ်ပါ။ အမှားမကင်းသည့်လူသား များဖြင့် တည်ဆောက်ထားသည့် ကျွန်ုပ်တို့ ၏ နိုင်ငံရေး စနစ်များသည် မှန်ကန်တိကျမှုအပြည့်အဝဖြင့်တည်ဆောက်ထားခြင်း မဟုတ်သည့်အတွက် ဒီမိုကရေစီ၏ ပန်းတိုင်အားလုံး ရောက်ရှိနိုင်ရေးမှာ ဖြစ်နိုင်မည် မဟုတ်ပါ။အကယ်၍ ဒီမိုကရေစီသည် ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းဆိုပါက အဖွဲ့အစည်းအတွက် ရွေးကောက်ခံရသူများနှင့် ၎င်းတို့အား ရွေးကောက်တင်မြှောက်သူများ ဖြစ်သည့် နိုင်ငံသားတိုင်းသည် ဒီမိုကရေစီ၏ အခြေခံမူများအားသိရှိပြီး ၎င်းတို့ကိုတန်ဖိုးထားကြရန် အရေးကြီးပါသည်။ အောက်ပါအချက်များ သည် အရေးကြီးသည့် အချက်များ ဖြစ်ပါသည် -
တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေး
လူသားတိုင်းသည် တန်းတူညီမျှ တန်ဖိုးထားခံပိုင်ခွင့်ရှိသည်၊ တန်းတူအခွင့်အလမ်း ရှိသည်၊ ၎င်းတို့၏ လူမျိုး၊ ဘာသာ၊တိုင်းရင်းသားဖြစ်မှု၊ ဘာသာစကား၊ ကျား၊ မ ရေးရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုပေါ် မူတည်၍ ခွဲခြားမှု မရှိစေရပါ။ နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးအား အကာအကွယ်ပေးရပါမည်။ ဥပမာ -
- လူသားတိုင်းသည် မိမိ၏ နိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာပိုင်ခွင့်၊ နေထိုင်ခွင့်ရှိပြီး မိမိနိုင်ငံမှ ထွက်ခွာခွင့်နှင့် မိမိနိုင်ငံသို့ ပြန်လာပိုင်ခွင့်ရှိသည်။
- လူသားတိုင်းသည် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ သိခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။
- လူသားတိုင်းသည် လွတ်လပ်စွာ သဘောထားပိုင်ခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ရှိသည်။
- လူသားတိုင်းသည် လွတ်လပ်စွာ စုစည်းခွင့်ရှိပြီး ငြိမ်းချမ်းစွာ စုဝေးပါဝင်ခွင့်ရှိသည်။
စီးပွားရေးဆိုင်ရာ လွတ်လပ်မှု
အစိုးရသည် ပိုင်ဆိုင်မှုနှင့်စီးပွားရေးလုပ်ငန်းအချို့အား ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ပြုသည်။ ပြည်သူများအား ၎င်းတို့၏ကိုယ်ပိုင်အလုပ် ကို ရွေးချယ်ခွင့်ပြုပြီး အလုပ်သမား သမဂ္ဂများတွင် ပါဝင်ခွင့်ပြုသည်။ ယေဘုယျအားဖြင့် ဒီမိုကရေစီစနစ်တွင် လွတ်လပ်သည့် ဈေးကွက် ရှိသင့်ကြောင်း လက်ခံပြီး အစိုးရအနေဖြင့် စီးပွားရေးကို ထိန်းချုပ်မှု မပြုလုပ်သင့်ပါ။
အခွင့်အရေးဆိုင်ရာ ဥပဒေ
နိုင်ငံသားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ အဆိုပါဖော်ပြချက်တွင်အစိုးရ၏ အခွင့်အာဏာ ကို ကန့်သတ်ထားပြီး လွတ်လပ်မှုသည် ပြည်သူတိုင်းအတွက် ဖြစ်ကြောင်းနှင့် အစိုးရ၏ ပြည်သူများအပေါ် အခွင့်အာဏာအလွဲသုံးမှုမှ အကာအကွယ်ပေးထားကြောင်း ရှင်းလင်းထားခြင်းလည်းဖြစ်သည်။
တရားဥပဒေစိုးမိုးမှု
တရားဥပဒေ ရှေ့မှောက်တွင် လူသားတိုင်း တန်းတူညီမျှမှုရှိပြီး ဥပဒေ၏ အကာအကွယ်ပေးမှုကို ခွဲခြားမှု မရှိပဲ ရရှိစေရမည်။ တရားဥပဒေအထက်တွင် မည်သူမျှ မရှိစေရ - ၎င်းတွင် ရွေးချယ်တင်မြှောက်ခံရသူများ၊ ရဲနှင့် တပ်မတော်အဖွဲ့ဝင်များ ပါဝင် သည်။ ဥပဒေသည် တန်းတူညီမျှစွာ၊ မျှတစွာ၊ ညီညွတ်စွာ စိုးမိုးမှုရှိရမည်။
အာဏာအလွဲသုံးမှုကို ထိန်းချုပ်ခြင်း
