ကျွန်ုပ်တို့ ကမ္ဘာကြီး၏ နိုင်ငံအတော်များများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပြဿနာအချို့ရှိကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှိနေပါသည်။
သုံးသပ်မှုပြုလုပ်ရန် - မြန်မာနိုင်ငံမှ တရုတ်ကို ပြန်ပေးရမည့် ပြဿနာ
ဗြိတိန်သတင်းစာဖြစ်သည့် ဂါးဒီးယန်းတွင် ၂၀၁၉ ခုနှစ်၊ မတ်လ၌ အဆိုပါ ဆောင်းပါးဖော်ပြခဲ့ပါသည် (၎င်းသည်ခက်ခဲ သည့် အိမ်နီးချင်းက မည်သို့သော ပြဿနာများ ကြုံတွေ့နိုင်သည်ဆိုသည်ကို ဖော်ပြသည့် တစ်ခုတည်းသောဥပမာဖြစ် ပါသည်)။
မြန်မာနိုင်ငံ၏ ကချင်တိုင်းရင်းသားလူနည်းစုထဲမှ အမျိုးသမီးများအား တဖက်နိုင်ငံသို့ ဖြတ်ကျော်ကာ တရုတ်များ၏ဇနီးမယားများအဖြစ်ရောင်းချပြီး ကိုယ်ဝန်ရရှိသည်အထိ မုဒိမ်းကျင့်ခံကြရသည့် ကုန်သွယ်မှုလုပ်ငန်းတိုးမြင့်လာသည်ကို တိုင်ကြားမှုများအား မြန်မာနှင့် တရုတ်အာဏာပိုင်များသည် မျက်ကွယ်ပြုနေခဲ့ကြပါသည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့၏ “ငါတို့ကို ကလေးတစ်ယေက်ပေး၊ မင်းတို့ကို ပြန်လွှတ်မယ်” ဟု အမည်ရသည့် စုံစမ်းလေ့လာမှုအရ အချို့သောအမျိုးသမီးများသည် ကလေးများ မွေးဖွားပြီးနောက် မိမိအိမ်သို့ ပြန်ခွင့် ရခဲ့ကြသော်လည်း ၎င်းတို့၏ ကလေးများ ကို ထားခဲ့ရန် ဖိအားပေးခံကြကြောင်းတွေ့ရှိရပါသည်။
ဘေးအန္တရာယ်မှ ပြန်လည်လွတ်မြောက်ခဲ့သူ တစ်ဦးက “ကျွန်မ ကလေးမွေးပြီး တစ်နှစ်အကြာမှာ တရုတ်အမျိုးသားကဘာလုပ်ရမယ်ဆိုတာ ရွေးချယ်ခိုင်းခဲ့ပါတယ်၊ ကျွန်မအိမ်ကို ပြန်ခွင့်ရခဲ့ပေမယ့် ကလေးကိုတော့ ခေါ်လာခွင့်မရခဲ့ပါဘူး” ဟုပြောကြားခဲ့ပါသည်။
ထိုကိစ္စတွေရဲ့ အခြေခံအကြောင်းရင်းကဘာတွေလဲ? ဒီလိုကိစ္စမျိုးထပ်မဖြစ်ပွားအောင် ဘာတွေလုပ်သင့်သလဲ? ဘာတွေ လုပ်နိုင်သလဲ?
မြန်မာနိုင်ငံအား အခြားသော အိမ်နီးချင်းနိုင်ငံများက အဘယ်ကြောင့် စိတ်ဝင်စားသလဲဟုူသည့် အကြောင်းပြချက်များထဲမှ တစ်ခုမှာ နိုင်ငံ၏သယံဇာတပေါကြွယ်ဝမှုကြောင့်ဖြစ်ပါသည်။ ဖော်ပြခဲ့ပြီးသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင်များ (အပိုင်း ၂၊ အခန်း ၅ တွင်ကြည့်ပါ) တွင် သဘာဝ သယံဇာတများကို စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်ရန် ပါဝင်ပါသည်၊ အထူးသဖြင့် ရည်မှန်းချက်ပန်းတိုင် ၁၄ နှင့် ၁၅ ကို ကြည့်ပါ။ အဆိုပါသယံဇာတများပေါကြွယ်ဝခြင်းက စစ်ပွဲများဖြစ်ပွားရခြင်းနှင့် ဆက်စပ်မှု ရှိနေပါသည်။ သဘာဝ သယံဇာတများအားမည်သူ ပိုင်ဆိုင်ပါသနည်း? ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှုအတွက် ပတ်ဝန်းကျင်ကို မှီခိုနေရသည့် ဒေသခံပြည်သူများက ပိုင်ဆိုင်ပါသလား သို့မဟုတ် ရင်းမြစ်များအား ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ပြီး ပိုမိုကျယ်ပြန့်သည့် လူစုများ၏ ဝင်ငွေနှင့် အကျိုးကျေးဇူးကို ဖန်တီးပေးနိုင်သည့် နိုင်ငံတစ်ခုလုံးက ပိုင်ဆိုင်ပါသလား? သို့မဟုတ်ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထိရောက်စွာထုတ်လုပ်ပေး နိုင်သည့် ကုမ္ပဏီကြီးများက ပိုင်ဆိုင်ပါသလား ?
သုံးသပ်မှုပြုလုပ်ရန် - သဘာဝသယံဇာတများအား ပိုင်ဆိုင်မှု
သင်နေထိုင်သည့် နေရာတွင် အမျိုးမျိုးသောသူများက စိတ်ဝင်စားသည့် သဘာဝသယံဇာတများရှိနေပါသလား? သင်နေထိုင်သည့် နယ်ပယ်အတွင်းမှ ပြည်သူများအား သဘာဝသယံဇာတများ၏ အကျိုးကျေးဇူးကို စဉ်ဆက်မပြတ် ရရှိခံစားနိုင်ဖို့ သင်ကူညီနိုင်သည်ဟု ထင်မြင်ပါသလား?