အစိုးရဝန်ထမ်းများသည် ပြည်သူပိုင် ရန်ပုံငွေကို ၎င်းတို့ ကိုယ်ကျိုးအတွက် သုံးစွဲလာသည့်အခါ သို့မဟုတ် ၎င်းတို့၏အာဏာ ကို တရားမဝင်သည့် နည်းလမ်းဖြင့် အသုံးပြုလာသည့်အခါတွင် လာဘ်စားမှုဖြစ်ပေါ်လာသည်။ အဆိုပါ အာဏာအလွဲသုံးမှုကို ကာကွယ်ရန်အတွက် ဒီမိုကရေစီအစိုးရများသည် အစိုးရရုံးများ၏ အခွင့်အာဏာဆိုင်ရာ တည်ဆောက်ပုံများကို ကန့်သတ် ထားလေ့ရှိပါသည်။
လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများ
ရွေးကောက်ခံရသူများသည် ပြည်သူမှ လွတ်လပ်စွာ မျှတစွာ ရွေးချယ်ခံရသူများဖြစ်ပါသည်။ ရွေးကောက်ပွဲများအားသတ်မှတ် နှစ်ကာလအတွင်း ပုံမှန် ကျင်းပကြပါသည်။ အရွယ်ရောက်ပြီးသူ အများစုမှာ မဲပေးပိုင်ခွင့်ရှိပြီး လူမျိုး၊ ကျား၊မ၊ တိုင်းရင်းသား ဖြစ်မှုနှင့် စီးပွားရေးအခြေအနေပေါ် မူတည်ခြင်းမရှိပဲ မဲပေးနိုင်ကြပါသည်။ ရွေးကောက်ပွဲ မတိုင်မီနှင့်ရွေးကောက်ပွဲ ကာလ အတွင်း ဖိအားပေးမှု၊ လာဘ်စားမှု သို့မဟုတ် ခြိမ်းခြောက်မှုများ မရှိစေရပဲ မဲပေးရန်အတွက်အဟန့်အတားများမရှိစေရပါ။
ပါတီစုံစနစ်များ
ရွေးကောက်ပွဲတွင် တစ်ပါတီထက်ပိုသော ပါတီများ ပါဝင်ခဲ့ကြပြီး အစိုးရ၏ အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါ သည်။ ပါတီစုံစနစ်တွင် အစိုးရအား ကိစ္စရပ်များအပေါ် မတူညီသည့် အမြင်ရှုထောင့်များပေးပြီး မဲပေးသူများအားရွေးကောက်ခံ ကိုယ်စားလှယ်များ၊ ပါတီများနှင့် မူဝါဒများကို ရွေးချယ်ခွင့်ပေးထားပါသည်။ တစ်ပါတီတည်းသာရှိသည့်နိုင်ငံများသည် အများ အားဖြင့် အာဏာရှင်စနစ်များ/သက်ဦးဆံပိုင် စနစ်များ ဖြစ်ကြပါသည်။
နိုင်ငံသားများ ပါဝင်မှု
အစိုးရတွင် နိုင်ငံသားများ ပါဝင်မှုမှာ အခွင့်အရေးတစ်ရပ်ထက်ပိုပါသည် - ၎င်းသည် တာဝန်ဝတ္တရားတစ်ရပ်ဖြစ်သည်။ပါဝင်မှု သည် ရွေးကောက်ခံခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးခြင်း၊ သတင်းပေးခံ ပြည်သူများဖြစ်လာခြင်း၊ ကိစ္စရပ်များအပေါ် ငြင်းခုံမှု ရှိခြင်း၊ ရပ်ရွာလူထုအစည်းအဝေးများတွင် တက်ရောက်ခြင်း၊ အခွန်ပေးဆောင်ခြင်း၊ တရားစီရင်ရေးအဖွဲ့တွင် တာဝန် ထမ်းဆောင်ခြင်းနှင့် ကန့်ကွက်ခြင်းများ ပါဝင်ပါသည်။ နိုင်ငံသားများ၏ ပါဝင်မှုသည် အားကောင်းသော ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်ပါသည်။
တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု
ရွေးကောက်ခံနှင့် ခန့်အပ် အမှုထမ်းများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် တာဝန်ရှိကြပြီး ပြည်သူလူထုကိုတာဝန် ခံကြရပါသည်။ ၎င်းတို့သည် ဆုံးဖြတ်ချက်များချမှတ်ရပြီး ၎င်းတို့ကိုယ်တိုင်အတွက်မဟုတ်ပဲ ၎င်းတို့ ကိုယ်စားပြုသူများ၏ ဆန္ဒ အတိုင်း တာဝန်များကို ထမ်းဆောင်ကြရပါသည်။ အစိုးရ၏ တာဝန်ခံမှုရှိစေရန်အတွက် ပြည်သူလူထုက အစိုးရအနေဖြင့် မည်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည်ကို သိရှိကြရမည်ဖြစ်ပါသည်။ ပွင့်လင်းမြင်သာမှုရှိသော အစိုးရသည် လူထုအစည်းအဝေးများ ကျင်းပပြီး ပြည်သူလူထုတက်ရောက်ရန် အခွင့်ပေးပါသည်။ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအား ရှင်းလင်းပွဲများပြုလုပ်ပြီး ပြည်သူလူထုထံသို့ အမြဲသတင်းပေးပါသည်။
လွတ်လပ်သော တရားစီရင်ရေး
တရားရုံးများနှင့်တရားစီရင်ရေးစနစ်သည်မျှတမှုရှိသည်။ တရားသူကြီးများနှင့်တရားစီရင်ရေးဌာနများသည် အစိုးရ၏လွှမ်းမိုးမှု သို့မဟုတ် ချုပ်ကိုင်မှု မရှိပဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့သည် အခြားသော လူပုဂ္ဂိုလ်များ၊စီးပွားရေး လုပ်ငန်း များနှင့် နိုင်ငံရေးအုပ်စုများ၏ နှောင့်ယှက်မှု သို့မဟုတ် လွှမ်းမိုးမှုလည်းမရှိရပါ။
နိုင်ငံရေးအရ သည်းခံမှု
လူမှုအဖွဲ့အစည်းသည် မတူညီသည့် ဘာသာရေး၊ မတူညီသည့် ကိုယ်စားပြုလူမျိုးများ၊ မတူညီသည့် ကျား၊ မ ရေးရာခံယူမှုများ သို့မဟုတ် မတူညီသည့် လိင်စိတ်တိမ်းညွတ်မှုများအစရှိသည့် မတူညီသော ယဉ်ကျေးမှု နောက်ခံရှိသည့် လူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆိုပါ မတူကွဲပြားသည့် လူမှုစီးပွားရေးနှင့် တိုင်းရင်းသား အုပ်စုများမှ ပြည်သူများအားလုံးသည် တူညီသည့်နိုင်ငံရေးအမြင်များကို တန်ဖိုးထားဆုပ်ကိုင်ထားကြခြင်းဖြစ်သည်။ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းသည် နိုင်ငံရေးအရ သည်းခံမှုရှိရမည်ဖြစ်ပြီး လူနည်းစုများနှင့် အခြားအုပ်စုများ၏ အခွင့်အရေးများကိုအကာအကွယ်ပေးရမည် ဖြစ်သည်။ အဆိုပါ အခွင့်အာဏာလက်ဝယ်မရှိသည့်သူများအားစုစည်းခွင့်ပေးပြီး ၎င်းတို့၏သဘောထားအမြင်များကိုမျှဝေခွင့်ပေးရမည် ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်များကိုလက်ခံခြင်း
လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများတွင် အနိုင်၊ အရှုံးရှိမည်သာဖြစ်သည်။ ဒီမိုကရေစီစနစ်သည် အာဏာကိုတစ်ပါတီမှ အခြားပါတီသို့ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးရမည် ဆိုသည့်အချက်ပေါ်တွင် အခြေခံထားခြင်းဖြစ်သဖြင့် ရှုံးနိမ့်သူများ နှင့် ၎င်းတို့အား ပံ့ပိုးသူများသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည်ကို လက်ခံကြရမည်ဖြစ်သည်။
လွတ်လပ်စွာ ရှင်းလင်းပြောကြားခွင့်
မဲပေးသူများ လွတ်လပ်စွာ တွေးတော ဆုံးဖြတ်နိုင်စေရန်အတွက် မီဒီယာ အများအပြားရှိရန်နှင့် လွတ်လပ်မှုရှိရန်အရေးကြီးပြီး ၎င်းတို့အား အစိုးရက ထိန်းချုပ်မှုမရှိစေရပါ။
“ကျား၊ မ တန်းတူညီမျှမှုရှိသော နိုင်ငံများသည် ပိုမိုကောင်းမွန်သည့် စီးပွားရေးတိုးတက်မှုရှိပါသည်။ အမျိုးသမီးခေါင်းဆောင် များရှိသည့် ကုမ္ပဏီများသည် ပိုမို၍ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြပါသည်။ အမျိုးသမီးများ ပါဝင်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်များသည် ပိုမို တည်တံ့ပါသည်။ အမျိုးသမီးများ ပိုမိုပါဝင်သည့် လွှတ်တော်များတွင် အဓိက လူမှုရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့်ကလေးသူငယ်ပံ့ပိုးမှု အစရှိသည် ဥပဒေပြုမှု များကို ပိုမိုဆောင်ရွက်နိုင်ကြပါသည်။ သာဓကမှာ ရှင်းလင်းပါသည် - အမျိုးသမီးများအတွက် တန်းတူညီမျှမှုသည် အားလုံးအတွက် တိုးတက်မှုဖြစ်သည်”။
ဘန်ကီမွန်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ၂၀၀၇-၂၀၁၇